နိုင်ငံခြား ငွေလဲနှုန်း အဆမတန် မြင့်လာ၍ ပြည်ပမှ တင်သွင်းရသည့် ဓာတ်မြေဩဇာတို့ကဲ့သို့ စိုက်ပျိုးရေးသုံး သွင်းအားစုတို့မှာ ယခင်ထက် ဈေးတက်လာသောကြောင့် လယ်ယာမြေများ၌ ဓာတ်မြေဩဇာ အနည်းငယ်သာ သုံးစွဲနိုင်တော့ကြောင်း လယ်သမားများထံမှ သိရသည်။
ဓာတ်မြေသြဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အပင်အားဆေး အစရှိသည့် သွင်းအားစုများကို လျော့ချသုံးစွဲရသဖြင့် ယခုနှစ် မိုးစပါးရာသီတွင် အထွက်နှုန်း ကျဆင်းမည့် အခြေအနေများနှင့် လယ်သမားများ ရင်ဆိုင်နေရကြောင်း သိရသည်။
စစ်တပ် အာဏာ မသိမ်းခင်က စပါးအထွက်နှုန်း တိုးစေရန်အတွက် အသုံးပြုသော ယူရီးယား (နိုက်ထရိုဂျင် ၄၆ ရာ ခိုင်နှုန်းပါ) မြေဆီတအိတ်လျှင် ကျပ် ၆ သောင်းကျော်ရှိရာမှ ယခု စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲကျော်အကြာတွင် တအိတ် ၁၂၀၀၀၀ ကျပ်အထိ မြင့်တက်လာသလို ပေါင်းမြက်သတ်ဆေး (ပင်လုံးဖြတ်) ၁ ဂါလံလျှင် အာဏာ မသိမ်းခင်က ကျပ် ၂၀၀၀၀ ကျော် ရှိရာမှ ယခု အချိန်တွင် ကျပ် ၇၀၀၀၀ ကျော်အထိ ဈေးနှုန်းများ မြင့်လျက်ရှိသည်။
ထိုအခြေအနေများကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းရှိ လယ်သမား အများစုမှာ လယ်ယာမြေများကို စိုက်ပျိုးထားသော်လည်း အပင်နှင့် ပတ်သက်သည့် နောက်ဆက်တွဲ သွင်းအားစုများကို အသုံးမပြုနိုင်သဖြင့် အထွက်တိုးစပါး (ငစိန်ဆန်) စပါးစိုက်သည့် လယ် ၁ ဧက လျှင် ယခင်က စပါးတင်းရေ ၆၀ ထွက်လျှင် ယခုအခါ စပါးတင်းရေ ၁ ဧက တင်း၂၀ မှ ၂၅ တင်းခန့်သာ အထွက်နှုန်း ကျသွားနိုင်ကြောင်း လယ်သမားများက ဆိုသည်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ရှိ လယ်သမားကြီး ဒေါ်လှက “ထွက်တိုးစပါး (ငစိန်ပု) ကြဲထားတယ်။ အစာ (သွင်းအားစု) မကျွေးနိုင်တော့ မြက်တွေက တအားလိုက်တာ။ စပါးပင်က တထောင်သာသာပဲ ရှိတယ်။ ပေါင်းသတ်ဆေး မထည့်နိုင်တော့ မြက်တွေက စပါးပင်ထက် ပိုကြီး ထွားနေတာပေါ့။ ပထမ စစိုက်ချင်းမှာတော့ ကျွေးနိုင်သေးတယ်။ အခု ဒုတိယ အကြိမ်ကျတော့ မကျွေးနိုင်တော့ အဲဒီလိုဖြစ်တာ။ မြေဆီလည်း မထည့်နိုင်တော့ စပါးတွေက ဝါပြီးတော့ ထိုင်နေတာပေါ့။ ပေါင်းသတ်ဈေးကလည်း မနေ့က ၆၀၀၀၀ ကျော်ကနေ ဒီမနက် ၇၈၀၀၀ ကျပ် ဖြစ်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
စပါးပင်၏ သက်တမ်းအလိုက် သွင်းအားစု ထည့်ရမည့်အချိန်တွင် မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် မထည့်ပေးနိုင်သဖြင့် ယခုအချိန် သွင်းအားစုထည့်ပေးရမည့် ကျော်လွန်သွားပြီ ဖြစ်၍ အထွက်နှုန်းကျမည့် အခြေအနေများနှင့် ရင်ဆိုင်နိုင်သည်။
စပါးပင်၏ သက်တမ်းအလိုက် သွင်းအားစု ထည့်ရမည့်အချိန်တွင် မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် မထည့်ပေးနိုင်သဖြင့် ယခုအချိန် သွင်းအားစုထည့်ပေးရမည့် ကျော်လွန်သွားပြီ ဖြစ်၍ အထွက်နှုန်းကျမည့် အခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက တချို့ တောင်သူတွေက “အခုကတော့ လယ်သမား တော်တော်များများကလည်း စားဖို့တောင် အနိုင်နိုင်ဆိုတော့ တော်တော်များများက စပါးတော့ စိုက်တာ ရှိတယ်။ ဒါပေမယ့် သွင်းအားစု မထည့်နိုင်ဘူး။ အဲဒီ တော့ အထွက်နှုန်းက ကျမှာပဲ။ မြက်တွေက စပါးပင်တွေပေါ် ဖုံးနေတယ်။ ထွက်သလောက်ပဲ ယူမယ်ဆိုပြီး လုပ်နေ ရတာ။ ကုန်ဈေးနှုန်းမြင့်လို့ တချို့ဆို ငတ်နေပြီ” ဟု ဆိုသည်။
စပါး အမျိုးအစားတွင် တောင်ပျံ၊ ကောက်ကြီး၊ ခွန်နီ အစရှိသည့် စပါးများမှာ ၁ ဧကလျှင် စပါး တင်းရေ ၅၀၊ ၆၀ မှ ၁၀၀ နီးပါးအထိ ထွက်ပြီး သွင်းအားစု မထည့်နိုင်ပါက ၁ ဧကလျှင် စပါး ၁၅ တင်း၊ တင်း ၂၀ ဆိုသည်မှာ အလွန်ဆုံး ထွက်မည့် အခြေအနေ ဖြစ်ကြောင်း လယ်သမားများထံက သိရသည်။
ဧရာဝတီတိုင်းရှိ လယ်သမားကြီး တဦးက “အရည်အသွေး မီအောင် ထွက်နှုန်း ပြည့်မီအောင် မြေဩဇာ မကျွေးနိုင်တဲ့ အတွက် အများစုက အထွက်နှုန်းလျော့မှာ ဖြစ်တယ်။ မြေဩဇာနှစ်အိတ် ကျွေးရမယ့်နေရာမှာ ၁ အိတ်ပဲ ကျွေးနိုင် တယ်။ ဒီတော့ ဧရာဝတီတိုင်းရဲ့ မိုးစပါးမှာ ပျမ်းမျှ တဧကကို ၅ တင်းကနေ ၁၀ တင်း၊ တင်း ၂၀ အထိ လျှော့သွားနိုင် တယ်။ အခုချိန်ဆိုရင် ယူရီးယားခေါ် နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန်းပါတဲ့ မြေဆီတွေကို ကျွေးရမှာဖြစ်တယ်။ ဒါဆိုရင် စပါး အစေ့အဆန်က မြန်မြန် အောင်တယ်။ အခုက ဈေးနှုန်း အရမ်းကြီးမြင့်နေတော့ မကျွေးနိုင်ကြတာ များတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ဧရာဝတီတိုင်းရှိ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင် အောက်ပိုင်းဒေသများတွင် ဧရာဝတီပေါ်ဆန်း စိုက်ပျိုးမှုများပြီး ပုသိမ်ခရိုင် အပေါ်ပိုင်း၊ မအူပင်ခရိုင်၊ မြောင်းမြ အထက်ပိုင်းရှိ အိမ်မဲနှင့် ဟင်္သာတခရိုင်တို့တွင် သက်ရင့် ဧည့်မထ စပါးမျိုးကို စိုက်ပျိုးကြသဖြင့် ယင်းအထဲတွင် ဓာတ်မြေဩဇာ အပြည့်အဝ ကျွေးနိုင်သည့် တောင်သူ တဝက်နီးပါးရှိပြီး တဝက်မှာ ဓာတ်မြေဩဇာ အပြည့်အဝ ကျွေးနိုင်ခြင်းမရှိသဖြင့် စပါးအထွက်နှုန်းမှာလည်း လျော့ကျ မည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့်၂၀၁၉ ခုနှစ်က မိုးစပါးတဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၃ သိန်းကျော်သာ ကုန်ကျခဲ့ပြီး အာဏာသိမ်းပြီး နောက် စိုက်ပျိုးစရိတ်များ မြင့်တက်လာကာ ယခု ၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ရာသီတွင် တဧက စိုက်စရိတ် ကျပ် ၅ သိန်းကျော် အထိ ကုန်ကျကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၁၉ ခုနှစ်က မိုးစပါးတဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၃ သိန်းကျော်သာ ကုန်ကျခဲ့ပြီး အာဏာသိမ်းပြီး နောက် စိုက်ပျိုးစရိတ်များ မြင့်တက်လာကာ ယခု ၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ရာသီတွင် တဧက စိုက်စရိတ် ကျပ် ၅ သိန်းကျော် အထိ ကုန်ကျကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အစရှိသည်တို့တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများမှာ ဒေါ်လာ ဈေးမြင့်တက်လာမှုကြောင့် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာ မကျွေးနိုင်သဖြင့် စပါးအထွက်နှုန်းများ လျှော့ကျနိုင်သလို အထက်မြန်မာပြည်၏ ဆန်အိုးဟု တင်စားနိုင်သော စစ်ကိုင်းတိုင်းမှာလည်း တတိုင်းလုံးနီးပါး စစ်ကောင်စီက ကျေးရွာများတွင် စပါးကျီများ၊ မျိုးစပါးများပါ မကျန် မီးရှို့ခြင်းနှင့် နေ့စဉ်နှင့်အမျှ စစ်ကြောင်း ထိုးနေ သောကြောင့် တောင်သူအများစုမှာ စပါးစိုက်ပျိုးနိုင်ခြင်း မရှိသည့် အခြေအနေ ဖြစ်သည်။
စစ်ကိုင်းတိုင်းရှိ သီးနှံစိုက်ပျိုးသူ တဦးက “ကျနော်တို့ဆီက နယ်မြေ တည်ငြိမ်မှုမရှိတော့ စိုက်ဖို့ပျိုးဖို့က တော်တော် စဉ်းစားရတာ။ ပြီးတော့ ဈေးကွက်ကလည်း မရှိဘူးဗျ။ ကုန်ဈေးနှုန်းတွေကတက်တော့ အရင်းအနှီးလည်း မနည်းဘူး။ အရင် ဆယ်ဧကလောက် စိုက်ရင် အခု တဧကတောင် မနည်း စိုက်ရတာ။ ပြေးနေရတာလည်း ပါတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သွင်းအားစုများကို ဘရူနိုင်း၊ တရုတ်၊ အစ္စရေး၊ ဂျပန်၊ မလေးရှား၊ ရုရှား၊ ထိုင်း၊ အာရပ်စော်ဘွားများ ပြည် ထောင်စုနိုင်ငံ၊ ဗီယက်နမ်နှင့် အိန္ဒိယတို့က ပင်လယ်ရေကြောင်းက တဆင့် တင်သွင်းခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ဓာတ်မြေဩဇာများ ပြည်ပမှ တင်သွင်းနိုင်ရေးအတွက် နိုင်ငံခြားသုံး ငွေကြီးကြပ်မှုကော်မတီနှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကို ထောက်ခံပေးလျက်ရှိပြီး မေ ၁၁ ရက်မှ ဩဂုတ် ၁၂ ရက်အထိ ယူရီးယားတန်ချိန် ၃၄၉,၀၅၅ တန်နှင့် ကွန်ပေါင်း တန်ချိန် ၄၇၅,၂၁၅ တန်တို့ကို ထောက်ခံပေးထားပြီး၊ တင်သွင်းပြီး တန်ချိန် ၁၇၇,၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅,၀၀၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း ပြောဆိုထားသည်။
You may also like these stories:
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ
တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ
ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ
စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော
ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး