မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ယမန်နှစ် စစ်အာဏာသိမ်းမှုအောက်တွင် ပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင် အာဏာသိမ်းချိန်မှ စ၍ အလုပ်သမားအဖွဲ့အစည်းများနှင့် အခြားလူမှုရေးအသင်းအဖွဲ့များသည် အင်အားသုံးမှု၊ မတရား ဖမ်းဆီးချုပ်နှောင်မှု၊ စီးနင်းမှုနှင့် သိမ်းဆည်းမှုများ၊ ဖုန်းခေါ်ဆိုပြီး ဖြစ်စေ စောင့်ကြည့်ခြင်းဖြစ်စေ ခြိမ်းခြောက်မှုများ ခံနေရကြောင်း ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။ .
အလုပ်သမားများနှင့် ရွှေ့ပြောင်းလုပ်သားများကို ကူညီဆောင်ရွက်ပေးသည့် အဖွဲ့များအပေါ် ပစ်မှတ်ထား နှိပ်စက်ညှဉ်းပန်းမှုက “၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းကို သိသိသာသာ ကန့်သတ်ထားပြီး” ၎င်းတို့၏ လုံခြုံရေးနှင့် လုံခြုံမှုကို သေချာစေရန် ၎င်းတို့၏ လုပ်ငန်းခွင်တွင် ကြီးကြီးမားမား အပြောင်းအလဲများ ပြုလုပ်ခဲ့ရကြောင်း ILO က ဖော်ပြသည်။
အာဏာသိမ်းပြီးကတည်းက တားမြစ်ခံထားရသည့် အဖွဲ့အစည်းနှင့် တရားဝင်အမည်ပျက်စာရင်းတွင် မပါဝင်သည့် အဖွဲ့အစည်း နှစ်ခုစလုံးအတွက် အန္တရာယ် ပိုများလာကြောင်းနှင့် အာဏာပိုင်များက “ကြောက်လန့်စေခြင်း၊ သတင်းမှားဖြန့်ခြင်း သို့မဟုတ် သွေးထိုးလှုံ့ဆော်ခြင်း” အကြောင်းပြ၍ ခေါင်းဆောင်များကို မကြာခဏ ဖမ်းဆီးသည်ဟု ILO က ပြောသည်။
.
မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂအဖြစ် တရားဝင် မှတ်ပုံတင်ရန် နည်းလမ်းမရှိတော့ သောကြောင့် “အလုပ်သမားတွေ စုရုံးလှုပ်ရှားဖို့ ဆိုတာ မဖြစ်နိုင်တော့” ဟု အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသော အမည်မဖော်လိုသူ အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက ပြောသည်။
“အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ကာကွယ်ရေး တိုးမြှင့်ရေးဆိုင်ရာ တိုးတက်မှုများစွာအတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးခဲ့ပါတယ်။ လက်ရှိအခြေအနေက သူတို့ရဲ့တည်ရှိမှုအပေါ် စစ်မှန်တဲ့ခြိမ်းခြောက်မှုကို ကိုယ်စားပြုပါတယ်” ဟု ILO အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Panudda Boonpala က ပြောသည်။
“နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ သူတို့ ရှင်သန်နိုင်ရေးနဲ့ သူတို့ရဲ့ အရေးပါတဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ရေး အဲဒီအဖွဲ့အစည်းများနဲ့အတူ ရပ်တည်ရပါမယ်”
အစီရင်ခံစာအတွက် သမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်း ၂၁ ခုနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည့် ILO သည် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် နှိပ်စက်ညှဉ်းပန်းမှု ရင်ဆိုင်နေရသော အဖွဲ့အစည်းများအတွက် ရံပုံငွေ တိုးချဲ့ရန်နှင့် စည်းကမ်း မတင်းကြပ်ရန်အပြင် အစီရင်ခံတင်ပြခြင်းနှင့် လိုအပ်ချက်များကို ရိုးရှင်းအောင် သို့မဟုတ် လျှော့ချရန် အကြံပြုထားသည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများ ကြုံတွေ့နေရသည်။
ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် သုံးရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ လုပ်ငန်းရပ်ဆိုင်းမှုများကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၃၅၀,၀၀၀ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး အထည်ချုပ်လုပ်သား ၂၂၀,၀၀၀၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အလုပ်သမား ၈၀,၀၀၀ ကျော်မှာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း ပြီးခဲ့သော လများအတွင်း ILO က ထုတ်ပြန်ထားသည်။
You may also like these stories:
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ်ကိုင်အခွင့်အလမ်း ဆိုးရွားစွာဆုံးရှုံးနေဟု ILO ဆို
မရေရာသည့် အနာဂတ်ကြောင့် ရေကြည်ရာ မြက်နုရာသို့
ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် ဇွန်လအတွင်းဖွဲ့စည်းမည်