မြန်မာစစ်ကောင်စီကို ဘန်ကောက်တွင် ကျင်းပမည့် လက်နက်ပြပွဲ၊ ကာကွယ်ရေးနှင့် လုံခြုံရေး ဆွေးနွေးပွဲနှင့် နည်းပညာရှင်းလင်းပွဲသို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် ဖိတ်ခေါ်ထားကြောင်း သိရသည်။
လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချပြီး ၎င်းတို့ကို လက်မခံသည့် အရပ်သားအများစုအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် အရေးယူပိတ်ဆို့ထားသည်။ စစ်ကောင်စီသည် လက်ရှိအချိန်အထိ အရပ်သား၂၀၀၀ ကျော်ကို သတ်ဖြတ်ထားသည်။
အာရှ ကာကွယ်ရေးပစ္စည်း ဝယ်ယူမှုများကို တနေရာတည်းတွင် အပြီးအစီးဆောင်ရွက်ပေးမည်ဟု ကြေညာထားသည့် ဘန်ကောက်မှ ၄ ရက်ကြာ Tri-Service Asian Defense & Security Exhibition, Conference and Networking Event (Defense & Security 2022) လက်နက်ပြပွဲကို မြန်မာ အပါအဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် ဌာနများ၊ ကြည်းတပ်များ၊ လေတပ်များ၊ ရေတပ်များမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု ဆိုသည်။
နိုင်ငံတကာ စစ်ရေးနှင့် အရပ်ဘက် ခန်းမတွင်း/ပြင်ပြပွဲသည် ကြည်း၊ ရေ၊လေ စစ်လက်နက် ပစ္စည်း ကိရိယာများ၊ ကာကွယ်ရေးနည်းပညာများနှင့် ပြည်တွင်းလုံခြုံရေးများကို ပြသပြီး တနင်္လာနေ့တွင် စတင်သည်။
ထိုပွဲအစီအစဉ်တွင် မြန်မာစစ်အုပ်စု ပါဝင်သော အစီအစဉ်ဖြစ်သည့် ASEAN Defense Industry Collaboration လည်း ပါဝင်နေသည်။
အခြားဖိတ်ကြားထားသော နိုင်ငံများတွင် သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယားနှင့် စပိန်တို့လည်း ပါသည်။ ထိုနိုင်ငံများအားလုံးသည် မြန်မာကို လက်နက် ပိတ်ဆို့ထားသော နိုင်ငံများလည်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ပူးပေါင်း ဆောင်ရွက်မှု ပြခန်းတခုကို ပါဝင်တင်ဆက်သည်။
ထိုပြပွဲကို လန်ဒန်စတော့အိတ်ချိန်းစာရင်းဝင် ဖက်စပ်လုပ်ငန်း Informa Plc က စီစဉ်ကြောင်း မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုအတွက် လှုပ်ရှားနေသည့် Justice for Myanmar (JFM) က တနင်္လာနေ့တွင် ကြေညာသည်။
Informa အနေဖြင့် မြန်မာ စစ်ကောင်စီကို ပြပွဲအားလုံးတွင် ပိတ်ပင်ရန် JFM က တောင်းဆိုပြီး “မြန်မာပြည်သူများကို မြန်မာစစ်တပ်က တိုက်ခိုက်ရာတွင် သုံးသော လက်နက်ကိရိယာများ ဝယ်ယူရေး အကူအညီပေးသည့် လက်နက်ပြပွဲတွင် ပါဝင်ပတ်သက်သော Informa ကို မိမိတို့ပြစ်တင်ရှုတ်ချသည်” ဟု ကြေညာသည်။
Informa သည် ပညာရပ်ဆိုင်ရာများ ထုတ်ဝေသောလုပ်ငန်းကြီး Taylor & Francis Group နှင့် ၎င်း၏လုပ်ငန်းခွဲ Routledge ၏ မိခင်ကုမ္ပဏီဖြစ်သည်။
မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၁၉ ခုနှစ်က ကျင်းပသည့် ထိုပြပွဲကို ကိုယ်တိုင်တက်ပြီး မြန်မာစစ်တပ်၏ပြခန်းတခန်းကိုပင် ပြသသည်။ ထိုစဉ်က သူသည် ရုရှား ဒု ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးချုပ် အလက်ဇန္ဒား ဖိုမင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်း တွေ့သည်။
၂၀၁၉ ခုနှစ် ပြပွဲတွင် မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဘရူနိုင်းမှ စစ်တပ် အကြီးအကဲများနှင့်အတူ ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပွန်ပီပက် ဘန်ရာဆရီနှင့်လည်း တွေ့ဆုံသည်။
You may also like these stories:
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့
မြဝတီ သုံးထပ်ကွေ့တိုက်ပွဲ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်
စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်
စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ