ထိပ်တန်းကျောက်မျက်ကုမ္ပဏီတခု ဖြစ်သော မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကိုပါ ချိပ်ပိတ်လိုက်ခြင်းက ကျောက်မျက်လောက တခုလုံးကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းအသိုင်းအဝိုင်းအတွင်း ပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။
စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူများအား ကျောက်မျက်လုပ်ငန်းရှင်များ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထောက်ပံ့ကူညီမှုများ မလုပ်ရဲအောင် ခြိမ်းခြောက်သည့် အနေဖြင့် လုပ်ဆောင်ခြင်းမျိုး ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တဦးက “လက်ရှိ လုပ်ငန်းရှင်တော်တော်များက ဟိုဘက်ဒီဘက် ကြောက်နေရပြီး လုံခြုံ မှု မရှိတော့တဲ့ အနေအထား။ ဒီလိုအချိန်မှာ တော်လှန်ရေးဘက်ကဖြစ်စေ၊ စကစ (စစ်ကောင်စီ) ဘက်ကဖြစ်စေ အလှူခံ တာမျိုး ရှိလာရင် ထည့်ပေးရတာမျိုးတွေ ရှိတယ်။ မသိတာနဲ့ သိတာပဲ ကွာတာ။ ဒီလိုမျိုးရှိတိုင်း အခုလို လုပ်နေကြမယ်ဆို ရင်တော့ နိုင်ငံ့စီးပွားရေးက ဒီထက်ဆိုးရွာလာမှာပဲ။ အခု ဖြစ်ရပ်က ကျောက်မျက်လောက တခုလုံးကို ခြိမ်းခြောက်လိုက် တာပဲလို့ သုံးသပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးကျော်သူရသည် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သလို ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီများအနက် မြန်မာနိုင်ငံသား ဗမာလူမျိုး ပိုင်ဆိုင်သည့် တခုတည်းသော ထိပ်တန်းကျောက်စိမ်းကုမ္ပဏီ ကြီးလည်း ဖြစ်သည်။
မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင် တဦးကလည်း “ဦးကျော်သူရ အဖမ်းခံရပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်လိုက်တာရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကတော့ ကျောက်မျက်လုပ်ငန်းရှင်တွေကြားမှာ လှုပ်ခတ်သွားတယ်။ လူကိုဖမ်း၊ ပိုင်ဆိုင်မှု တွေကိုပါ ချိပ်ပိတ်တော့ တော်တော်များများ မျက်ခုံးလှုပ်နေကြတာပေါ့။ အခုဖြစ်ရပ်ရဲ့ အဆိုးဆုံးက ကျောက်မျက်လုပ်ငန်း အချောထည် ဖွံ့ဖြိုးတိုးတက်အောင် အဓိက လုပ်ဆောင်နေတဲ့သူဆိုတော့ ကျောက်မျက်လောကကြီးတခုလုံးအပေါ် ရိုက် ခတ်မှု ရှိတယ်” ဟု ပြောသည်။
သြဂုတ် ၁၇ ရက်တွင် စစ်ကောင်စီက ဦးကျော်သူရကို CRPH၊ NUG၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများရှိ PDF အဖွဲ့များ၊ CDM ဝန်ထမ်းများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ မန္တလေးမြို့၊ ချမ်း အေးသာစံမြို့နယ်ရှိ နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဦးကျော်သူရ ပိုင်ဆိုင်သော ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီ အပါအဝင် မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဖားကန့်ဒေသများရှိ ၎င်း၏ နေအိမ်၊ လုပ်ငန်း၊ အလုပ်ရုံ စသည်တို့ကို ၃ ရက်အတွင်း ချိပ်ပိတ်သိမ်းဆည်ခဲ့ကြောင်း စစ်ကောင်စီ၏ မီဒီယာများတွင် ဖော်ပြထားသည်။
ချိပ်ပိတ်ခံရသည့် ပိုင်ဆိုင်မှုများတွင် မြေ၊ နေအိမ်၊ အဆောက်အဦ၊ စက်ယန္တရာများအပြင် ကျောက်စိမ်း ဖြတ်သား၊ အရိုင်း တုံး ၁၉၃ တန်ထိ ပါဝင်ကာ စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၁၈,၄၄၉ သိန်း ( ၁၂ ဘီလီယံခန့်) ထိ ရှိကြောင်း သိရ သည်။
၎င်းနှင့် နီးစပ်သည့် ကျောက်မျက်လုပ်ငန်းရှင်တဦးကလည်း ဦးကျော်သူရသည် နိုင်ငံသမားမဟုတ် စီးပွားရေးသမား စစ်စစ် သာ ဖြစ်ကြောင်း၊ ယခုလို ဖြစ်သွားသည့်အပေါ် ၎င်းနှင့် ပေါင်းသင်းဆက်ဆံဖူးသူတိုင်း မယုံကြည်နိုင် ဖြစ်ရကြောင်း၊ ချောက် ချခံရခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“ဗမာတွေထဲက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အနည်းစုထဲမှာ တယောက် အပါအဝင်ပေါ့။ သူ့ခံယူချက်က ရှင်းတယ်။ ဘယ်အစိုးရတက်တက် ကျောက်မျက်လောက ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ ဝါယမစိုက်နေတဲ့သူ။ နိုင်ငံရေးနဲ့ ပတ်သက် တဲ့စကား ပြောတာမျိုး တခါမှမကြားဖူးဘူး။ ကိုကျော်သူရက အောက်ခြေကနေ လာတဲ့သူဆိုတော့ အားလုံးအပေါ်မှာ ကိုယ် ချင်းစာစိတ်နဲ့ပဲ ဆက်ဆံတတ်တဲ့လူမျိုး။ လူတိုင်းကို အကောင်းမြင်စိတ်နဲ့ပဲ ပြောဆိုဆက်ဆံတယ်။ အခုလို ဖြစ်သွားတော့ သူနဲ့ ပေါင်းသင်းဆက်ဆံဖူးတဲ့သူတိုင်းက ယုံကိုမယုံနိုင်တာ” ဟု ၎င်းက ဆိုသည်။
သတင်းပေးတိုင်ကြားမှုများအရ PDF အဖွဲ့များကို ထောက်ပံ့သူဟု စွပ်စွဲဖမ်းဆီးခံရသည့် မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သော ယင်းကုမ္ပဏီဝန်ထမ်း ကားမောင်းသူ ဦးမွန်သူအောင်၏ ထွက်ဆိုချက်များအရ ဦးကျော်သူရအား ဖမ်းဆီးစစ် ဆေးပြီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ခြံဝန်းအတွင်းရှိ နေ အိမ် အိပ်ခန်းအတွင်မှ ပစ္စတို ၁ လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ဖားကန့်မှ ဦးကျော်သူရနှင့် နီးစပ်သူတဦးက “လက်နက်မိတယ်ဆိုတာ တကယ်တမ်း ဖားကန့်လိုနေရာမျိုးမှာ ပိုက်စိပ်တိုက် လိုက်ရှာမယ်ဆိုရင် အများကြီးပဲ ရှိမှာရယ်။ အခု မိတယ်ဆိုတဲ့ လက်နက်ဆိုတာကလည်း သူ့ဝန်ထမ်း ၁ ယောက်ရဲ့ အခန်း အံဆွဲထဲကနေ မိတာ။ သူတယောက်ထဲ သီးသန့်နေတဲ့ အိပ်ခန်း၊ နေအိမ် ပရိဝုဏ်ထဲကနေ တွေ့တာမဟုတ်ဘူး။ အဲဒီလို အခြေအနေကို ဝန်ထမ်းကောင်လေးက သူ့ပစ္စည်းပါဆိုတာ ဝန်ခံထားတယ်။ တခု ပြောချင်တာက ကိုကျော်သူရလိုလူမျိုးက လက်နက်ဆောင်ထားစရာကို မလိုတဲ့လူမျိုး။ လူချစ်လူခင်များတဲ့သူ ဖြစ်သလို ခြံနဲ့ဝန်းနဲ့၊ လုံခြုံရေးတွေနဲ့ နေတဲ့သူက လက် နက်ကိုင်ထားစရာ အကြောင်းမရှိဘူးလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
အသက် ၄၆ နှစ်အရွယ် ဦးကျော်သူရသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကုန်းရွာဇာတိဖြစ်ကာ ကုန်သည်မျိုးရိုး ဖြစ်ပြီး ယခုလို အောင်မြင်သည့် ကျောက်မျက်လုပ်ငန်းရှင်တဦး ဖြစ်လာရန် သမ္မာအာဇီဝကျကျ ဖြတ်သန်းလာသူ ဖြစ်ကြောင်း၊ အိမ်ထောင်ကွဲထားသူ ဖြစ်သော်လည်း ၎င်းအနေဖြင့် နောက်အိမ်ထောင်မပြုဘဲ သမီး ၃ ယောက်နှင့်အတူ နေထိုင်လျက် ရှိကြောင်း ၎င်းနှင့် နီးစပ်သူများက ဆိုသည်။
ဦးကျော်သူရ၏ မြန်မာသူရကျောက်မျက်ကုမ္ပဏီသည် ကျောက်စိမ်းကျောက်မျက် အချောထည်လုပ်ငန်းကို အဓိက ဦးစား ပေး လုပ်ကိုင်နေသော ကုမ္ပဏီတခုဖြစ်ပြီး မြန်မာ့ကျောက်စိမ်းများကို အရိုင်းအတိုင်း ပြည်ပသို့ ရောင်းချခြင်း မပြုဘဲ ပြည် တွင်း၌ပင် အချောထည်အဖြစ် ထုတ်လုပ်ကာ ရောင်းချနိုင်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီဖြစ်ကြောင်းလည်း သိရသည်။
မန္တလေးမြို့ခံ ကျောက်သမားတဦးက “ပြည်တွင်းက ကျောက်စိမ်းပန်းပုဆရာတွေကို တရုတ်ပြည်ကို သူ့စရိတ်နဲ့ အားလုံး အကုန်ခံခေါ်သွားပြီး လေ့လာသင်ယူနိုင်အောင် လုပ်ဆောင်ပေးနေတာ။ ပြီးရင် တရုတ်က ကျောက်စိမ်းပန်းပုဆရာတွေနဲ့ ချိတ်ဆက်ပြီး လူငယ်သင်တန်းသားတွေ လွှတ်ပေးနေတာမျိုး ဦးစားပေး လုပ်နေတယ်။ အဲဒါတွေ အားလုံးကို သူ့စရိတ်နဲ့ပဲ အကုန်အကျခံ လုပ်ပေးခဲ့တာ။ ပြောရရင် ကျောက်စိမ်းအချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့လုပ်တာ ဦးကျော်သူရက ပထမဦးဆုံး လုပ်ငန်းရှင်ပဲ” ဟု ပြောသည်။
ဦးကျော်သူရသည် ကျောက်စိမ်းလောကအတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့် ရှိပြီဖြစ်ကာ ၎င်း၏ လက် အောက်တွင် အလုပ်သမား ဝန်ထမ်းပေါင်း ၅၀၀၀ ကျော် ရှိကြောင်း၊ ကိုယ်တိုင် ကြီးပွားတိုးတက်လိုစိတ် ရှိသလို နိုင်ငံတွင်း လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် ကျောက်မျက်လောက ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်နေသူလည်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ဆိုသည်။
You may also like these stories:
တိုက်ပွဲများကြားမှ ကျောက်စိမ်းအမြတ်အစွန်းကို စစ်ကောင်စီထိန်းချုပ်ထား
တရုတ် ဝယ်လိုအားကြောင့် မြန်မာ့ ကျောက်စိမ်း ပိုသွေးစွန်းလာ
ကျောက်စိမ်း ဝယ်ရောင်းများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေ