ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဒေသအခေါ် သုံးထပ်ကွေ့ ဆိုသည့်နေရာကို အာဏာသိမ်း စစ်ကောင်စီ လက် အောက်ခံတပ်များက ဩဂုတ် ၂၃ ရက်တွင် စစ်အင်အား အမြောက်အမြားဖြင့် မြေပြင်နှင့် ဝေဟင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့တွင် ခြေကုပ်ယူစိုးမိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များအား ရှင်းထုတ်နိုင်ရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။
သုံးထပ်ကွေ့သည် မြဝတီမြို့မှတောင်ဘက် မယ်ထော်သလေး၊ ဖလူးကြီးနှင့် ဖလူးလေးရွာ မြေပြန့်ကို ကျော်ဖြတ် ပြီးနောက် ပေ ၃၅၀ ခန့် မြင့်မားသည့် မတ်စောက်သောတောင်တန်းကို စတင် တက်ရောက်သည့်နေရာ ဖြစ်သည်။
မြဝတီမြို့တောင်ဘက် ၂၈ ကီလိုမီတာအကွာ၌ တည်ရှိပြီး မတ်စောက်သောတောင်ကို အင်္ဂလိပ်အက္ခရာ Z ပုံသဏ္ဍာန် စတင်တက်ရောက်ရသည့်နေရာဖြစ်ကာ ကားလမ်း၏အရှေ့ဘက် မီတာ ၁၂၀ တွင် သောင်ရင်းမြစ်၏ မတ်စောက်သော ကျောက်ကမ်းပါး ရှိသည်။
သုံးထပ်ကွေ့တွင် KNU တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း (၂၇) နှင့် ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်များက တပ် ဖြန့်နေရာယူထားပြီး ပြီးခဲ့သည့် ဇူလိုင်လဆန်းကတည်းက စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယင်းသုံးထပ်ကွေ့တွင် စစ်ကောင်စီတပ်များနှင့် အပြင်းအထန် တိုက်ပွဲဝင်နေသည့် ကော်ဘရာစစ်ကြောင်းမှ ပြောရေး ဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ယမန်နေ့ (ဩဂုတ် ၂၃ ရက်) တိုက်ပွဲ၌ ၎င်းတို့ အနေဖြင့် စစ်ကောင်စီတပ်က ပစ်ခတ် သော အတွဲလိုက်ပစ်ဒုံးပျံ (MRLS) ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို ကရင်ပြည်နယ် ပါဝင် သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဩဂုတ် ၂၃ ရက်တွင် မြေပြင်၊ ဝေဟင်နှင့် အတွဲလိုက် ပစ်ဒုံးများ စုပြုံသုံးကာ ထိုးစစ်ဆင် တိုက်ခြင်းခဲ့လည်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် စစ်ကြောင်းမထိုးမီတွင် ၆၀ မမ၊ ၈၁ မမ၊ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်များ၊ ၈၄ မမ နှင့် MRLS အတွဲလိုက်ပစ်ဒုံးများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
ယင်းနောက် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေးတပ်ရင်းများ ဖြစ်သည့် ခမရ (၁၀၂)၊ ခလရ (၈) ၊ ခလရ (၂၀၇) နှင့် ခမရ (၁) တို့သည် နံနက် ၉ နာရီတွင် သုံးထပ်ကွေ့သို့ စတင် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။
လေးကေကော်ဒေသအခြေစိုက် ခမရ (၁၁၈) နှင့် ခမရ (၂) တို့ကလည်း စစ်ကောင်စီဘက်မှ စစ်ကူအဖြစ် ပါဝင်တိုက် ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
ကော်ဘရာစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက “သူတို့ဘက်က တပ်ရင်း ၆ ရင်း သုံးတယ်။ လက်ရုံး တပ်ရင်း ၂ ရင်းလောက် သုံးတယ်။ သူတို့က တရင်းကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကျနော်တို့ဘက်ကို ထိုးလာတာပါ။ ၆ ရင်းဆိုရင်ပဲ စစ်ကြောင်းက ၁၂ ကြောင်းလောက် ဖြစ်နေပြီ။ ဆိုတော့ သူတို့ အင်အားဘယ်လောက်သုံးလဲ မှန်းကြည့် လို့ ရပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဘက်မှ ရုရှားထုတ် Yak 130 အမျိုးအစား တိုက်လေယာဉ် ၄ စီးနှင့် အမျိုးအမည်မသိသော အခြားတိုက်လေယာဉ် ၁ စီး၊ ညနေ ၃ နာရီတွင် တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဗုံးကြဲမှုများအတွင်း စစ်ကောင်စီတပ်ဘက်က ပေါင် ၅၀၀ ဗုံးများ၊ ပေါက်ကွဲအား ပိုမိုကျယ်ပြန့်စေသည့် Cluster ဗုံးများ သုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်ပေ။
ကိုမျိုးသူရကိုကိုက “သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုဆိုရင် ဗုံးကို လာကြဲတာပေါ့။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ပေါင် ၅၀၀ ဗုံးတွေ၊ Cluster ဗုံးတွေ၊ Cluster ဆိုတာက ပေါက်ကွဲအားပြင်းထန်ပြီး နေရာကျယ်ကျယ်ပြန့်ပြန့် ကို ထိရောက်မှုရှိတဲ့ဗုံး ဖြစ်ပါတယ်။ ဒီလိုမျိုးဗုံးတွေကို တနေရာတည်းမှာ အကုန်စုပြုံ ပစ်ခတ်ပြီးတော့ မနေ့ကဆိုရင် ရှိ သမျှ လက်နက်အကုန် သုံးပြီးတော့ တိုက်ခိုက်တဲ့သဘောပေါ့” ဟု ရှင်းပြသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းအင်အား အလွန်အကျွံအသုံးပြု တိုက်ခိုက်မှုများကြောင့် ကော်ဘရာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ အနေဖြင့် ခြေကုပ်စခန်း ၁ ခုကို ယာယီ နောက်ဆုတ်ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။
၎င်းက “စစ်တပ်က မတရားကို လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ဖိတိုက်နေတဲ့အတွက် ကျနော်တို့ဘက် က နည်းဗျူဟာလိုအပ်ချက်အရ ယာယီ ဆုတ်ပေးလိုက်တာပါ။ ခဏဆုတ်ပေးလိုက်တယ် ဆိုတာက လုံးဝကြီး ကျနော် တို့တပ်တွေ ဆုတ်သွားတာ မဟုတ်ပါဘူး။ နှစ်ဖက်ဆိုင်ထားရတဲ့ အခြေအနေပါပဲ။ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်ပါ တယ်” ဟု ပြောသည်။
လက်ရှိတွင် ကော်ဘရာစစ်ကြောင်းအတွက် ကျည်ကာအင်္ကျီနှင့် ကျည်ကာဦးထုပ်များ လိုအပ်နေပြီး ပြည်သူလူထု အနေဖြင့် တတ်နိုင်သမျှ ကူညီလှူဒါန်းပေးရန်လည်း ကော်ဘရာစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ဆိုသည်။
ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာ များ (မစိုးရိမ်ရ) ရရှိထားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ကျဆုံးမှုများ ရှိနိုင်သော်လည်း ကော်ဘရာစစ်ကြောင်း အနေဖြင့် အတည်မပြုနိုင်ခဲ့ကြောင်း ယင်းစစ်ကြောင်းထံမှ သိရသည်။
မြန်မာနိုင်ငံခြေစိုက် စစ်ရေးလေ့လာသူတဦးက မြဝတီ-ဝေါ်လေလမ်းသည် စစ်ကောင်စီ၏ ဥကရစ်ထစစ်စခန်း အတိုက် ခံရသည့် ဇွန်လနောက်ဆုံးပတ်ကတည်းက KNU ဦးဆောင်သော တပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့ဖြတ်တောက်ခံထားရသည့် လမ်း ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဘက်က အဆိုပါလမ်း ပြန်ပွင့်နိုင်ရေး အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ထိုးမ ဖောက်နိုင်သေးခြင်း ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ သုံးသပ်ရေးသားထားသည်။
“ဒီလမ်းက အရေးကြီးတယ်။ လမ်းရဲ့တောင်ပိုင်းမှာ ဥကရစ်ထ၊ ဝေါ်လေ၊ သေဘောဘိုး၊ မောခီး၊ ကနဲလေး၊ ထီးကပလာ စသဖြင့် စစ်စခန်းတွေ အများကြီးရှိသေးတော့ အဲဒီဆီ သွားမယ့် ထောက်ပို့လမ်းက ဒီတလမ်းတည်းရယ်။ အဲဒီကမှ မသွားရရင် လေယာဉ်နဲ့ အကြိမ်ကြိမ် ရိက္ခာခဲယမ်း သွားသွားချပေးနေရမယ့်အဖြစ်။ အဲဒီတော့ ဒီလမ်းပွင့်မှ ဖြစ်မယ်။ ဘယ်လောက်ရင်းရရင်းရလို့ စစ်ကောင်စီဘက်က တွက်ဆကြပုံရတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် စစ်ရေးလေ့လာ သူတဦးက မှတ်ချက်ပြုသည်။
KNU ဗဟို သတင်းအချက်အလက်ဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ဩဂုတ် ၁ ရက်မှ ၂၀ ရက်ထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ လက်အောက်ခံတပ်များနှင့် စစ်ကောင်စီ လက်အောက်ခံတပ်များကြား တိုက်ပွဲကြီးငယ်ပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၈ ဦး သေဆုံးခဲ့ပြီး ၈၀ ကျော် ဒဏ်ရာရထား ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လဆန်းမှ ယနေ့အချိန်ထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအမြောက်အမြား ကြဲချခဲ့ကြောင်း၊ KNU ဘက်မှ စစ်သည်တော် ၂ ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် ၁၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟို သတင်းအချက်အလက်ဌာနက ထုတ်ပြန်ထားသည်။