ကယားပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ ထောက်ပံ့ကူညီမှုများ နည်းပါးလာသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်လာကြောင်း စစ်ဘေးရှောင်အရေး လှုပ်ရှားသူများထံကသိရသည်။
ကယားပြည်နယ်အတွင်း၌ စစ်ဘေးရှောင်ဦးရေမှာ ၂ သိန်းဝန်းကျင်ရှိကာ၊ ထိုအထဲတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဦးရေမှာ အများဆုံးဖြစ်ပြီး ၁ သိန်း ၅ သောင်းရှိကြောင်း သိရသည်။
ထောက်ပံ့ကူညီမှုများ နည်းပါးလာခြင်းအပြင် ကယားပြည်နယ်အတွင်း ရိက္ခာသယ်ယူရေး လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည့်အတွက် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်များမှာ စားနပ် ရိက္ခာ လုံလောက်မှု မရှိတော့ကြောင်း စစ်ရှောင်အရေး လှုပ်ရှားနေသူများက ဆိုသည်။
စစ်ရှောင်များအား ကူညီပေးနေသည့် Jobs For Kayah Team က “ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတယ်။ လှူဒါန်းနေတဲ့ ပြည်သူတွေလည်း အရမ်း ခက်ခဲလာတယ်။ နောက်တခုက စိုက်ပျိုးရေး မလုပ်နိုင်ဘူး။ စားနပ် ရိက္ခာကတော့ ရှားပါးလာတယ်။ ပြည်မက လာတဲ့ ဆန်တွေကို အဓိကထား ဝယ်ရတဲ့အတွက် ဆန်ဈေးကြီးတယ်။ စစ်ကောင်စီကနေ လမ်းတွေမှာ တားဆီးပိတ်ပင်တာတွေ ရှိတဲ့အတွက် လိုသလောက် မရတာမျိုး ရှိတယ်။ ရရင်လည်း နည်းနည်းပါးပါးပဲ ရတော့ ထောက်ပံ့ပေးမှုတွေ မလုံလောက်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မေလမှစ၍ ကယား (ကရင်နီ) ပြည်နယ်ရှိ စစ်ဘေးရှောင်များထံသို့ စားနပ်ရိက္ခာ ထောက်ပံ့ ကူညီသူများ သိသိသာသာ နည်းပါးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကယန်းဒေသ စစ်ရှောင်ကြီးကြပ်ရေး ကော်မတီမှ ဆရာ ဖရန်စစ်က “လူတဦးကို ရှိတာလေးနဲ့ မျှဝေပေးတယ်ဆိုတော့ ဒီကာလမှာ လူတဦးကို ဆန် ၉ ဘူး ပေးတယ်။ တခါတလေ ၁၂ ဘူး ပေးတယ်။ တကယ်တမ်း တွက်ရင် ၂ ရက် ၃ ရက် စာပဲ ဖြေရှင်းပေးနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့က တလလုံးမှာမှ ၂ ရက် ၃ ရက်စာပဲ ဖြေရှင်းပေးနိုင်တော့ ကျန်တဲ့ ရက်တွေမှာက သူတို့ဘာသာ ကြံဖန်စားရတာပေါ့” ဟုပြောသည်။
တချို့သော စစ်ရှောင်စခန်းများမှာ ရိက္ခာ မရှိတော့သည့် အခြေအနေများဖြင့် ကြုံတွေ့နေရပြီး နီးစပ်ရာတွင် ချေးငှား၍ စားသောက်ရခြင်းနှင့် မြေပြင်ရှိ စစ်ရှောင်ကူညီရေးအဖွဲ့ငယ်များထံ ဆက်သွယ် အကူအညီတောင်းကာ ဖြေရှင်းနေကြ ရကြောင်း သိရသည်။
အသက် ၅၀ ဝန်းကျင်ခန့်ရှိသည့် စစ်ရှောင် အမျိုးသမီးတဦးက “နပ်မှန်အောင် စားနိုင်တဲ့သူလည်း ရှိသလို မစားနိုင်တဲ့ သူတွေလည်း ရှိတယ်။ မိသားစုဝင်ဦးရေ ၁၀ ယောက် ကျော်တဲ့လူဆို ပိုပြီးခက်ခဲကျပ်တည်းတယ်။ အဲဒီမှာဆိုရင် ကလေးတွေကို ပိုကျွေးပြီး ခံနိုင်ရည်ရှိတဲ့ လူကြီးတွေက သိပ်မစားကြတော့ဘူး” ဟု ပြောသည်။
တောထဲတွင် ရရှိသည့် အရွက်များကို အဓိကထားစားရပြီး အသားငါး မစားရသည်မှာ ကြာနေပြီဖြစ်ကြောင်းလည်း စစ်ဘေးရှောင်များက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်များအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်၍ သိုလှောင်ထားသည့် ရိက္ခာများ ဖျက်ဆီးခြင်းနှင့် တိုက်ပွဲများဖြစ်ပွားနေ၍ လယ်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ခြင်း တို့ကြောင့် စားနပ်ရိက္ခာရရှိမှုမှာ ပို၍ပင် ခက်ခဲကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။
စစ်ရှောင် ကူညီသူတဦးကလည်း “ကျနော် ခန့်မှန်းကြည့်မိသလောက်တော့ စစ်ရှောင်တွေ ပိုပြီးတော့ ခက်ခဲလာနိုင်တယ်။ ဘာကို မျှော်လင့်သလဲဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေ စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေ ဝင်လာမှပဲ အဆင်ပြေနိုင်မယ်။ ကျနော်တို့က ရိက္ခာတခုထဲ မဟုတ်ဘူး။ ကျန်းမာရေးပိုင်းတွေလည်း ရှိတယ်။ စစ်ရှောင် ပြည်သူတွေ အဓိက အခက်ခဲဆုံးက စားစရာ ဆန်၊ ဆီပေါ့။ ဟင်းစားက ရှိတာနဲ့ စားလို့ ရသေးတယ်။ ဆန်တွေ ဝယ်လို့မရတာ ဆန်ဈေးကြီးတာ။ အလှူရှင်တွေ လျော့နည်းသွားတာ။ ဒီလိုတွေ ဖြစ်အောင်လည်း စစ်ကောင်စီက အမျိုးမျိုး လုပ်တယ် လို့ ထင်တယ်” ဟု ပြော သည်။
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းက ယာယီ စခန်းများမှာ နေထိုင်ကြရပြီး အများစုက ထောက်ပံ့ လှူဒါန်းမှုနှင့် ရပ်တည်နေကြရခြင်းဖြစ်သည့်အတွက် စားနပ်ရိက္ခာ ပြတ်လပ်သည့် ပြဿနာ ကြုံနေကြရ ခြင်းဖြစ် သိရသည်။
ကယားပြည်နယ်ရှိ စစ်ရှောင်အနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုအပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုပါ ကြုံ နေရကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောသည်။
၎င်း က“စားနပ်ရိက္ခာလို ပံ့ပိုးပေးနိုင်တဲ့ အစုအဖွဲ့က နည်းတော့ လိုအပ်ချက်က နည်းနည်း များတယ်လို့ ပြောလို့ရတယ်။ ကလေးတွေအတွက် အစာ အာဟာရပိုင်း လိုအပ်ချက် ရှိတယ်။ အာဟာချို့တဲ့မှု ပုံစံမျိုး တွေ့လာရ။ အရမ်း အလွယ်တ ကူ ဖျားနာလာကြတယ်။ နောက်တခုက မိခင်နဲ့ ကလေးတွေရဲ့ ကျန်းမာရေးပဲ။ အာဟာရပြတ်တာတွေ ရှိလာတော့ ကလေးတွေ အတွက်လည်း စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ တိုးတက်မှုကို ထိခိုက်သွားနိုင်ပါတယ်” ဟု ဆိုသည်။
စစ်ရှောင်များအနေဖြင့် စားစရာမရှိတော့သည့်အတွက် မိမိတို့နေရပ်ကျေးရွာများသို့ ပြန်ယူကြရာတွင်လည်း စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းထိသူများရှိသည့်အတွက် နေရပ် မပြန်ရဲတော့ဘဲ တောတောင်များ၊ ယာယီစခန်းများတွင်သာ ချို့တဲ့စွာ နေထိုင်နေကြရကြောင်း သိရသည်။
ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) မှ ပြောရေးဆိုခွင့်ရှိသူ အယ်ဗလင်း က “တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ ခံစားချက်က ဒီတကြိမ်ဟာ နောက်ဆုံးအကြိမ် ဖြစ်ဖို့ကို ယုံကြည် မျှော်လင့်နေကြတယ်။ ပြည်နယ်မှာ ထိုးစစ်တွေ ခံနေရတယ်။ လူထုတွေက အသက်တွေ အများကြီး ပေးရတယ်။ တောတောင်တွေမှာ ပုန်းခိုနေရတယ်။ ဒါပေမယ့် ကရင်နီပြည်သူတွေ ကတော့ ယုံကြည်မှု ရှိတယ်။ ငါတို့ မကြာခင် နိုင်တော့မယ်၊ ငါတို့ တောင့်ခံမယ်၊ ငါတို့ အရှုံးပေးလို့ မရဘူး။ ပြည်သူ့ကာကွယ်ရေးတပ်တွေက စကစကို ရွပ်ရွပ်ချွံချွံ တိုက်နိုင်အောင် ငါတို့ ပြည်သူလူထုအနေ နဲ့ အနည်းဆုံးသော တာဝန်က စစ်ရှောင်ပေးဖို့ အရေးကြီးတယ်ဆိုတဲ့ စိတ်တွေလည်း အများကြီး ရှိနေကြတယ်” ဟု ဆိုသည်။
ကယားပြည်နယ်တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက် အထိ တိုက်ပွဲပေါင်း ၄၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄၉ ဦး၊ စစ်ကောင်စီတပ်မှ ၁၃၀၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်က ထုတ်ပြန် ထားသည်။
ကယားပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းများ၏ စာရင်းများအရ တိုက်ပွဲများကြောင့် ၂၀၂၂ ဩဂုတ်လ ၁ ရက်အထိ အာဏာသိမ်း ၁ နှစ်ကျော်အတွင်း ကယားပြည်နယ် တခုလုံးတွင် ဒေသခံ အရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၂ သိန်း နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
You may also like these stories:
ကျွန်းလှနယ်၌ စစ်တပ်က ရွာများကို မီးရှို့ကာ လူ ၆၀ ခန့် ဓားစာခံအဖြစ် ဖမ်းထား
ကောလင်းတွင် လေယာဉ်ဖြင့်ဗုံးကြဲ၍ ကိုယ်ဝန်ဆောင် ၁ ဦးအပါဝင် ၄ ဦး သေဆုံး