အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးကို အကြောင်းပြကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့နှင့် အပစ်ရပ်နိုင်ရေး ကြိုးပမ်းနေကြောင်း နိုင်ငံရေး လေ့လာသူများ၊ စစ်ကောင်စီကို တိုက်ခိုက်နေသည့် EAO အချို့က ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၂၂ ရက်မှ စတင်ကာ ၎င်းတို့နှင့် ပဋိပက္ခ ဖြစ်ပွားခြင်း မရှိသည့် EAO များနှင့် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပြီး ဩဂုတ်လ ၂၉ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နေပြည် တော်တွင် တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေး မျှော်မှန်းချက်အဖြစ် ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ပြောဆိုကြောင်း စစ်ကောင်စီက ထိန်းချုပ်ထားသည့် ဩဂုတ် ၃၀ ရက် ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ယင်းပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကို အခြေခံကာ ငြိမ်းချမ်းရေး လမ်းကြောင်းအား ဆက်လက် ဖော်ဆောင်သွားမည် ဟုလည်း စစ်ကောင်စီဘက်က ပြောသည်။
စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်ကာ အတွင်းရေးမှူး (၁) ဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗိုလ်မှူးကြီး ဆောင်းဟန်နှင့် ဗိုလ်မှူးကြီး အောင်တိန်း တို့ တက်ရောက်ခဲ့ကြောင်း RCSS ဘက်က ပြောသည်။
တွေ့ဆုံပွဲတွင် ဖက်ဒရယ် တည်ဆောက်ရေး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး၊ လက်ရှိ နိုင်ငံ ရေး အကျပ်အတည်း ဖြေရှင်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ်အကြောင်း၊ စစ်ဘေးရှောင်များအား ကူညီနိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူး ခမ်းစံက ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း အထက်ပါ အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူး ခမ်းစံက စစ်ကောင်စီဘက်က ပြောသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် NCA ကို အခြေခံ ကာ ငြိမ်းချမ်းရေး လမ်းကြောင်းအား ဆက်လက် ဖော်ဆောင်သွားမည်ဆိုသော အချက်မှာ ဖြစ်ကောင်းဖြစ်နိုင်ခြေ ရှိသည်ဟု မရေမရာ မှတ်ချက်ပေးသည်။
၎င်းက “အရင် ငြိမ်းချမ်းရေး ဆွေးနွေးတုန်းက ပြည်ထောင်စု သဘောတူညီချက်ကို လွှတ်တော်မှာ အတည်ပြုတာ ရှိပါတယ်။ သူတို့ (စစ်ကောင်စီ) ပြောတာက လွှတ်တော်မှာ အတည်ပြုထားပြီးသားကို အကောင်အထည်ဖော်ဖို့ ဆိုလိုတာ ထင်ပါ တယ်။ NCA ကိစ္စ ဆွေးနွေးဖို့ဆိုတာက အကြောင်းအရာတခု၊ သဘောတူထားပြီးသားကို ဆက် အကောင်အထည် ဖော်ဖို့ဆိုတာက အကြောင်းအရာ တခုပါ” ဟု ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီအား လက်နက်ကိုင် တိုက်နေသည့် ကရင်နီ အမျိုးသားများ တိုးတက်ရေး ပါတီ (KNPP) ဘက်ကမူ စစ်ကောင်စီသည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များအား ပိုမို တိုက်ခိုက်လိုသဖြင့် EAO အဖွဲ့များအား ခွဲထုတ်နိုင်ရေး လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။
KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “စစ်ကောင်စီက NUG နဲ့ EAO တွေ ပူးပေါင်း ဆောင်ရွက် နေတာကို သီးခြားစီ ခွဲထုတ်ချင်နေတာပါ။ ကျနော်တို့အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား အများစုက လိုလားတဲ့ အမျိုးသား တန်းတူရေး၊ တရား မျှတရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးက ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်ပါတယ်” ဟု ဆိုသည်။
အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်တပ်၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးတွင် စစ်တပ် ဆက်ပါနိုင်ရေးကိုသာ အာမခံထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ ဥက္ကဋ္ဌနှင့် သွားရောက် တွေ့ဆုံဆွေးနွေးသည့် အဖွဲ့များသည်လည်း ၎င်းတို့ အဖွဲ့အစည်း၏ အကျိုး စီးပွားပေါ် အခြေခံကာ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်ဆန်းမြင့်က သုံးသပ်သည်။
ဦးအောင်ဆန်းမြင့် က “နယ်မြေ အနေအထားအရ သော်လည်းကောင်း၊ အကျိုးအမြတ်အရ သော်လည်းကောင်း ဒါကတော့ ဆုံးဖြတ်ချက်ချရတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ ဆိုလိုတာကတော့ များသောအားဖြင့် Interest က တော့ ၃ မျိုးပိုင်းလို့ ရပါတယ်။ နံပါတ် ၁ က ပြည်သူလူထုရဲ့ Interest ၊ လူမျိုးတမျိုးချင်းစီရဲ့ Interest ၊ Organization Interest ဒါကို အများဆုံး အခြေခံ ကြပါတယ်။ သို့သော်လည်း တချို့တွေကလည်း Organization Interest ကို Priority ထားတာလည်း ရှိပါလိမ့်မယ်။ ကျနော်တို့ KNPP ကတော့ ၂၀၀၈ နဲ့ NCA ကို အခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို သိပ်တော့ စိတ်မဝင်စားဘူးပေါ့ဗျာ” ဟု ဆိုသည်။
ယင်းအပြင် စစ်ကောင်စီဘက်က ပြောနေသည့် ဖက်ဒရယ်ပုံစံသည်လည်း ဖက်ဒရယ် အယူအဆနှင့် လွဲမှားနေ ကြောင်း ဦးအောင်ဆန်းမြင့်က ထောက်ပြသည်။
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌက လက်ရှိမြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို လုပ်ပိုင်ခွင့် အာဏာ အချို့ ပေးထားပြီး ထိုသို့ လုပ်ပိုင်ခွင့်ပေးထားသည်ကပင် ဖက်ဒရယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည် ဖြစ်ကြောင်း ဩဂုတ်လ ၁၆ ရက်က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုဖူးသည်။
ဦးအောင်ဆန်းမြင့်ကမူ “အခု စစ်ကောင်စီ ပြောနေတဲ့ဟာက Centralize ပေါ့။ ဗဟိုကနေ ချုပ်ကိုင်ပြီး လုပ်တယ်ဆိုတာကို မေ့မရသေးတဲ့ ပုံစံပါ။ တကယ်တော့ ဖက်ဒရယ်ဆိုတာ ဘယ်သူကနေ ဘယ်လို အာဏာပေးလိုက်လို့ ဘယ်သူ က ရတယ်ဆိုတာ မရှိပါဘူး။ ၂ ဖက်ကြားထဲမှာ ညှိနှိုင်းသဘောတူပြီး အာဏာကို ခွဲဝေယူတာဖြစ်ပါတယ်။ အခု သူ ပြောနေတဲ့ ပုံစံက Centralized ကနေ အာဏာတချို့ကို လျှော့ချပေးမယ်။ ဖြေလျှော့ပေးမယ် ဆိုတာမျိုးဖြစ်နေပါ တယ်။ Decentralized ကို သူက ပြောနေတာဖြစ်တယ်။ ဖက်ဒရယ်အယူအဆနဲ့ ပတ်သက်ရင် အများကြီး ပြောရဦး မယ်လို့ မြင်ပါတယ်။ သူပြောတာက စစ်တပ်က နိုင်ငံရေးမှာ ဆက်ပြီး ပါဝင်နေမယ်။ ကျနော်တို့ ပြည်နယ်တွေ၊ တိုင်း ရင်းသားတွေက ဗဟိုအစိုးရက ချပေးတဲ့ အာဏာကိုပဲ ကျင့်သုံးခွင့်ရှိတယ်ဆိုတာမျိုး ဖြစ်နေပါတယ်” ဟု မှတ်ချက်ပေးသည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ RCSS နှင့် စစ်ကောင်စီသည် လူကြားကောင်းရန် သာ နိုင်ငံရေး စကားလုံးများ သုံးစွဲ ထုတ်ပြန်နေခြင်းဖြစ်ပြီး ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်အောင်မြင်နိုင်ရေး လုပ် ဆောင်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။
၎င်းက “စစ်တပ်ဘက်ကလည်း တပြည်လုံးမှာ စစ်တိုက်နေရတော့ တချို့ EAO အဖွဲ့တွေ ဆွဲထားလို့ ရမယ့်အဖွဲ့တွေကို ဆွဲဖို့ ကြိုးစားနေတာပဲ။ တဖွဲ့ မတိုက်ရရင် တဖွဲ့ သက်သာတာပေါ့။ RCSS ဘက်ကလည်း ဝ ရော၊ SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နဲ့ရော တိုက်ရတော့ အင်အားက ချိနဲ့နေတယ်။ ရှမ်းမြောက်ရော၊ ရှမ်းတောင်ရော ဆုတ်နေရတော့ တပ်နဲ့ အပစ်ရပ်ချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ။ ကျန်တဲ့ နိုင်ငံရေး ဝေါဟာရတွေကတော့ ကြားကောင်းအောင် ပြောနေတာပဲ။ ဘာမှ အကျိုးရလဒ်ရှိမှာ မဟုတ်ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လူအများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို တောင်းဆိုမှုများနေသဖြင့် စစ်ကောင်စီဘက်ကလည်း အများအကြိုက် လိုက်ပြောနေခြင်းဖြစ်ပြီး ၎င်း၏ စစ်ရေးရည်မှန်းချက် ပေါက်မြောက်ရန် လိမ်ညာနေခြင်းသာ ဖြစ်ကြောင်း ၎င်းကဆက်၍ မှတ်ချက်ပေးသည်။
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့ တို့နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် ဩဂုတ်၂၉ ရက်တွင် ထပ်မံ တွေ့ဆုံခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလက စတင် ပြုလုပ်သည့် စစ်ကောင်စီ ဥက္ကဋ္ဌနှင့် EAO များ၏ ပထမအကြိမ် တွေ့ဆုံပွဲတွင် ဝ ပြည် သွေး စည်း ညီညွတ်ရေး ပါတီ (UWSP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် (NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ RCSS ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ALP၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ PNLO၊ LDU၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နှင့် တဖွဲ့ချင်းစီ တွေ့ဆုံခဲ့သည်။
You may also like these stories:
ကယား စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်တော့မည်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့
ဆင်ဖြူတော်သယ်မည့် စစ်ကောင်စီ၏ အကြံ AA တားဖို့ လုပ်နေသလား