စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းပြီး ရွာများအတွင်း စီးနင်းဝင်ရောက်၍ မီးရှို့ခြင်းများ ပြုလုပ်နေသည့်အပြင် ဒေသခံ ၆၀ ခန့်အား ဓားစာခံအနေဖြင့် ဖမ်း ဆီးထားကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၊ ဝေလမူရွာတွင် သြဂုတ်လ ၂၅ ရက်က MI 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်၂ စင်းဖြင့် တပ်ဖွဲ့ဝင်များ ချထားပြီးနောက် အင်အား၂၀၀ ခန့်ပါ စစ်ကောင်စီတပ်သည် ထိုညတွင်ပင် စစ် ကြောင်း ၂ ကြောင်း ခွဲထွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ အဖွဲ့ဝင်တဦးက “အောင်ချမ်းသာရွာနားမှာ တိုက်ပွဲဖြစ်တော့ စစ်တပ်က တော် တော် အကျအရှုံး များတယ်။ အဲဒီနောက်မှာ လေယာဉ်တွေနဲ့လည်း အင်အား ထပ်ဖြည့်တယ်။ ပစ်လည်း ပစ်တယ်။ အဲဒီနောက် ကျွန်းလှမြို့နယ်ထဲမှာ စစ်ကြောင်း ထိုးတော့တာပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ကျွန်းလှမြို့၊ တည်ပင်ဆိပ်ရွာအတွင်းရှိ ဒေသခံ အမျိုးသား ၃၀ ခန့်နှင့် အင်လျားရှည်ရွာမှ အမျိုး သား ၃၀ ခန့်ကိုလည်း ဓားစာခံအနေဖြင့် ဖမ်းဆီးထားကာ လက်ရှိအချိန်ထိ စစ်ကြောင်း ထိုးသည့် ရွာများသို့ ဖမ်းဆီး ခေါ်ဆောင်သွားလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စစ်ကောင်စီ အဖွဲ့၂ ဖွဲ့သည် ကျွန်းလှမြို့နယ် အနောက်ဘက်က ကုန်းစည်း၊ ပေပင်ချောင်၊ မော်တုံတွင် အင် အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးနေပြီး အင်အား ၉၀ ခန့်ပါ အဖွဲ့သည် ကျွန်းလှ အနောက်မြောက်ရှိ ဆိပ်ဖူး၊ သိုက် ပင်ဆိပ်၊ ရှမ်းကုန်း၊ ရွာရှည်၊ နောင်ဦး၊ တည်ပင်ဆိပ်တဝိုက်ကို စစ်ကြောင်းထိုးပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ် ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့၊ ကုန်းစည်းရွာကို ဩဂုတ်လ၂၆ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်များဖြစ်သည့် ကလေးမြို့အခြေစိုက် ခြေမြန်တပ်ရင်း- ခမရ ၃၆၁ နှင့် ဟုမ္မလင်း အခြေစိုက် ခမရ ၃၆၉ တို့ ဝင်ရောက်ကာ မီးရှို့ခြင်းကြောင့် နေအိမ် ၅၉ လုံး မီးလောင်ပြာကျခဲ့ပြီး အဆိုပါ စစ်ကြောင်းသည် မော်တုံတွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ဩဂုတ်လ၂၅ ရက်ကလည်း တည်ပင်ဆိပ်ရွာကို စစ်တပ်က လေကြောင်းပစ်ခတ်မှုနှင့်အတူ မြေပြင်ကပါ တချိန်တည်း ဝင်ရောက် စီးနင်းပြီး ထွက်ပြေးကြသော ဒေသခံပြည်သူများကိုလည်း လိုက်လံ ပစ်ခတ်သောကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တည်ပင်ဆိပ်မှ ထွက်လာသည့် အဆိုပါ တပ်မ ၉၉ လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခမရ (၁၁၃) စစ်ကြောင်း သည် ဩဂုတ်၂၈ ရက်တွင် နေအိမ် ၁၀၀ ကျော်ရှိသည့် အိမ်ခြေရွာအား ဝင်ရောက်စီးနင်းပြီး မီးရှို့မှုကြောင့် ရွာ လုံးကျွတ်နီးပါး မီးလောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံ တဦးက “အိမ်ခြေက ၁၃၂ အိမ်ရှိတယ်။ ကျနော်တို့ လှမ်းမြင်တာတော့ ၄ ၊ ၅၊ ၆ အိမ်ပဲ မြင်ရတယ်။ အိမ်ခြေက တရွာလုံး နီးပါးလိုကို အရှို့ခံရတာ” ဟု ပြောသည်။
အိမ်ခြေရွာမှ ထွက်လာသည့် ယင်းစစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင်လည်း ကျွန်းလှမြို့နယ် အင်လျားရှည်ရွာအား မီးရှို့ရာ အိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး ယင်းအဖွဲ့သည် ရွာကုန်းကြီး ရွာတွင် ရောက်ရှိနေကြောင်း သိရသည်။
ထိုသို့ သြဂုတ်လ ၂၃ ဝန်းကျင်မှ ယနေ့ထိတိုင် ရက်ဆက်ကြာ စစ်ကောင်စီတပ် စစ်ကြောင်းစီးနင်းမှုများကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ ဝေလမူ၊ ကုန်းစည်း၊ မော်တုံ၊ ညောင်ပင်၊ ပေပင်ချောင်း၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ ရွာရှည်၊ တည် ပင်ဆိပ်၊ နောင်ဦး၊ အိမ်ခြေ၊ အင်လျားရှည်၊ ရွာကုန်းကြီး အစရှိသဖြင့် ကျေးရွာပေါင်း ဆယ်ရွာကျော်က ဒေသခံ ပြည်သူ သောင်းချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ဒေသခံ တဦးက “ဆည်အနောက်ဘက်မှာ ရှိတဲ့ ဒေသခံတွေကတော့ ပြေးကြတာ။ တချို့ဆို မီးရှို့မှာစိုးလို့ အိမ်တွေကို တောင် ရိုက်ဖျက်ပြီးတော့ တောထဲကို ပစ္စည်းတွေ သယ်ကုန်ကြပြီ။ စစ်တပ်က ကြက်တွေ၊ ဝက်တွေကိုလည်း သတ် စားတယ်။ အိမ်တွေဆိုလည်း မီးရှို့တော့ ဒီလို အန္တရာယ်တွေက စစ်ကြောင်း ဝင်လာရင် ကြုံရမှာပဲ ဆိုပြီးတော့ တော ထဲကို ပို့ထားကြတာပေါ့” ဟု ဆိုသည်။
ထိုသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် သောင်းချီသော စစ်ဘေးရှောင်တို့သည့် နေရေးထိုင်ရေး အတွက် မိုးကာနှင့် စားနပ်ရိက္ခာများ အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။
စစ်ရှောင်တဦးက “လူဦးရေ ဖြည်းဖြည်းချင်း တစတစ တိုးလာတဲ့ အခါကျတော့ နေဖို့ထိုင်ဖို့ အခက်အခဲတွေ ဖြစ် လာတယ်။ အရေးတကြီး လိုအပ်နေတာက မိုးကာတို့၊ အောက်က ခင်းထိုင်ဖို့တို့ပေါ့။ နောက် စစ်ရှောင်တွေက အဝတ် တထည် ကိုယ်တခုနဲ့ ပြေးလာတဲ့ အခါကျတော့ အဝေးအထည်တွေတို့ အရေးတကြီး လိုအပ်နေတာပေါ့” ဟု ပြော သည်။
ကန့်ဘလူနှင့် ကောလင်းအစပ်ရှိ ကျေးရွာများကို မီးလိုက်ရှို့နေသည့် ၆၇ ဦးပါ စစ်ကောင်စီ စစ်ကြောင်းကို ဩဂုတ် ၂၃ ရက်၌ ကန့်ဘလူခရိုင် တပ်ရင်း- ၂ က ကြားဖြတ်တိုက်ခိုက်သည့် တိုက်ပွဲတွင် စစ်သား ၃၀ ထက်မနည်း သေဆုံးပြီး၊ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီး နှစ်ဦးနှင့် ၁ ပွင့် ဒုဗိုလ် တဦးကို အရှင်ဖမ်းမိကာ လက်နက်အမြောက်မြား သိမ်းဆည်း ရမိ ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည့် အင်အားအများပြား ဖြည့်တင်းလာပြီးနောက် ကော လင်းနှင့် ကျွန်းလှတို့တွင် စစ်ကြောင်းထိုးကာ ဝေဟင် တိုက်ခိုက်မှုများကိုပါ ပြုလုပ်နေခြင်း ဖြစ်သည်။
ထို တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကောလင်းမြို့နယ်၊ အောင်ချမ်းသာရွာကိုလည်း ဩဂုတ် ၂၄ ရက်က စစ်ကောင်စီ တပ်က ဝင်ရောက်မီးရှို့သဖြင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ပြီး ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ပစ်တိုက်ခိုက်စီးနင်းခဲ့ကြောင်း သိရသည်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က “ပကဖ စခန်း တခု ဝင်စီးခံရတာ။ အားလုံးလွတ်လွတ်ကင်းကင်း ဖြစ်တယ်လို့ ကြားရပါတယ်။ ဝင်စီးခံရတဲ့ အချိန်မှာ ရဲဘော်တွေက ရှေ့တန်းမှာ ရောက်နေကြတယ်လို့ သတင်းရတယ်။ ကျန်ခဲ့တဲ့ ရဲဘော်တွေကလည်း ပစ်ပြီးတော့ ပစ်ဆုတ် ဆုတ်ခဲ့ရတဲ့ အနေအထားရှိတယ်။ အားလုံး ဘေးကင်းတယ်လို့ ကြားထား ပါတယ်” ဟု ဆိုသည်။
တိုက်ပွဲ ပြင်းထန်ခဲ့သည့် ဩဂုတ် ၂၃ ရက် ညသန်းခေါင်ယံ အချိန်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က သစ်ဆိမ့် ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးနှင့် အသက် ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
You may also like these stories:
သဖန်းဆိပ်ဆည် အနောက်ခြမ်းရွာများ စီးနင်းခံရ၊ ဒေသခံများ ပိတ်မိနေ
သဖန်းဆိပ်ဆည် အနောက်ခြမ်းရွာများ စီးနင်းခံရ၊ ဒေသခံများ ပိတ်မိနေ