ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခလစားအား အောက်တိုဘာလမှ စတင်ကာ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၆ ရက်နေ့တွင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက သဘောတူခဲ့ကြောင်း သိရသည်။
အဆိုပါ အနိမ့်ဆုံးလုပ်ခလစာအား ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုတွင်ရှိသည့် အလုပ်သမားအားလုံး အကျိုးခံစားခွင့်ရှိမည်ဖြစ်ပြီး ခရိုင်အလိုက် ကွာခြားမှုများ ရှိမည်ဖြစ်ကြောင်း သိရသည်။
တိုးမြှင့်ပေးသွားမည့် အနိမ့်လုပ်ခလစားများမှာ စီးပွားရေးအချက်အခြာကျသည့် ခရိုင် ၃ ခုဖြစ်သည့် ချွန်ပူရီ၊ လယောင်း၊ ဖူးကက်တို့တွင် ၃၅၄ ဘတ် (ကျပ် ၃သောင်းကျော်ဝန်းကျင်) နှင့် အများဆုံး ရရှိမည်ဖြစ်ပြီး ဘန်ကောက်၊ နွန်ထပူရီ၊ နခွန်းပထုမ်၊ ပထုမ်းထာနီ ၊ ဆမွတ်ပရာကန် ၊ စမွန်ဆာခွန် တို့တွင် ၃၅၃ ဘတ်၊ ချချန်းဆောင်း တွင် ၃၄၅ ဘတ်၊ ဖနခွန်းဆီအယုဒ္ဓယ တွင် ၃၄၃ ဘတ်၊ ပရတ်ကျင်ဘူရီ၊ နွန်ခိုင်၊ ဥဘွန်ရချဌာနီ၊ ဖန်ငါ၊ ကဘီ၊ တရတ်၊ ခွန်းကင်၊ ချင်းမိုင်၊ စုဖန်ဘူရီ ဆုန်ခလာ၊ စူရတ်ဌာနီ၊ နခွန်ရချစီမာ၊ လော့ဘူရီ ဆလပ်ဘူရီ တို့တွင် ၃၄၀ ဘတ်၊ ကျန် ခရိုင်များတွင် ၃၃၈ ဘတ်၊ ၃၃၅ ဘတ် နှင့် အနည်းဆုံးအနေဖြင့် ၃၂၈ ဘတ် ရရှိမည်ဖြစ်သည်။
ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “တောင်းဆိုထားသလောက်တော့ မရပေမယ့် လက်ရှိရနေတဲ့ ၃၃၁ ဘတ်လောက်ကနေစပြီးတော့ ၃၅၀ ကျော်လောက်ထိ ရတော့မှာဖြစ်တဲ့အတွက် လုပ်သားတွေအတွက်တော့ ပျော်ရွှင်ချမ်းမြေ့မှုတော့ရှိတာပေါ့။ လုပ်အားခ ၈ နာရီအတွက် တိုးပြီးတာနဲ့ နောက်ထပ် ထပ်တိုးလာမယ့်အရာတွေက အချိန်ပိုကြေးပေါ့။ အချိန်ပိုကြေးတွေလည်း တိုးလာမှာဖြစ်တဲ့အတွက် သင့်တင့်လျောက်ပတ်စွာ နေနိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ (၁) ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများနှင့် ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) တို့ ပူးပေါင်း၍ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
တောင်းဆိုစဉ်တွင် အနိမ့်ဆုံးလုပ်ခလစာအား တနိုင်ငံလုံးတန်းတူ ၄၉၂ ဘတ် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တိကျသည့် ငွေပမာဏအား ပြောဆိုခဲ့ခြင်းမရှိသော်လည်း တိုးမြှင့်ပေးဖို့အတွက် ကတိပေးခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်းလုပ်သားတဦးက “အခုရနေတဲ့ လုပ်အားခနဲ့က အလုပ်သမားတွေက ပိုလျှံငွေနည်းပါးတယ်။ ကုန်ဈေးနှုန်းတွေက တက်သွားတာ။ ဆီဈေးတွေတက်တာ၊ အခန်းခ၊ ရေခတွေ လိုက်တက်တာတို့နဲ့ ဘက်ပေါင်းစုံက တက်နေတဲ့အချိန်မှာ ဒီလိုလုပ်အားခ နည်းနည်းတက်သွားတော့ ကျနော်တို့အတွက်တော့ အသက်ရှူနည်းနည်းချောင်သွားတာပေါ့” ဟု ပြောသည်။
လက်ရှိတိုးမြှင့်ပေးမည့် အနိမ့်ဆုံးလုပ်ခလစာနှုန်းထားများအား ထိုင်းတနိုင်ငံလုံးရှိ ထိုင်းနိုင်ငံသားများ အပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံသားများပါ တပြေးညီခံစားခွင့်ရှိမည်ဖြစ်ပြီး အောက်တိုဘာလ ၁ရက်နေ့မှစတင်ကာ အသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်ကျော်က “အခုမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာတုန်းကလည်း အလုပ်သမားတွေက တော်တော် ဒုက္ခရောက်တယ်။ စာရွက်စာတမ်းနေထိုင်ခွင့် လက်မှတ်တွေ ပြုလုပ်တဲ့အခါ ကိုယ်တိုင်မလုပ်နိုင်လို့ တပါးသူကို လုပ်ခိုင်းတဲ့အခါ ကုန်ကျစရိတ်တွေများတယ်။ ဝင်ငွေထွက်ငွေတွေ မမျှတာတော့ ကြာပါပြီ။ အခက်အခဲ အကြပ်အတည်းများစွာ ခါးစည်းခံနေရတဲ့ လုပ်သားတွေအနေနဲ့ အခုလို ထိုက်သင့်တဲ့ လုပ်အားခလေးတွေ တိုးမြှင့်လာတဲ့အတွက် ပျော်ရွှင်မှုတွေရှိလာနိုင်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ထိုကဲ့သို့ လုပ်ခလစာများ တိုးမြှင့်ပေးခြင်းများရှိသော်လည်း စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံအတွင်းရှိ အခြေခံအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာမှာ ၄၈၀၀ ကျပ်သာရရှိလျက်ရှိသည်။
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံရှိ ရွှေ့ပြောင်းလုပ်သား ၄ သန်းကျော်ရှိပြီး ထိုထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးဆောင်ရွက်သူများ၏ တွက်ချက်မှုများအရ သိရသည်။