သံသယရှိသော လူကုန်ကူးဂိုဏ်းတခုက အရှေ့တောင်အာရှဒေသတွင် အလုပ်အကိုင်တုဖြင့် လိမ်လည် ခေါ်ယူခံရသော နိုင်ငံသားများထံမှ အကူအညီတောင်းမှုများကို အကြီးအကျယ် ဖြေရှင်းနေရကြောင်း ကင်ညာနိုင်ငံက ပြောသည်။
ထို့ကြောင့် ကင်ညာမြို့တော် နိုင်ရိုဘီမှ အာဏာပိုင်များက နိုင်ငံသားများအနေဖြင့် အာရှနိုင်ငံများမှ အလုပ်များကို နိုင်ငံမှမထွက်မီ သေချာအောင် စစ်ဆေးပြီးမှသာ သွားရောက်ရန် အမိန့်ထုတ်ထားရသည်။
မြန်မာကဲ့သို့သော နိုင်ငံများတွင် ဒုက္ခရောက်နေသည့် ၎င်းတို့၏ နိုင်ငံသားများကို ကယ်ဆယ်ခဲ့ရကြောင်း ကင်ညာအစိုးရက ယခုအပတ်အတွင်း ပြောသည်။ ကင်ညာနိုင်ငံသားများကို လိမ်လည်ခေါ်ယူသည့် အခြားသော နိုင်ငံများတွင် ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်ပြီး ထိုနိုင်ငံများအတွင် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် နိုင်ငံသားများထံမှ ဖုန်းဖြင့် ဆက်သွယ်မှုများကို ကင်ညာအရာရှိများ ရရှိနေသည်။
ထိုသို့ အလုပ်အကိုင်ဖြင့် လိမ်လည်ခေါ်ယူခံရသူများတွင် အမျိုးသမီးငယ် အများစုပါဝင်ပြီး တရားမဝင် လုပ်ငန်းများ လုပ်ကိုင်ကြရသည်။ လိမ်လည်ခံရသူ ကင်ညာနိုင်ငံသားများသည် အထီးကျန် စစ်တပ်က အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင်းသို့ ခေါ်ဆောင်သွားခံရပြီး မကောင်းသောလုပ်ငန်းများတွင် စေခိုင်းခံရသည်။
ကင်ညာသည် မြန်မာတွင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ထိုင်းရှိ ကင်ညာသံရုံးက ထိုသို့ လူကုန်ကူးခံရသူ အများစုသည် ဝင်ငွေနည်းသော မိသားစုများမှဖြစ်ပြီး ခရီးစရိတ်ရရန် မြေအပါအဝင် ပိုင်ဆိုင်မှုများကို ရောင်းချ သွားရောက်သူများဖြစ်ကြောင်း ပြောသည်။ ၎င်းတို့ကို ထိုင်း၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတွင် အရောင်းဝန်ထမ်းနှင့် ကျောင်းဆရာ၊ ဆရာမ အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ယူကြောင်း သိရသည်။
“သူတို့တွေ ထိုင်းကိုရောက်တဲ့ အခါကျတော့ ဒေသခံဂိုဏ်းတွေက မြန်မာထဲကို ခိုးသွင်းတယ်။ မြန်မာကို ရောက်တော့ လက်နက်ကိုင်သူပုန်တွေက ခေါ်ထားပြီး စက်ရုံတွေကို ခေါ်သွားတယ်။ လက်နက်ကိုင်တွေ၊ စက်ရုံမန်နေဂျာတွေက သူတို့ကို စောင့်ကြည့်ပြီး ငွေကြေးလိမ်လည်မှု အပါအဝင် အလုပ်မျိုးစုံခိုင်းတယ်” ဟု ထိုင်းနိုင်ငံရှိ ကင်ညာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မသမာသော အလုပ်အကိုင် ကိုယ်စားလှယ်များ
နိုင်ရိုဘီနှင့် အယ်လ်ဒိုရက်ကဲ့သို့သော မြို့ကြီးများမှ အလုပ်အကိုင် ကိုယ်စားလှယ်များသည် ပြည်ပအလုပ်အကိုင် ရှာဖွေနေသည့် အပြစ်မဲ့လူငယ်များထံမှ ငွေသန်းပေါင်းများစွာရရန် ကြိုးစားနေသောကြောင့် ထိုသို့ လူကုန်ကူးခံရသူ အရေအတွက် မြင့်မားလာနေသည်။
မသမာသော အလုပ်အကိုင် ကိုယ်စားလှယ်များသည် ထိုလူငယ်များကို ရက် ၉၀ အလည်အပတ် ပြည်ဝင်ခွင့် ဗီဇာများ ရအောင်လုပ်ပေးပြီး ထိုလူငယ်များ အလိမ်ခံရကြောင်း သဘောမပေါက်မီ အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
“သူတို့တွေ အပြန်လေယာဉ်လက်မှတ် မရှိဘဲ ထိုင်းနဲ့ မြန်မာမှာ စွန့်ပစ်ခံရတော့ သံရုံးနဲ့ သူတို့မိသားစုတွေက သူတို့ အိမ်ပြန်လာဖို့ ဝန်ထုတ်ဝန်ပိုးကို ရင်ဆိုင်ရတယ်” ဟုလည်း ကင်ညာသံရုံးက ပြောသည်။
ကင်ညာသံရုံးသို့ ဆက်သွယ်လာသည့် နိုင်ငံသား ၅ ဦးကို မြန်မာမှ သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။ ၎င်းတို့ကို ဘန်ကောက်မှတဆင့် ကင်ညာသို့ ပြန်လည် ပို့ဆောင်မည်ဖြစ်ပြီး အခြားသူ အများအပြားသည် ဆက်လက် လိမ်လည်ခံနေရဆဲဖြစ်ကြောင်း သိရသည်။
“အခြား ကင်ညာနိုင်ငံသား ၁၀ ယောက် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကို ရောက်လာတယ်။ အရင်က အုပ်စုလိုပဲ မြန်မာထဲကို ခိုးသွင်းသွားတယ်။ အခု သံရုံးက ကင်ညာနိုင်ငံသား ၃၀ လောက်ဆီက ဖုန်းဆက် အကူအညီတောင်းတာကို လက်ခံရရှိထားတယ်။ မြန်မာမှာ ကင်ညာနိုင်ငံသား ၅၀ နဲ့ လာအိုမှာ ၃ ယောက် ရှိနေတယ်လို့ သတင်းရထားတယ်” ဟုလည်း အဆိုပါသံရုံးက ပြောသည်။
လူမှောင်ခို လမ်းကြောင်းများ
ယခုနှစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် လူကုန်ကူးမှု အစီရင်ခံစာတွင် ကင်ညာသည် အဂတိလိုက်စားမှုနှင့် နိုင်ငံတွင် ရာဇဝတ်မှု အမြစ်တွယ်စေသည့် ဂရုမစိုက်သော သဘောထားကြောင့် လူကုန်ကူးရန် အလွန်လွယ်သည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။
“လူကုန်ကူးမှု ရေသောက်မြစ်တွေထဲက တခုက အတင်းအကျပ် လုပ်အားခိုင်းစေခြင်းရဲ့ အခြား အစိတ်အပိုင်းများနဲ့ အခြားအချက်တွေဖြစ်တဲ့ ပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်း ရမယ်လို့ ထင်စေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်” ဟု အာဖရိကမှ ရေကြောင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အမေရိကန် ဒါရိုက်တာ ဂျက်ဖရီ စပီဗီက ပြောသည်။
ကင်ညာသည် အာရှအပြင် တောင်အာဖရိကတွင် အလုပ်ရှာသူများအတွက်လည်း လူကုန်ကူးမှု အဓိက လမ်းကြောင်း ဖြစ်နေသည်။ အလုပ်အကိုင်များအတွက် လူသစ်စုဆောင်းပေးသူများသည် ယူဂန်ဒါနှင့် အီသီယိုးပီးယားတွင် ကွန်ရက်များ ထူထောင်ပြီး အရှေ့အလယ်ပိုင်းနှင့် အာရှတွင် အလုပ်အကိုင်တုများအတွက် ဘူရွန်ဒီများ၊ အီသီယိုးပီးယားများ၊ ရဝမ်ဒါများနှင့် ယူဂန်ဒါ အလုပ်သမားများကို လူသစ်စုဆောင်းသည်။
လိမ်လည် ကုန်ကူးခံရသူများမှာ အသက် ၃၀ အောက် အိမ်ထောင်မဲ့ အမျိုးသမီးများဖြစ်ပြီး အိမ်အကူအလုပ်ဖြင့် သွေးဆောင်ခံရကာ နောက်ဆုံးတွင် လိင်ကုန်ကူးသည့် လုပ်ငန်းများတွင် အဆုံးသတ်ရသည်။
ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား၊ ကွန်ဂို၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ဆူဒန်၊ ဘူရွန်ဒီနှင့် မိုဇမ်ဘစ် စသည့် နိုင်ငံများသည် ၂၀၀၀ ပြည့်နှစ် အမေရိကန် လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေးဥပဒေ အနိမ့်ဆုံး စံနှုန်းများကို မမီသည့် နိုင်ငံများဖြစ်သော်လည်း ထိုဥပဒေကို လိုက်နာရန် အားထုတ်မှုများ ပြုလုပ်နေသည်။
“ရာဇဝတ်ဂိုဏ်းတွေက တရားဥပဒေစိုးမိုးရေးဌာန အမျိုးမျိုးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့နဲ့ ပူးပေါင်းကြံစည်ပြီး ကင်ညာမှ လူကုန်ကူးခံရသူများကို သယ်ယူပို့ဆောင်ပေးနေတယ်လို့ လေ့လာသူများက ပြောသည်” ဟု အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာမှု အကျပ်အတည်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အဂတိလိုက်စားမှုသည် မသိကျိုးကျွံပြုပေးသော အစိုးရအရာရှိများကို အားကိုးရသည့် လူမှောင်ခိုကူးသူများအတွက် အဓိက ကိရိယာဖြစ်နေပြီး ကမ္ဘာတဝန်းမှ ပြည်သူ ၂၅ သန်းကို လူကုန်ကူးမှုသားကောင်များ ဖြစ်စေကြောင်း ပြောသည်။
ဆူဒန်သည် အာဖရိက ဦးချိုဒေသမှ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များ ဥရောပသို့ သွားရောက်ရေးအတွက် အခြေခံ ကြားစခန်းဖြစ်နေကြောင်း အထက်ပါ အစီရင်ခံစာက ဖော်ပြသည်။
ယူကရိန်း အခြေအနေကြောင့် ဖြစ်လာသည့် မကြုံစဖူး ဆိုးရွားလှသော လူသားချင်းစာနာမှု အကျပ်အတည်း၊ အခြားနိုင်ငံများမှ ပြည်တွင်းစစ်များနှင့် အာဏာသိမ်းမှုများကြောင့် နိုင်ငံသားများသည် ပြည်ပသို့ထွက်ခွာရန် တွန်းအားပေးခံရပြီး လူကုန်ကူးခံရမည့် အန္တရာယ်ဖြင့် ရင်ဆိုင်ရစေသည်။
“လူမှောင်ခိုကူးသူများသည် လူမှုကွန်ရက် ပလက်ဖောင်းများနှင့် ရှုပ်ထွေးသော ခရီးသွားကိုယ်စားလှယ် လုပ်ငန်းများကို အသုံးပြုကာ သားကောင်ရှာကြသည်” ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား။ ။ The East African သတင်း Kenya ‘overwhelmed’ by job scam victims in Myanmar
You may also like these stories:
ဟောင်ကောင်သား ၈ ဦး မြန်မာတွင် ပျောက်ဆုံးနေ
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ဖြေရှင်းရေး မြန်မာ-ထိုင်းနှစ်နိုင်ငံ ရဲချုပ်အဆင့်ဆွေးနွေး