သတင်း

စစ်ဆေးရေးဂိတ် ရုပ်ရန် စစ်ကောင်စီသတိပေးသော်လည်း AA ဆက်လက်တပ်စွဲထား

ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့ကို ဆက်သွယ်ထားသည့် ပြားချောင်းကြီးတံတားထိပ်၌ ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆေးရေးဂိတ် ထားရှိမှုအပေါ် စစ်ကောင်စီက ဖယ်ရှားပေးရန် သတိပေးပြောဆိုသော်လည်း AA တပ်မှူးများက ရုပ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဖွင့်ထားကြောင်း သိရသည်။

AA က စစ်ကောင်စီ၏ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ပြားချောင်းကြီး တံတားထိပ်တွင် ယခုလဆန်းကတည်းက လာရောက် တပ်စွဲထားခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းက ရသေ့တောင် ရှေ့တန်း စစ်ဗျူဟာမှူးက ပြားချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှတဆင့် သြဂုတ် ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းဖို့ သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အတွက် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်နိုင်သဖြင့် ပြားချောင်းကြီးကျေးရွာ အပါအဝင် ပြင်ခေါင်း၊ အလယ်ရွာ၊ ပြင်ခေါင်းရွာသစ် စသည့် ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း ပြားချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့ ရွာသူရွာသားတွေ မနေရဲဘူးဆိုတာ တဖက်နဲ့တဖက် နီးနီးကပ်ကပ်ဖြစ်နေပြီး တံတားရဲ့ ဟိုဘက်ခြမ်း (ရသေ့တောင်မြို့ဘက်) က စစ်ကောင်စီတပ်၊ ကျနော်တို့ ရွာဘက်ခြမ်းမှာ AA တပ်။ ဟိုဘက်နဲ့ဒီဘက် ဆိုင်နေပြီ။ ကျနော် တို့ ရွာသားတွေကို စစ်တပ်က AA ဂိတ်ကို ရုပ်သိမ်းဖို့ ပြောခိုင်းတယ်။ အမြင်မတော်ဘူးဆိုတဲ့ သဘောမျိုးနဲ့ AA ကလည်း မဆုတ်ဘူး။ တိုက်ပွဲဖြစ်ရင် စစ်ကောင်စီက ရွာဘက်ကို ဦးတည်ပစ်ခတ်လာနိုင်တဲ့အတွက် ရွာလုံးကျွတ် ပြေးနေကြရတာ” ဟု ဆိုသည်။

အဆိုပါ ရသေ့တောင်မြို့ထွက် ပြားချောင်းကြီးတံတားပေါ်တွင် လက်ရှိအခြေအနေ၌ စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့တို့သည် တံတား၏ တဖက်ခြမ်းစီတွင် အသီးသီး ကတုတ်ကျင်းကြီးများတူးပြီး နေရာယူတပ်ဆိုင်ထားကြကာ ရှေ့တိုးလာလျှင် ပစ် ခတ်တိုက်ခိုက်မည့် အနေအထား ဖြစ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ဆေးရေးဂိတ် ရုပ်ရန် စစ်ကောင်စီ၏ သတိပေးချက်အပေါ် AA မြေပြင်တပ်မှူးများက လက်ရှိအချိန်ထိ တပ်ဆုတ်ခြင်းမျိုး မတွေ့ရသေးသောကြောင့် စစ်ကောင်စီဘက်က အင်အား သုံးပြီး ရှေ့တိုးလာမည်လား ဆိုသည်ကိုလည်း ရသေ့တောင် ဒေသခံများက စိုးရိမ်လျက် ရှိသည်။

AA နှင့် နီးစပ်သည့် ရသေ့တောင်မြို့ခံတဦးက “စစ်ကောင်စီက ရာဇသံပေးတာလောက်ပဲ ရှိမယ်။ သူတို့ အင်အားသုံးပြီး တိုက်ခိုက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို သူတို့မှာ အင်အားမရှိဘူး။ အင်အားရှိရင် ချိန်ခါလိန်ရွာနားတိုက်ပွဲမှာ တပ်ခွဲတခွဲ လုံး ကျသွားတောင် စစ်ကူမလိုက်နိုင်ဘူး။ သူတို့သာ အမှန်အင်အားရှိရင် ဒီလောက်ကျသွားတာ ဘယ်ငြိမ်ခံမလဲ။ အခု ရာဇ သံပေးတာလည်း သွားမရှိတဲ့လူက တောက်ခေါက်ပြီး ခြမ်းခြောက်တဲ့ သဘောမျိုးပဲလို့ မြင်တယ်” ဟု မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်တွင် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလိန်ကျေးရွာကြား၊ မောင်တောမြို့နယ် ကျောက်ပန်းဒူကျေးရွာနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီး စသည့် ရခိုင်ပြည်နယ်အတွင်းက နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် AA တပ်များကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအခြေနေတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးအရှိန်မြင့်မားနေပြီး မောင်တောနယ်စပ် တလျှောက်နှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်များ၌လည်း ယခု သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ တိုက်ပွဲ များ ဖြစ်ပွားနေကာ စစ်ကောင်စီတပ်သည် စစ်အင်အားများ ထပ်မံဖြည့်တင်းလျက် ရှိကြောင်းလည်း သိရသည်။

Loading