မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးရှိ အာဏာသိမ်း စစ်ကောင်စီ၏ စခန်းတခုကို ရက္ခိုင့်တပ်တော် (AA) က သြဂုတ် ၃၁ ရက်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီ၏ အခိုင်အမာစခန်းသည် ရက်ပေါင်းများစွာ အပြန်အလှန်တိုက်ပွဲများ ဖြစ်နေသည့် နေရာများထဲမှ တခုဖြစ်ပြီး သြဂုတ် ၃၁ ရက် နံနက် ၉နာရီ ၁၂ မိနစ်တွင် AA တပ်ဖွဲ့ဝင်များက စခန်းတခုလုံး အပြီးသတ် သိမ်းပိုက်လိုက် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၉ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းအမြောက် အများ သိမ်းမိကြောင်း၊ ပြင်ထန်သော ဒဏ်ရာရထားသည် ဒုတပ်ကြပ် သက်ကိုဦးကို ဖမ်းမိကြောင်း ဓာတ်ပုံ၊ အမည် စာရင်းများနှင့်တကွ AA ဘက်က ထုတ်ပြန်သည်။
ထို့ပြင် စခန်းအတွင်း မြှုပ်နှံထားသော အလောင်း အမြောက်အမြားကိုလည်း တွေ့ရှိရကြောင်းနှင့် AA ဘက်မှလည်း အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျ အဆုံးတချို့ ရှိခဲ့ကြောင်း ဆိုထားသည်။
ပြီးခဲ့သည့် သြဂုတ် ၂ ရက်ကတည်းက စတင်ပြီး AA နှင့် စစ်ကောင်စီတပ်များကြား အဆိုပါ စခန်းဝန်းကျင် အပါအဝင် ပလက်ဝဒေသနှင့် အခြားနေရာများ၌ တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေခြင်း ဖြစ်ကာ ယခုဆိုလျှင် ၁ လနီးပါးထိ ကြာမြင့်ပြီ ဖြစ်သည်။
AA ၏ ထုတ်ပြန်ချက်အရ နယ်စပ်မိုင်တိုင် အမှတ် ၃၇ မှ မိုင်တိုင် ၄၀ ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်၌ စစ်ကောင်စီဘက်မှ AA အား ပိတ်ဆို့ဖြတ်တောက်ထားသည့်နည်းတူ ၎င်းတို့ဘက်ကလည်း စစ်ကောင်စီ စခန်းအချို့အား ပိတ်ဆို့ဖြတ်တောက်ထားကြောင်း၊ စစ်ကောင်စီက ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် ၃၄၊ ၃၈၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် ၃၈ နှင့် ၃၉ ကြား နေရာများ အပါ အဝင် အနီးအနားရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများ ဖြင့် တရက်လျှင် အကြိမ်ရေ ၃၀၀နှင့် ၄၀၀အကြား နေ့စဉ်ပစ်ခတ်ကြောင်း၊ ထို့အပြင် ယခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်ကြောင်း သိရသည်။
သြဂုတ် ၂၈ ရက်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ၊ မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း – ခမရ (၃၇၇)၊ ခမရ (၃၇၈)၊ ခမရ (၅၄၀) တို့အပြင် ၎င်းတို့ တပ်စွဲထားသော တိမ်ညို၊ သင်းကျိုက်တောင်၊ လင်းမြီတောင် စသည့်နေရာများမှ မြောက်ဦးမြို့နယ်အတွင်းရှိ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်း နား၊ လက္ကာ၊ ဝေသာလီ ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် မောင်မြတ် သူလင်း အပါအဝင် ဦးလှအောင်သိန်း (၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (၆၉ နှစ်) တို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ဒဏ် ရာရရှိသူ ၉ ဦးထိ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် ချက်ချင်းလက်တုံ့ပြန်သည့် အနေဖြင့် စစ်ကောင်စီ၏ မိုင်တိုင်အမှတ် ၄၀ စခန်းအား ယခုကဲ့သို့ တိုက် ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း AA က ဆိုသည်။
ယင်းနေ့ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုက်နက်ထဲသို့ လည်း ကျရောက်မှု ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Masud Bin Momen က မြန်မာသံအမတ် အား ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာနများတွင် ဖော်ပြခဲ့သည်။
စစ်ရေးအကဲခတ်တဦးက “AA တပ်ဖွဲ့ဝင်တွေက မောင်တောအနောက်ခြမ်းနဲ့ တဆက်တည်း ပလက်ဝအနောက်ခြမ်းဒေသ တွေကို အခိုင်အမာခြေကုပ်ယူဖို့ တိုက်ခိုက်နေတယ်လို့ သုံးသပ်ရတယ်။ စစ်တပ်ကလည်း အဲဒီနေရာတွေကို လက်လွှတ် မခံနိုင်ဘူး။ အဲဒါကို ပေးလိုက်ရရင် ကြိမ်းချောင်းနယ်ခြားစောင့်ဌာနချုပ်ထိ ပါသွားတယ်ဆိုတော့ သူတို့လည်း အသဲအသန် တိုက်နေတာပေါ့။ ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း သူတို့ ပိုက်နက်ထဲကို ကျည်ဆန်ကျရင်တော့ အကြီးအကျယ် ကန့်ကွက် မယ်။ ဒါမှမဟုတ် လျော်ကြေးတောင်းမယ်။ နိုင်ငံချင်း စစ်ဖြစ်မယ့် အနေအထားတော့ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သြဂုတ် ၃၀ ရက် ညနေပိုင်းတွင် ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာအနောက်ဘက်၊ မီတာ ၇၀၀ အကွာအဝေးရှိ ကား လမ်းမအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပြီး AA ဘက်ကလည်း ဒဏ်ရာရရှိသူအချို့ ရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် ခမောင်းဆိပ်ဗျူဟာမှ စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ခမောင်းဆိပ်ကျေး ရွာရှိ ဗောဓိအလင်း ပရဟိတစာသင်ကျောင်းနှင့် ဈေးဆိုင်တန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံများ မှာ ထွက်ပြေးတိမ်းရှောင်နေကြရာ ရွာအတွင်း လူမရှိတော့ဘဲ စပ်တပ်သာ ကျန်တော့သည့်အတွက် ၎င်းတို့သာ မီးရှို့ ခြင်း ဖြစ်ကြောင်း ခမောင်းဆိပ် ကျေးရွာသားတဦးက ပြောသည်။
ခမောင်းဆိပ်ကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာတဦးကလည်း “ခမောင်းဆိပ် အနီးဝန်းကျင်မှာ စစ်တပ်က ဗျူဟာကုန်း ၃ ခု ထိုင်ထားတယ်။ သြဂုတ် ၂၆ ရက်နေ့က စဖြစ်တာ။ နံနက် ၂ နာရီကနေ ညနေ ၅ နာရီထိ လက်နက်ကြီး၊ လက်နက်ငယ်၊ အမြောက်သံ နှစ်ဖက်ပစ်ခတ်တာ ၁ စက္ကန့်မှမနားဘူး တိုက်ကြတာ။ ကျနော်တို့လည်း ဒီမှာနေလို့ သေမယ့် အတူတူ ဖြစ်ချင်တာဖြစ် ဆိုပြီးတော့ ကျနော်တို့ ပညာရေးဝန်ထမ်း ၁၀ ဦး အသက်စွန့်ပြီး ပြေးလာကြတာ။ တိုက်ပွဲက ဒီနေ့ ထိ ဖြစ်တုန်းပဲ” ဟု ဆိုသည်။
သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းတွင်လည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဘက် မီတာ ၅၀၀ ခန့် အကွာ အဝေး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး မျက်မြင်ကျဆုံးခဲ့ကြောင်းနှင့် တိုက်ပွဲမှာ ညနေ ၅ နာရီထိ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း AA က ဆိုသည်။
လက်ရှိ AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲသတင်းများ၊ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကမူ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ ဖြစ်လာမှုနှင့် ပတ်သက်၍ စစ်ရေးအကဲခတ်တဦးက “တိုက်ပွဲကတော့ အကန့်အသတ်နဲ့ တိုက်နေကြတယ်လို့ သုံးသပ်လို့ရတယ်။ AA က တိုက်ပွဲဖော်ဆောင်မယ် ဆိုရင်တော့ ကျောက်တော်၊ မင်းပြားတို့မှာလည်း ဖော်လို့ရတာပဲ။ အခုက မောင်တောအနောက်တခြမ်းလုံးကို ခြေကုပ်စခန်းယူဖို့အတွက် တိုက်နေတယ် လို့ ယူဆလိုရတာပေါ့။ အဲဒီဘက်မှာဖြစ်ရင် လူထုလည်း မနာတော့ဘူး။ ပင်လယ်ထွက်ပေါက်တခုလည်း ရနိုင်တယ်။ တခု ရှိတာက နိုဝင်ဘာလ စပါးတွေပေါ်ချိန်၊ စပါးရိတ်သိမ်းပြီးချိန် ဆိုရင်တော့ ဒီထက်လည်း ကျယ်ပြန့်ကောင်း ကျယ်ပြန့်လာနိုင် တယ်” ဟု သုံးသပ်ပြောဆိုသည်။
You may also like these stories:
ဆင်ဖြူတော်သယ်မည့် စစ်ကောင်စီ၏ အကြံ AA တားဖို့ လုပ်နေသလား
စစ်ဆေးရေးဂိတ် ရုပ်ရန် စစ်ကောင်စီသတိပေးသော်လည်း AA ဆက်လက်တပ်စွဲထား