ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်ရဲ (KSP) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် ဖက်ဒရယ်မူအရ ပြည်နယ်ရဲယူနစ်တခု အဖြစ်လည်း ရပ်တည်သွားမည် ဖြစ်ကြောင်း KSP တာဝန်ရှိသူ ကိုဘိုဘိုက ပြောသည်။
၎င်းက “NUG ရဲ့ ပြည်သူ့ရဲတပ်ဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီကို သွားမှာ ဖြစ်လို့ ဖက်ဒရယ်ရဲ့ အနှစ်သာရအတိုင်း သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် NUG က ဖွဲ့ထားတာက ပြည်ထောင်စုရဲ ဖြစ် တယ်။ ဥပမာ- USA (အမေရိကန်) မှာဆို FBI (Federal Bureau of Investigation) တို့လိုမျိုးပေါ့။ ကျနော်တို့က ပြည် ထောင်စုမှာ ပါဝင်တဲ့ ဖက်ဒရယ်ယူနစ်တခုရဲ့ ရဲ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဩဂုတ် ၂၅ ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲတပ် ဖွဲ့ဝင် ၃၀၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သော ကရင်နီပြည်ရဲ (KSP) မှာ ယမန်နေ့က ၁ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ တပ်ဖွဲ့ဝင်သစ် ဝင်ရောက်မှုများ ရှိသလို အမျိုးသမီးပါဝင်မှုမှာလည်း ၂၇ ရာခိုင်နှုန်း ရှိနေကြောင်း KSP က ဆိုထားသည်။
KSP ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး KSP ၏ လုပ်ဆောင်မှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စအဝဝကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
NUG အနေဖြင့်လည်း ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းကာ CDM ရဲတပ်ဖွဲ့ဝင်များဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင် ထားပြီး NUG ၏ ထုတ်ပြန်ချက်အရ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၃၀၀၀ ခန့် ရှိကြောင်း သိရသည်။
၁ နှစ်တာအတွင်း KSP အနေဖြင့် ထောက်ပံ့လှူဒါန်းငွေ ကျပ် ၁၁၃၁ သိန်းကျော် ရရှိခဲ့ရာ အားလုံး ပြန်လည်သုံးစွဲထားပြီ ဖြစ်ပြီး အဆိုပါ ရရှိငွေများအနက် NUG ၏ ထောက်ပံ့မှု ၂၀ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ် သည့် လက်နက်ခဲယမ်းနှင့် ရဲဝတ်တန်ဆာများအတွက်လည်း KSCC တွင် ပါဝင်သည့် NUG ဒုဝန်ကြီးများ၏ ကူညီချိတ် ဆက်မှုများဖြင့် ရရှိမှုများ ရှိခဲ့ကြောင်း KSP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် ဒေသအတွင်း နယ်မြေအကျယ်အဝန်းအရ တပ်ဖွဲ့ဝင်များ လိုအပ်လျက် ရှိနေသည့်အပြင် ငွေကြေးနှင့် လက် နက်ခဲယမ်း၊ လုပ်ငန်းသုံးယာဉ်နှင့် ရဲဝတ်တန်ဆာများ လိုအပ်နေဆဲ ဖြစ်ကြောင်းလည်း KSP က ဆိုသည်။
KSP ၏ ထုတ်ပြန်ချက်အရ ဖွဲ့စည်းတည်ထောင်သည့် ၁ နှစ်အတွင်း ဒေသတွင်းကာကွယ်ရေးတပ်များ ထိန်းချုပ်ရာနေရာ များ၌ ရဲစခန်း ၇ ခု၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးသည့်နေရာများတွင် လုံခြုံရေးရဲကင်း ၂ ခု တည်ထောင်နိုင်ခဲ့ပြီး အမှုပေါင်း ၂၃၅ မှုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးအရေးယူမှုများတွင် စစ်ကောင်စီထံ သတင်းပေးမှု ၁၃ မှု၊ စစ်ကောင်စီကို အားပေးမှု ၇၆ မှု၊ မူးယစ်ဆေးဝါးမှု ၃၁ မှု၊ မုဒိမ်းမှု ၁ မှု၊ ခိုးမှု ၁၁ မှု၊ အိမ်တွင်းအကြမ်းဖက်မှု ၈ မှု၊ Non-CDM ၄၃ ဦး၊ တပ်ပြေး ၁၃ ဦး၊ ရဲပြေး ၄ ဦး၊ မူးယစ်ရမ်းကား ၂၇ ဦး၊ စစ်သုံ့ပန်း ၈ ဦးတို့ ပါဝင်ပြီး ၎င်းတို့ထဲမှ ၆၀ ဦးအား လူသားချင်းစာနာထောက်ထားမှုအရ ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း KSP က ဆိုထားသည်။
KSP အနေဖြင့် အာဏာရှင်စနစ်အား ဆန့်ကျင်၍ ဖက်ဒရယ်စနစ်ကို အခြေခံကာ ပြည်သူလူထုအား ဗဟိုပြုပြီး တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းလည်း ပြောထား သည်။
ကိုဘိုဘိုက “KSP အနေနဲ့ နောင်တချိန်မှာ အာဏာရှင်လက်အောက်က လက်ကိုင်တုတ်ဖြစ်နေတဲ့ ရဲတွေအစား ပြည်သူလူ ထုကို အမှန်တကယ် ဝန်ဆောင်မှုပေးမယ့် ပြည်သူ့ရဲ၊ ဒီမိုကရက်တစ်ရဲ ဖြစ်လာဖို့ မျှော်လင့်ရည်မှန်းထားပါတယ်” ဟု ဆိုသည်။
ကရင်နီပြည်ရဲ (KSP) အခြေစိုက်ရာ ကယား (ကရင်နီ) ပြည်နယ်တွင် ကရင်နီတပ်မတော် (KNPP/KA)၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က အာဏာသိမ်း စစ်ကောင်စီကို ခုခံ တိုက်ခိုက်နေရာ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ဘေးရှောင်စခန်းများ၌ စားနပ်ရိက္ခာ မလုံလောက်မှုများ ကြုံတွေ့နေရကြောင်းလည်း ဒေသတွင်းအဖွဲ့အစည်းများက ပြောဆိုထားသည်။