ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ်သည် မြန်မာပြည်သူများ လွတ်မြောက်ရေးနှင့် တရားမျှတမှုအတွက် မိခင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအတွက် ပေးဆပ်ထားသလို သူကိုယ်တိုင်လည်း ထပ်မံပေးဆပ်သည်။
ယခုအခါ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေရသော ပြည်သူများအတွက် သူ ကူညီသည်မှာ သူ၏ အနုပညာဖြင့် ပေးဆပ်ခြင်းဖြစ်သည်။
ဖမ်းဆီး ဖြုတ်ချခံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း ဖန်တီးခဲ့သည့် သစ်ထွင်းပန်းချီသည် ကြာသပတေးနေ့တွင် ကမ္ဘာတဝန်း ရန်ပုံငွေရှာပွဲအတွက် ဆုတံဆိပ်တခု ဖြစ်လာသည်။ ထိုဆုတံဆိပ် ရန်ပုံငွေရှာပွဲမှ ရရှိသော ငွေများကို မြန်မာ့ဒီမိုကရေစီတိုက်ပွဲ ရန်ပုံငွေသို့ လှူဒါန်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောသည်။
“ကိုထိန်လင်းက သူ့လက်ရာဟာ မြန်မာအတွက် ဘယ်လောက် အကျိုးပြုမယ်ဆိုတာကို စဉ်းစားရင်း အရမ်း စိတ်လှုပ်ရှားနေတယ်” ဟု ထိုလှုပ်ရှားမှုကို စီစဉ်သည့် Facebook တွင် ကျော်ကြားသူ ပန်ဆယ်လိုက သူ၏ စာမျက်နှာတွင် ရေးသားသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြုတ်ချသည့် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် လူမှုရေးနှင့် နိုင်ငံရေး ဖရိုဖရဲဖြစ်နေသည်။
အာဏာသိမ်းပြီးနောက် အသက် ၇၇ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်တွင်းတွင် တဦးတည်း သီးခြားချုပ်နှောင်ထားသည်။ အာဏာသိမ်းပြီးချိန်မှ စတင်ပြီး မြန်မာပြည်သူ အများစုက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲကြသည်။ ၁၈ လကြာပြီးနောက် ပြည်သူ ၂,၀၀၀ ကျော်ကို သတ်ဖြတ်ထားသော်လည်း စစ်ကောင်စီသည် နိုင်ငံကို မထိန်းချုပ်နိုင်ပေ။
နိုင်ငံတကာအကူအညီ မရသလောက်ပင် ဖြစ်နေသော မြန်မာ့ ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် ပြည်တွင်း ပြည်ပမှ မြန်မာများထံမှရသည့် ထောက်ခံမှုကို အဓိက မှီခိုနေရသည်။ ပြည်ပတွင် နေထိုင်သော မြန်မာများသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် လူငယ်များကို လက်နက်၊ ရိက္ခာ ထောက်ပံ့ရန်သာမက စစ်ကောင်စီတပ်များ၏ စီးနင်းတိုက်ခိုက် မီးရှို့မှုများကြောင့် ပျက်စီးသွားသည့် လူမှုအသိုက်အဝန်းများကို ပြန်လည် ထူထောင်ရေး အတွက်ပါ ဆုမဲများ ရောင်းချသည့် အလှူခံ လှုပ်ရှားမှုများဖြင့် အဓိကအားဖြင့် ရန်ပုံငွေရှာကြာသည်
ကိုထိန်လင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အငယ်ဆုံးသား ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် မိခင်ဖြစ်သူ အင်္ဂလန်မှ မြန်မာသို့ပြန်လာကာ နိုင်ငံ၏ကြမ်းတမ်းသော နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်သည့် နောက်ပိုင်းတွင် ခဏတာ တွေ့ဆုံမှုများမှအပ သူတို့ ခွဲခွာနေထိုင်ရသည်။ သားအမိနှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ ၂၀၁၆ ခုနှစ်က ဖြစ်သည်။ သူသည် လက်သမားဆရာတဦး ဖြစ်သည်။
ကိုထိန်လင်းနှင့် သိသူတဦးက သူ့ကို ဆက်သွယ်လာပြီး သူ၏ ပန်းပုပညာကို မြန်မာအတွက် ရန်ပုံငွေရှာရန် အသုံးပြုပေးနိုင်မည်လားဟု သိလိုကြောင်းမေးသည်ဟု ပန်ဆယ်လိုက ရေးသားသည်။
“သူက မြန်မာအတွက် တခုခုလုပ်ပေးချင်ကြောင်း ပြောတယ်။ သူ့ကျွမ်းကျင်မှုနဲ့ ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာကို ရောင်းပြီး မြန်မာကို ကူညီဖို့ ကျမကိုပြောပြီး သူ့လက်ရာက ဒေါ်လာ ၃၊ ၄ ထောင်လောက်ရမယ်လို့ ထင်တယ်လို့ ပြောတယ်။ ဒေါ်လာ ၃၊ ၄ သိန်းလောက်ရမှာလို့ ကျမက ပြောလိုက်တော့ သူအရမ်း စိတ်လှုပ်ရှားသွားတယ်” ဟု ပန်ဆယ်လိုက ပြောသည်။
ထိုမျှော်မှန်းချက်သည် ဖြစ်နိုင်သော မျှော်မှန်းချက်ဖြစ်သည်။ ကြာသပတေးနေ့က စတင်သည့် ထိုလှုပ်ရှားမှုသည် ၂၄ နာရီအတွင်း လက်မှတ်ပေါင်း ၁,၀၆၅ စောင်ရောင်းချရကာ ၁၀,၆၅၀၀ ဒေါ်လာ ရရှိသည်။
သို့သော် ထိုဖြစ်ရပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ ကိုထိန်လင်းက သူ၏ သစ်ထွင်းပန်းချီကားကို ရောင်းချရေး လှုပ်ရှားမှုပြုလုပ်နေစဉ် သူ၏ မိခင်ဘက်မှ ဦးလေးဖြစ်သူသည် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ပြည့်နှစ်အထိ နေအိမ်တွင် ဖမ်းဆီးခံရသည့် ကာလတလျှောက်လုံး နေထိုင်ခဲ့သော ရန်ကုန်မှနေအိမ်နှင့် ပတ်သက်သည့် အမှုတွင် အနိုင်ရခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ အယူခံကို စစ်ကောင်စီ တရားရုံးချုပ်က လွန်ခဲ့သောအပတ်တွင် အနိုင်ပေးလိုက်ခြင်းသည် ဖမ်းဆီးချုပ်နှောင်ခံ ညီမဖြစ်သူ၏ နေအိမ်ကို အစ်ကိုဖြစ်သူက စစ်ကောင်စီ၏ အကူအညီဖြင့် ခိုးယူခြင်းဖြစ်သည်ဟု ပြည်သူအများအပြားက မြင်ကြသည်။
ထိုအယူခံကို အာဏာမသိမ်းမီ တရားရုံးချုပ်က ပယ်ချထားပြီး ဖြစ်သောကြောင့် ထိုလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အရာရာကို ဖယ်ရှားရှင်းလင်းရန် စစ်ကောင်စီ၏ နောက်ဆုံး အားထုတ်မှုဖြစ်သည်ဟုလည်း ပြည်သူများက မြင်သည်။
ပန်ဆယ်လိုက ထိုလှုပ်ရှားမှုကို ပိုမိထောက်ခံကြရန် တောင်းဆိုပြီး ယခုအချိန်သည် မြန်မာပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ကိုသာမက မိခင်ကို နိုင်ငံအတွက် ပေးဆပ်ထားသော ကိုထိန်လင်းကိုပါ မေတ္တာထားကြောင်း ပြသရမည့် အချိန်ဖြစ်သည်ဟု ပြောသည်။
“မြန်မာပြည်သူတွေ ဒုက္ခရောက်ချိန်မှာ သူ ရပ်ကြည့်မနေဘူး။ ပြည်သူတွေအတွက် အကူအညီဖြစ်မယ့် အရာတွေကိုလုပ်ပြီး ပြည်သူနဲ့အတူ ရပ်တည်တယ်” ဟု ပွဲစီစဉ်သူက ပြောသည်။
လက်မှတ်များကို ဤနေရာ (https://www.springsignature.net/) တွင် ဝယ်ယူနိုင်ပါသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း ဘဝသစ်ကို မျှော်ကြည့်ခြင်း
ဗားစလပ်ဗ် ဟာဗဲလ်နှင့် ရနံ့မပြယ်သော နှင်းဆီပွင့်များ
အာဏာသိမ်း စစ်ကောင်စီလက်ထဲက ခြံအမှတ် ၅၄