ဗြိတိန်နိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် ပတ်သက်နေသည့် နောက်ထပ်ကုမ္ပဏီများကို ကြာသပတေးနေ့က ထပ်မံ ပိတ်ဆို့အရေးယူလိုက်ပြီး စစ်ကောင်စီခေါင်းဆောင်၏သား ဒါရိုက်တာလုပ်သည့် Sky One ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် အပါအဝင် စစ်တပ်နှင့် ဆက်စပ်သည့် လုပ်ငန်း ၃ ခုကိုပါပစ်မှတ်ထားသည်။
အရေးယူခံရသည့် အခြားကုမ္ပဏီ ၂ ခုမှာ Star Sapphire ကုမ္ပဏီများအုပ်စုနှင့် International Gateways ကုမ္ပဏီများအုပ်စု လီမိတက်တို့ ဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာစစ်တပ်၏ လက်နက်နှင့် ဝင်ငွေရလမ်းကို ကန့်သတ်ရန် ထိုလုပ်ငန်း ၃ ခုတို့ကို အရေးယူခြင်း ဖြစ်ကြောင်း ဗြိတိန်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Sky One ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်ကို ၂၀၁၃ ခုနှစ် ဧပြီလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစု၏ စီးပွားရေးလုပ်ငန်း အများအပြားကို အမည်ခံလုပ်ဆောင်ပေးသော စစ်ကောင်စီ ခရိုနီ ဦးမောင်မောင်နိုင်က ထူထောင်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံသည် Sky One တွင် ဒါရိုက်တာတဦးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။
မကြာသေးမီ နှစ်များအတွင်း Sky One သည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမှ စစ်ဆေးရုံတွင် အဆောင်သစ်ဆောက်ရန်၊ တပ်မတော် မှတ်တမ်းရုံးအတွင်း စစ်ကောင်စီဝါဒဖြန့် မြဝတီ မီဒီယာစင်တာနှင့် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံ ဆောက်ရန် ကန်ထရိုက်များရသည်။ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံသည် တပ်မတော် မှတ်တမ်းရုံးအတွင်းတွင်ပင် တည်ရှိပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုကပင် ပိုင်ဆိုင်သည်။
Sky One သည် လေတပ်စခန်းနှစ်ခု ချဲ့ထွင်ရန်နှင့် ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းတွင် စစ်စခန်းများ တိုးချဲ့ရန် အတွက်လည်း ကန်ထရိုက်များ ရသည်။
စစ်တပ်သည် Sky One က တောင်းသည့်ဈေးအတိုင်း ပေးနေရသောကြောင့် Sky One သည် စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိနေကြောင်း စီးပွားရေး အသိုင်းအဝန်းက ပြောသည်။
Star Sapphire ကုမ္ပဏီများအုပ်စုသည် မြန်မာစစ်ကောင်စီက မြန်မာပြည်သူများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အဓိကအခန်းမှ ပါဝင်နေသည်။ ထိုအုပ်စုသည် အဂတိ လိုက်စားမှုများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများမှ ချမ်းသာကြွယ်ဝလာနေကြောင်း တရားမျှတမှုနှင့် တာဝန်ခံမှုအတွက် လှုပ်ရှားနေသည့် တက်ကြွလှုပ်ရှားသူများဖြစ်သော Justice for Myanmar အဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
Star Sapphire အုပ်စုကို စစ်တပ်နှင့် ပတ်သက်သူများက ထိန်းချုပ်ထားပြီး ကျောက်မျက်သတ္တု တူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်းများ၊ ကာကွယ်ရေး၊ ကာစီနိုလောင်းကစားလုပ်ငန်း၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး စသည့် လုပ်ငန်းပေါင်းစုံ လုပ်ကိုင်သည်။
International Gateways ကုမ္ပဏီများ အုပ်စု (ICG) သည် မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်သည့် လက်နက်များ ဝယ်ယူရာတွင် ပါဝင်ပတ်သက်နေသည်။ ICG ကို စစ်ကောင်စီနှင့် ပတ်သက်သူများကပင် ထိန်းချုပ်ထားပြီး မြန်မာစစ်တပ်အတွက် လက်နက်ကိရိယာများ ထောက်ပံ့သည့် ရှည်လျားသော သမိုင်းကြောင်း ရှိသည်။
ဗြိတိန်က ထိုလုပ်ငန်းများအား ပိတ်ဆို့အရေးယူသည်ကို Justice for Myanmar က ကြိုဆိုသည်။
“ဗြိတိန်အစိုးရက ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့် အရေးယူပိတ်ဆို့မှုများသည် ရက်စက်ကြမ်းကြုတ်မှုများကို အရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေသည့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော မြန်မာစစ်ကောင်စီထံသို့ လက်နက်နှင့် ငွေကြေးစီးဆင်းမှုကို ရပ်တန့်စေရန် အထောက်အကူပြုသည်” ဟု Justice for Myanmar ၏ ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။
ယခုနောက်ဆုံး အရေးယူမှုများသည် နိုင်ငံတကာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာကို စွဲဆိုထားသည့် အမှုအတွက်လည်း သက်ရောက်မှု ရှိစေရန် ရည်ရွယ်သည်။ ထိုတရားရုံးသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ လူနည်းစုများအပေါ် စစ်တပ်က ကျူးလွန်သည့် အကြမ်းဖက်မှုများသည် အပြည်ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ပါ တာဝန်များကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မည့် တရားရုံးဖြစ်သည်။
ရိုဟင်ဂျာများကို လူမျိုးစုသုတ်သင်မှု ကျူးလွန်သည့် သူများသည် ယခုစစ်ကောင်စီကို ဦးဆောင်ကာ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများကို အကြမ်းဖက်စစ်ဆင်နေသူများပင် ဖြစ်သည်။
စစ်ကောင်စီသည် လူပေါင်း ၂,၂၀၀ ကျော်ကို သတ်ဖြတ်ထားပြီး ၁၅,၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။ စစ်ကောင်စီသည် မြန်မာပြည်သူများကို စစ်ဆင်ရာတွင် ကျယ်ပြန့်သော ညှဉ်းပန်းနှိပ်စက်မှုများ၊ လေကြောင်းနှင့် အမြောက်ကြီးများဖြင့် သိမ်းကြုံးပစ်ခတ်မှုများ၊ ရွာများကို မီးရှို့မှုများကို အသုံးပြုနေကြောင်း မရတနာမောင်က ပြောသည်။
စစ်တပ်၏ ရာဇဝတ်မှုများကို ပေါ်ပေါက်စေသည့် ဝင်ငွေနှင့် လက်နက် စီးဆင်းမှု ရပ်တန့်စေရန်နှင့် ထိုရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သူများအားလုံးကို အရေးယူရေး ညှိနှိုင်းအရေးယူမှုများ ချမှတ်ရန်တို့ကို Justice for Myanmar က ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ အားလုံးအား တောင်းဆိုလိုက်သည်။
“စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ယခုတိုင် ငြင်းဆန်နေသော သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနှင့် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများ၏ ဆက်လက် ပျက်ကွက်မှုကို မိမိတို့ ရှုတ်ချသည်။ ထိုနိုင်ငံများအနေဖြင့် မိမိတို့၏ နိုင်ငံတကာ တာဝန်များကို လိုက်နာဆောင်ရွက်ရန် မိမိတို့ တောင်းဆိုသည်” ဟုလည်း Justice for Myanmar က ဖော်ပြထားသည်။
You may also like these stories:
ကွပ်မျက်မှုများကြောင့် မြန်မာကို ပိတ်ဆို့အရေးယူရန် ဖိအားပိုလာ
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို
ရှောင်တာနဲလ် လွတ်မြောက်ရေးနှင့် စစ်ကောင်စီကို အရေးယူမည်ဟု သြစတြေးလျ ပြော
စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း
စစ်ကောင်စီအား အလုံးစုံ စီးပွားရေး ပိတ်ဆို့ရန် အရပ်ဖက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို