စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် စစ်ဘေးရှောင်များအတွက် အသုံးပြုမည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို သြဂုတ် ၃၀ ရက်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
သရက်ပင်တိုက်နယ်ဆေးရုံမှ ဆေးပစ္စည်းများကို မီးရှို့ဖျက်ဆီးသလို ဆေးဝါးပစ္စည်းကရိယာများကို ရေတွင်းများအတွင်း ပစ်ချဖျက်ဆီးခြင်းများ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်နယ်ဆေးရုံမှာ စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် အားထားရသည့် ဆေးရုံဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ဒေသခံတဦးက “သရက်ပင်ကို ၂၈ ရက်နေ့က ဝင်စီးတာ။ မနေ့က တိုက်နယ်ဆေးရုံက ဆေးဝါးတွေနဲ့ ဆေးပစ္စည်းကိရိယာ တွေကို မီးရှို့ တယ်။ ရေတွင်း ၂ တွင်းထဲကို ပစ်ချပြီး ဖျက်ဆီးသွားတယ်။ တန်ဖိုးကတော့ သိန်း ၃၀၀ ကျော်ဖိုးလောက် ရှိ တယ်။ ပြီးတော့ စာသင်ကျောင်းက စာသင်ဆောင်တွေနဲ့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်သွားကြတာ။ ဒီနေ့ တော့ မရှိတော့ဘူး၊ ပြန်ထွက်သွားကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းမာပင်မြို့နယ်ဘက်မှ ကနီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်က ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ပုလဲ၊ ကနီမြို့နယ်များတွင် စစ်ကောင်စီ၏ တပ်မ ၃၃၊ ၇၇၊ ၉၉ တို့ စစ်ကြောင်းထိုးလေ့ ရှိပြီး ယခုလာရောက်သည့် စစ်ကြောင်းမှာ မည်သည့် တပ်မလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ယင်းစစ်ကြောင်း၌ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းနှင့် အင်းမထီးကျေးရွာမှ ပျူစောထီးများ ပါဝင်နေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် သြဂုတ် ၂၈၊ ၂၉၊ ၃၀ ရက်များတွင် သရက်ပင်၊ ဝါးတန်းအရှေ့၊ ဝါးတန်းအနောက်၊ အုန်းပင်ဆိပ်၊ အိုင်တောင်အနောက်၊ နှောတော၊ သပြေတောကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက် ဆီးခြင်း၊ ဝင်ရောက်မွှေနှောက်ရှာဖွေ၍ ပစ္စည်းများအား ယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသ သတင်းရင်းမြစ် များက ဆိုသည်။
သြဂုတ် ၂၈ ရက်တွင် သရက်ပင်ကျေးရွာ စာသင်ကျောင်းရှိ စာသင်ဆောင် တဲ ၂ လုံး၊ စာရေးကိရိယာနှင့် စာသင်ခုံများ၊ စာ သင်ကျောင်းအတွင်း ထားရှိသည့် စစ်ရှောင်ပြည်သူများ၏ အိမ်ထောင်ပရိဘောဂပစ္စည်းများ မီးရှို့ဖျက်ဆီးခဲ့ရပြီး ယင်းနေ့မှာ ပင် သရက်ပင်ကျေးရွာမှ လသားအရွယ် ကလေးငယ်မှစပြီး ၈၀ ကျော်အရွယ်ထိ ပါဝင်သော အမျိုးသား ၃၃ ဦးနှင့် အမျိုး သမီး ၆၂ ဦးတို့ကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ သြဂုတ် ၂၉ ရက်တွင် ၎င်းတို့အား ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။
ဒေသခံတဦးက “သူတို့လာတော့ မပြေးနိုင်လို့ ကျန်ခဲ့ကြတာ။ ရွာကို ဝင်လာပြီးတော့ သူတို့ ရှိတဲ့နေရာကိုခေါ်ပြီး စစ်ဆေး တယ်။ မေးမြန်းတာတွေ လုပ်တယ်။ ပြီးတော့ PDF အဖွဲ့တွေနဲ့ မပတ်သက်ဖို့၊ သိရင်လည်း ပြောဖို့။ အဲဒီလို ဟောတာပြော တာတွေ လုပ်တယ်။ နောက်နေ့ မနက်ကျမှ ကိုယ့်အိမ်ကို ပြန်ခိုင်းတာ။ ရွာက စာသင်ကျောင်းနဲ့ ဆေးရုံကိုလည်း ဖျက်ဆီး သွားကြတာပဲ” ဟု ပြောသည်။
ထို့ပြင် သြဂုတ် ၂၉ ရက်၌ ဝါးတန်းအရှေ့ရွာရှိ လူနေအိမ် ၁ လုံး၊ ဝါးတန်းအနောက်ရွာရှိ လူနေအိမ် ၁၀ လုံး၊ နွားတဲ ၈ လုံး၊ စက်တဲ ၁ လုံး၊ အိုင်တောင်တောတိုက်မှ လူနေအိမ် ၁ လုံး၊ တဲအတွင်းရှိ စစ်ဘေးရှောင်များ ထားရှိခဲ့သော အိမ်ထောင်ပရိ ဘောဂများ၊ ဆေးလိပ်ခုံ လုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
သြဂုတ် ၃၀ ရက်တွင်လည်း အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် အုန်းပင်ဆိပ်ကျေးရွာမှ နေအိမ် ၁၀၀ကျော်အား ဝင် ရောက်မွှေနှောက်ရှာဖွေ၍ ပစ္စည်းများ ယူဆောင်သွားကြောင်း၊ ထို့နောက် အုန်းပင်ဆိပ်ရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချောဆွဲလာသော အမြန်ရေယာဉ် ၁ စီးဖြင့် မုံရွာ-အလုံ-နမခဘက်သို့ စုန်ဆင်းသွားကြောင်း ဒေသခံများက ပြောသည်။
ကနီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ချောင်းမ၊ သင့်ဝင်၊ မင်းမ၊ ပေါက်အင်းမြိုင်၊ အင်တိုင်းတောပြင် ကျေးရွာများမှ ဒေသခံ ၂၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ၎င်းတို့ စစ် ကြောင်းထိုးရာတလျှောက် ခေါ်ဆောင်သွားရာ ယနေ့အချိန် အဆိုပါ ဖမ်းဆီးခံရသည့် ဒေသခံများ၏ နောက်ဆက်တွဲ သတင်းအား မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။
စစ်ဘေးရှောင်နေရသည့် ဒေသခံတဦးက “ရွာတရွာကို စစ်ကြောင်းဝင်ပြီ ဆိုတာနဲ့ နီးစပ်ရာရွာတွေလည်း ပြေးကြရတာပဲ။ အခုရက်ပိုင်း မိုးကလည်း ဆက်တိုက်ရွာနေတော့ မိုးထဲရေထဲ ပြေးကြရတာပေါ့။ ပြီးတော့ ချင်းတွင်းမြစ်အထက်ပိုင်းကနေ စစ်တပ်ရေယာဉ်တွေကလည်း စုန်ဆင်းလာနေတာ ရှိတယ်။ သူတို့ရန်ကလည်း ကြောက်ရသေးတော့ ရွာတွေထဲကို တော် တော်နဲ့ ပြန်ဝင်နိုင်သေးမှာ မဟုတ်ဘူး” ဟု ပြောသည်။
ကနီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် သရက်ပင်အုပ်စု၊ ချိုင်အုပ်စု၊ အိုင်ထောင် အုပ်စု စသည့် ကျေးရွာအုပ်စု ၉ စုမှ ဒေသခံ စစ်ဘေးရှောင်ပြည်သူ ၂၇,၄၄၆ ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ယနေ့အချိန် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။