တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် ဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်နာယကအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက လက်ခံလိုက်ကြောင်း PPST ထံမှ သိရသည်။
ယခု သြဂုတ်လဆန်းပိုင်းတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် အဆိုပါ ဦးဆောင်နာယက ရာထူးကို လက်ခံလိုက်ခြင်း ဖြစ်ကြောင်း PPST ပြောခွင့်ရ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA – PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအပြောင်းအလဲ ရှိသွားပြီးနောက်ပိုင်း 7+3 အနေနဲ့ ကျနော်တို့ သွားနေတဲ့အချိန်မှာ အရင် တုန်းက ဦးဆောင်မှုပေးခဲ့တဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကိုရော၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ကိုရော ကျနော်တို့ PPST မှာ နာယကအနေနဲ့ ဆောင်ရွက်ပေးဖို့ ညှိနှိုင်းမှုတွေ လုပ်ခဲ့တာ ရှိတယ်။ အဖိုးမူတူးစေးဖိုးကတော့ အဖွဲ့ အစည်းကို ပုဂ္ဂိုလ်ရေးအရ PPST နာယက အဖြစ် လုပ်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံတဲ့အပေါ်မှာ သူကိုယ်တိုင်ကလည်း လက်ခံတာပေါ့” ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် KNU ကို ကိုယ်စားမပြုဘဲ ၎င်း၏ပုဂ္ဂိုလ်ရေးအရသာ ဦးဆောင်နာယကအဖြစ် တာဝန်ယူ ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဦးဆောင်နာယက ရာထူးသည် PPST ၌ ယခင်က မရှိခဲ့သည့် ရာထူးဖြစ်သဖြင့် နာယက၏ လုပ် ပိုင်ခွင့်နှင့် တာဝန်များကို ပြန်လည် သတ်မှတ်ရဦးမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
ဆက်လက်၍ ၎င်းက “အဖိုးမူတူးစေးဖိုးက ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း အတိုင်းအတာတခုထိ ခေါင်းဆောင်မှု တွေ ရှိခဲ့တယ်။ အစဉ်အလာရှိတဲ့ ခေါင်းဆောင်ကလည်း ပုဂ္ဂိုလ်ရေးအရ ဦးဆောင်တာဆိုတော့ ပူးပေါင်းဆောင်ရွက်မှုတွေ တော့ ရှိမှာပါ။ သို့သော် PPST မှာ အစဉ်အလာ မရှိခဲ့တဲ့ နာယက ဆိုတာကို အဖိုးမူတူးစေးဖိုးက လက်ခံလိုက်တဲ့ အခါကျ တော့ နာယကရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကတော့ ကျနော်တို့ ပြန်လည် ညှိနှိုင်းဆွေးနွေးရဦးမှာပါ။ သူက လက်ရှိမှာ KNU ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တော့ တဖက်နဲတဖက် နားလည်မှုလွဲတာတွေမဖြစ်အောင် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လူမှုကွန်ရက်စာမျက်နှာတွင် PPST ဦးဆောင်နာယက ရာထူးကို လက်ခံကြောင်းရေးထားသည့် ဗိုလ်ချုပ်ကြီးစောမူးတူး စေးဖိုး၏ လက်မှတ်ဖြင့် စာတစောင်လည်း ပျံ့နှံ့လျက် ရှိသည်။
အဆိုပါစာတွင် “စတုတ္ထအကြိမ် NCA-S EAO Summit မှ အတည်ပြုသော TOR အရ ဦးဆောင်နာယကသည် အဖွဲ့ အစည်း၏ လွှမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆန္ဒအရဟု ပြဋ္ဌာန်းထားသဖြင့် ကျနော် စောမူတူးစေးဖိုး၏ ကိုယ်ပိုင် သဘောထား ဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကို ကိုယ်စားပြုရန်မလိုဘဲ ပုဂ္ဂိုလ်အရ လွတ်လပ်စွာ ပါဝင်ခွင့်ရှိသည်ကိုလည်း သိရှိရကြောင်း” ဟု ရေးသားထားသည်။
ထို့ကြောင့် ၎င်း၏ သဘောထားယုံကြည်ချက် ဖြစ်သော ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ ဆောင် ရွက်ကြရန် လွတ်လပ်စွာ ဦးဆောင်လမ်းပြနိုင်မည်ဟု ယုံကြည်ပါသဖြင့် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက် မည် ဖြစ်ကြောင်းလည်း စာတွင် ဖော်ပြထားသည်။
PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေးညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ် ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ၂၀၁၆ တွင် ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆွေး နွေးခဲ့ကြသည်။
အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်သည်။
KNU၊ CNF နှင့် RCSS အဖွဲ့များသည် PPST တွင် ပါဝင်မှုကို အဆင့်လျှော့ချထားပြီး ကျန်ရှိသည့် EAO အဖွဲ့များက PPST ကို ဆက်လက် ဦးဆောင်လည်ပတ်နေခြင်း ဖြစ်သည်။