ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်ဝိုင်းမှ ၁ လသားအရွယ် ဆင်ဖြူကို နေပြည်တော်သို့ သယ် ရန် စစ်ကောင်စီက ကြံစည်နေရာ ရက္ခိုင်စစ်တပ် (AA) ကလည်း တားဆီးရန် လုပ်ဆောင်နေကြောင်း ဒေသခံတချို့ ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ရက်က တောင်ကုတ်မြို့နယ်၊ သက်ကယ်ပြင်ချောင်း အတွင်းရှိ ဆင်ဝိုင်းထဲမှ အသက် ၃၃ နှစ် အရွယ် ဆင်မ ဇာနန်းလှမှ ဆင်အထီး တကောင်မွေးဖွားရာ ဆင်ဖြူတော်များတွင်ရှိသင့်သည့် ကြန်အင် လက္ခဏာ ၈ ချက်တွင် ၇ ချက်နှင့် ပြည့်စုံကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် တောင်ကုတ် အခြေစိုက် ခမရ (၅၄၄)တပ်နှင့် ရဲတပ်ဖွဲ့တို့ကို အနီးကပ်လုံခြုံရေးချ စောင့်ကြပ်ထားကာ နေပြည်တော်သို့ ယူဆောင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
တောင်ကုတ်ဒေသခံတဦးက “ကျနော်တို့ ကြားရသလောက်ဆိုရင်တော့ အကြီးအကျယ် ထိပ်တိုက်တွေ့မယ့် သဘော ရှိတယ်။ နကစ က လည်း ဆင်ဖြူတော်ကို နေပြည်တော်ကို ယူဖို့ ကြိုးစားနေတယ်။ စစ်တပ်က တပ်ရင်းတရင်းနဲ့ ရဲတွေကို အနီးကပ် စောင့်ရှောက်ဖို့ လုံခြုံရေး ချထားတယ်။ AA ဘက်ကလည်း အဲဒီအနီးတဝိုက်မှာ အင်အားတိုးမြှင့်ချ ထားပြီးတော့ ဆင်ဖြူတော်ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းသည် ယခင်က AA အပေါ် ထောက်ခံမှုနည်းသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း လူထု ထောက်ခံမှုအားကောင်းလာရာ AA အနေဖြင့် တောင်ကုတ်မြို့နယ်တွင် စစ်စခန်းများကို တည်ဆောက်ခြင်း ၊ အုပ်ချုပ် ရေးယန္တရား ထူထောင်ခြင်း ပြုလုပ်နေပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုကို တဖြည်းဖြည်း ဖြိုချကာ အစားထိုး ဝင်ရောက် နေရာယူနေကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။
တောင်ကုတ်ဒေသခံတဦးက “အခုက ကျနော်တို့ တောင်ပိုင်းမြို့နယ်တွေမှာလည်း မြောက်ပိုင်းမြို့နယ်တွေလို AA ကို ထောက်ခံမှုရှိလာတယ်။ AA တပ်ဖွဲ့ဝင်တွေလည်း တောင်ကုတ်မြို့ နယ်ကနေ ရခိုင်ရိုးမတလျောက်ရှိလုံးမှာ ရှိနေကြ တယ်ဆို ဆင်ဖြူတော် အပါအဝင် သစ်ထုတ်လုပ်မှုကိုလည်း စစ်ကောင်စီအနေနဲ့တော့ အရင်လို စိတ်ကြိုက် လုပ်လို့ တော့ ရမယ့်အနေအထားမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတွက် ဆင်ဖြူတော်သယ်မည့် လမ်းကြောင်းတလျှောက် AA က အင်အား အများအပြားဖြင့် ပိတ်ဆို့ထားသလို သြဂုတ် ၂၅ရက် ညနေက တောင်ကုတ်မြို့နှင့် ၁၀မိုင်ခန့်အကွာရှိ ချောင်းသုံးခွရွာတွင် စစ်တပ်နှင့် ရက္ခိုင့် တပ်တော် ( AA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။
လက်ရှိတွင် စစ်ကောင်စီက ဆင်ဖြူတော်ရှိရာ ဆင်ဝိုင်းလုံခြုံရေးအတွက် ခမရ ၅၄၄ တပ်ရင်းကို အနီးကပ် တာဝန်ချ ထားပြီး တောင်ကုတ်မြို့မ ရဲစခန်းမှ ရဲအုပ် ဝင်းခိုင်အပါအဝင် ရဲတပ် ဖွဲ့ဝင် ၉ ဦးအား ဆင်ဝိုင်းနှင့် ၁ မိုင် ခန့်အကွာ လင်္ကျာစတိုင်ကျေးရွာ၌ လမ်းကြောင်းလုံခြုံရေးယူရန် တာဝန်ပေးထားကြောင်း သိရ သည်။
သို့သော် လင်္ကျာစတိုင်ရွာတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များမှာ ဖြစ်ပေါ်နေသည့် လုံခြုံရေး အခြေအနေများ ကြောင့် စိုးရိမ်နေရကြောင်း အစောင့် ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။
“တပ်မက လမ်းကြောင်း မပေးလို့ ဒီကနေ ကျနော်တို့ စခန်းပြန်ခွင့် မရဘူး။ ကျနော်တို့ လာတုန်းကလည်း တပ်နဲ့ အတူတူ တက်လာတာ မဟုတ်ဘူး။ ဆင်ဖြူလည်း ဒီအတိုင်းဆို မဆင်းနိုင်ဘူး။ AA တပ်ဖွဲ့က ဆင်ဖြူ ဆင်းခွင့် မပေး ဘူးလို့ ကြားရတယ်။ တပ်ကိုတော့ ဆင်းဝိုင်းထဲမှာ ထားပြီးတော့ ကျနော်တို့ကိုကျတော့ AA လာတိုက်ရင်း တိုက် ပါစေဆိုပြီး ထားတဲ့သဘော။ ပြောရမယ်ဆိုရင် ထိုးကျွေးထားတာပေါ့” ဟု ၎င်းကဆိုသည်။
ထို့အတွက် ဆင်ဖြူတော်လမ်းကြောင်း လုံခြုံရေး ယူနေရသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် AA လာရောက် တိုက်ခိုက် မည့် အရေး စိုးရိမ်နေရသလို၊ စားနပ်ရိက္ခာလည်း ပြတ်လပ်နေကြောင်း ဧရာဝတီကို ပြောသည်။
ရဲတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ ဒီကို ထွက်လာတာ တပတ်စာ ရိက္ခာနဲ့ ထွက်လာတာ။ အခု၂၅ ရက်တောင် ရှိနေပြီ။ ဘယ်နေ့ စခန်း ပြန်ရမယ်ဆိုတာလဲ မသိဘူး။ ဒီအနားက ရွာတွေကလည်း တဲစုသာသာလောက်ဆိုတော့ ဈေးဆိုင်တွေ ဘာတွေ ဘာမှ မရှိဘူး။ ကျနော်တို့ စားနပ်ရိက္ခာ ပြတ်နေပြီဆိုတာ စခန်းမှူးဆီ တင်ပြတယ်။ သူက မင်းတို့ကို ထောက် ပံ့ စရာ ငါ့မှာ ငွေတပြားမှ မရှိဘူး။ မင်းတို့လည်း ပြေးချင်ရင်ပြေး၊ ငါလည်း ပြေးမယ် ဆိုတဲ့ သဘောမျိုးကို ပြော ပြီးတော့ ဘာတာဝန်မှ မယူဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သက်ကယ်ပြင်ချောင်းရှိရာ သစ်တောမှာ တောင်ကုတ်မြို့နှင့် ၅ မိုင်ခန့်ကွာဝေးပြီး AA တပ်ဖွဲ့ဝင်များ လည်း ရှိနေသလို၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း နေရာယူထားကြောင်း ဒေသခံများထံက သိရသည်။
တောက်ကုတ်မြို့နယ် ဆင်ဝိုင်းမှ ဇူလိုင်လအတွင်းက မွေးဖွားခဲ့သည့် ဆင်ဖြူတော်မှာ အမြင့်၂ ပေ ၅ လက်မ ၊ ကိုယ် လုံးပတ် ၃ ပေ ၁ လက်မ ၊ ကျောအလား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆ လက်မ ၊ မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ရှိပြီး ရခိုင်ပြည်နယ်အတွင်းမှ ပေါ်ထွက်ခဲ့သည့် ဆင်ဖြူတော်များအနက် ၆ စီးမြောက် ဆင်ဖြူဖြစ်ကြောင်း သိရသည်။
လက်ရှိ ဆင်ဖြူတော်တွေ့ရှိမှု၊ ဆင်ဖြူတော်သယ်ရန် စစ်ကောင်စီက လုပ်ဆောင်နေမှုများအပေါ် AA ခေါင်းဆောင်တို့ ၏ သဘောထား အသေးစိတ်ကို သိရှိနိုင်ရန် ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
You may also like these stories:
ဆင်ဖြူတော်မှီကာ အကြံထုတ်ကြသူများ