သတင်း

ကောလင်းတွင် လေယာဉ်ဖြင့်ဗုံးကြဲ၍ ကိုယ်ဝန်ဆောင် ၁ ဦးအပါဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာ အား စစ်ကောင်စီတပ်က တိုက်လေယာဉ် များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့် အသက် ၇ နှစ်အရွယ် ကလေးတဦးအပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

အာဏာသိမ်းတပ်သည် သစ်ဆိမ့်ကုန်းကျေးရွာပေါ်သို့ ဩဂုတ်လ ၂၃ ရက်နေ့ည ၁၂ နာရီခန့်က ဂျက်တိုက်လေယာဉ် တစီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 တစီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများထဲတွင် ကိုယ်ဝန် ၉ လ ဆောင်ထားသည့် မဖြူဇာဝင်း ၂၀ နှစ်နှင့် ခင်ပွန်းဖြစ်သူ ကိုဇင်မျိုးထွန်း ၂၂ နှစ် အပါအဝင် မောင်ပြည်စုံဦး ၇ နှစ်နှင့် ကိုမိုးအောင် ၂၇ နှစ်တို့ ပွဲချင်းပြီး သေဆုံး ခဲ့ရကြောင်း ကောလင်းတော်လှန်ရေး အဖွဲ့ (KR) က သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုကြောင့် အပြင်း အထန် ဒဏ်ရာရရှိထားသူများ ရှိသကဲ့သို့ နေအိမ်ပျက်စီးမှုများလည်း ရှိထားကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြေပြင်သတင်းရရှိထားသည့် ကန့်ဘလူခရိုင် တပ်ရင်း- ၂ (KB-2) အထွေထွေ အတွင်းရေးမှူး ဗိုလ်ရောင်နီက ‘‘ကောလင်းမြို့နယ် အနောက်ဘက်ခြမ်း သစ်ဆိမ့်ကုန်းရွာကို ကြဲတာ။ အဲဒီဘက်မှာ ဖုန်းလိုင်း လုံးလုံး မရတော့ဘူး’’ ဟု ဧရာဝတီသို့ ရှင်းပြသည်။

လေကြောင်းတိုက်ခိုက်ခံရမှု (ဓာတ်ပုံ- CJ)

သစ်ဆိမ့်ကုန်းကျေးရွာ အား ဗုံးကြဲတိုက်ခိုက်ခြင်းမပြုမီ ယင်းနေ့မနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် အတွင်း ကျေးရွာများကို မီးလိုက်ရှို့နေသည့် ၆၇ ဦးပါ စစ်ကောင်စီ စစ်ကြောင်းကို ကန့်ဘလူနှင့် ကောလင်း မြို့နယ် အစပ်တွင် ကန့်ဘလူခရိုင် တပ်ရင်း- ၂ က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီး ၂ ဦးနှင့် ၁ ပွင့်ဗိုလ် ၁ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်မြားလည်း ကန့်ဘလူခရိုင် တပ်ရင်း- ၂ က သိမ်းဆည်းရမိခဲ့သည်။

လေကြောင်းတိုက်ခိုက်ခံရမှု (ဓာတ်ပုံ- CJ)

ထိုတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် သစ်ဆိမ့်ကုန်းကျေးရွာအား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း- ၂ ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ရောင်နီက ပြောသည်။

၎င်းက “ဗုံးကြဲတဲ့ရွာနဲ့ တိုက်ပွဲဖြစ်တဲ့ ရွာနဲ့က မနီးဘူး။ အဲဒီမှာ တပ်ခွဲရှိတယ်ဆိုပြီး ပစ်တာပေါ့။ ဒါက တိုက်ပွဲနဲ့ ဆက်စပ်တယ်။ ဒီကောင်တွေ အထိကတော့ တော်တော် နာတယ်။ ကျနော်တို့ကြောင့် ဖြစ်သွားတဲ့ တစိတ်တပိုင်းလို့ တွေးမိတယ်။ ဆုပ်လည်းစူး စားလည်းရူးပေါ့ ဝမ်းလည်းနည်းတယ် စိတ်မကောင်းလည်း ဖြစ်တယ်” ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှု (ဓာတ်ပုံ- CJ)

အဆိုပါတိုက်ပွဲတွင် အကျအဆုံး များနေသည့် စစ်ကောင်စီတပ်သည် ထောက်ပို့ယာဉ် Mi-17 ၁ စီး၊ တိုက်ခိုက်ရေး ရဟတ် ယာဉ် Mi-35 ၁ စီးနှင့် ဂျက်တိုက်လေယာဉ် ၁ စီးတို့ကို အသုံးပြု၍ လေကြောင်း တိုက်ခိုက်မှုများ လုပ်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နောက်ပြန်ဆုတ်ခဲ့ရသည်ဟုဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများအသုံးပြု၍ ဒဏ်ရာရ စစ်သည်များအား ကယ်ထုတ်သွားပုံရကြောင်း ဗိုလ်ရောင်နီက ပြောသည်။

သို့သော်လည်း ထိုတိုက်ပွဲတွင် အရှင် ဖမ်းမိခဲ့သော သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီး ၂ ဦးနှင့် ၁ ပွင့်ဗိုလ် တဦးကိုတော့ ခရိုင်ရုံးကို ပို့မည်ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ (ဓာတ်ပုံ-CJ)

ဗိုလ်ရောင်နီက “အရှင် ၃ ယောက် ဖမ်းမိတယ် ကျနော်တို့ လက်ထဲမှာပဲ။ ပြီးရင်တော့ ခရိုင်ရုံးကို ပို့မယ်။ ကန့်ဘလူခရိုင်ထဲမှာ ထောင်တွေလည်း ဆောက်ထားတယ်။ သုံ့ပန်းတွေကို ဖမ်းဆီး ထိန်းသိမ်းဖို့။ သူတို့တွေကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းထားတယ်။ လက်နက်တွေ လည်း အများကြီး ရတယ်။ အောင်မြင်တဲ့ တိုက်ပွဲ ၁ ပွဲ ဖြစ်ခဲ့ပါတယ်” ဟု ပြောသည်။

ကန့်ဘလူခရိုင် တပ်ရင်း – ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော တပ်ရင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ ခမရ ၃၆၅ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ (ဓာတ်ပုံ-CJ)

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ MA 1 ၇ လက်၊ MA 2 ၂ လက်၊ MA 3 ၇ လက်၊ MA4 ၁ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ RPG ၁ လက်၊ RPG ကျည်၂ လုံး၊ MA ကျည်ဘောက် ၅၅ ဘောက်၊ ၆၀ မမ ကျည် ၁၈ လုံး၊ 5.56 ကျည် ၁၈၆၇ တောင့်၊ ၄၀ မမ ကျည် ၆ လုံး၊ အီနာဝါ ၄ လုံး၊ ဦးထုပ် ၆ လုံး၊ နင်းမိုင်း ၅ လုံး၊ Icon ၅ လုံး၊ လက်လုပ်တူမီး ၁ လက်၊ လက်လုပ် တထောင့်ထိုး ၁ လက်၊ မီးကျည် ၂ ထောင့်၊ Jumper ၁ ခု၊ 84 mm ပြောင်း ၁ လက် ၊ 84 mm ၂ ခု၊ MA Pistol ၁ လက်၊ ဘောက် ၂ ခု တို့အား ကန့်ဘလူခရိုင် တပ်ရင်း – ၂ က သိမ်းဆည်းရမိခဲ့ကြောင်း အတည်ပြုသည်။

ယင်းစစ်ကောင်စီ စစ်ကြောင်းသည် ချပ်သင်းရွာဘက်မှ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်က အိမ်ခြေ ၁၈၀ ခန့်ရှိသည့် ညောင်ကုန်းရွာရှိ နေအိမ် အလုံး ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

You may also like these stories:

အရာတော်တွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ၂၂ ဦး ဖမ်းခံရ

စစ်တိုင်းမှူး ၅ ဦးကို နေရာပြောင်းရွှေ့

Loading