သတင်း

မန္တလေးက ပရဟိတ ဆရာဝန် ထောင် ၇နှစ် ထပ်မံချခံရ

မန္တလေးမြို့မှ ပရဟိတ ဆရာဝန် ဒေါက်တာ ကျော်ကျော်သက်မှာ ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၁၀ နှစ်ထိ ချခံထားရ ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက သိရသည်။

ပြီးခဲ့သည့် မေ ၉ ရက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃နှစ် ချထားပြီး ဖြစ်သော်လည်း သြဂုတ် ၃၀ ရက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပ ဒေ ပုဒ်မ ၅၂(က) အရ ထောင် ၇ နှစ် ထပ်မံ ချမှတ်လိုက်ရာ စုစုပေါင်း ထောင်၁၀ နှစ်ထိ ကျခံရမည် ဖြစ်သည်။

ဒေါက်တာ ကျော်ကျော်သက်မှာ မန္တလေး ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပရဟိတ ဆေးခန်းများနှင့် လူမှုရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရင်း ဆေးကု၊ စာသင်သော အလုပ် မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသည့် အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်ဆရာဝန် တဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၁၃ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်များက နေအိမ်သို့ သေနတ်ဖောက် စီးနင်း ဝင်ရောက်ကာ ဝမ်းကွဲ အစ်ကိုနှင့်အတူ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

နန်းတွင်းစစ်ကြောရေးတွင် နှိပ်စက်ခြင်း အမျိုးမျိုးခံခဲ့ရပြီး ဝမ်းကွဲအစ်ကိုအား ပြန်လွှတ်ပေးခဲ့သော်လည်း ဒေါက်တာ ကျော်ကျော်သက်ကိုမူ အိုးဘိုထောင်သို့ ပို့ကာ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) နှင့် ဆက်သွယ် ပတ်သက်ခြင်း၊ အွန်လိုင်းမှတဆင့် ဆေးပညာသင်ကြားပို့ချခြင်းများ ပြုလုပ်ခြင်း များ စသည့် အကြောင်းပြချက်များဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)တို့ ဖြင့် တရားစွဲဆိုခဲ့သည်။

မန္တလေးမြို့ခံ CDM ဆရာဝန် တဦးက “ကိုဗစ်တတိယလှှိုုင်းမှာလည်း လူနာတွေကို အွန်လိုင်းနဲ့ရော မြေပြင်အထိပါ ကုသပေးခဲ့တဲ့သူ၊ ပြီးတော့ ဆေး ကျောင်းသားတွေကို အွန်လိုင်း ကနေ စာသင်ပေးတယ်၊ စစ်တပ်က တရားစွဲတဲ့ အထဲမှာ ဆေးကျောင်းသားတွေကို စာ သင်ပေးလို့ဆိုတဲ့ အကြောင်းပြချက်ပါတယ်။ စာသင်ပေးလို့ အဖမ်းခံရတာ ကျနော်တို့ နိုင်ငံတခုပဲရှိတယ်” ဟု ဆိုသည်။

ဒေါက်တာ ကျော်ကျော်သက်မှာ ၂၀၁၀ ပြည့်နှစ်ဝန်းကျင် မန္တလေး ဆေးတက္ကသိုလ် စတင် တက်ရောက်ချိန်တွင် အတန်းစဉ်တွင် သာဘာစုံ ဂုဏ်ထူးရရှိခဲ့သဖြင့် ဆေးတက္ကသိုလ်၏ အထူးချွန်ဆုံး ကျောင်းသား တယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်းဖြစ်သည်။

သူသည် ဆေးရုံတွင် တာဝန်ထမ်းဆောင်ခြင်း မရှိသော်လည်း ပြင်ပတွင် ဆေးကုခြင်းနှင့် ပရဟိတ လုပ်ငန်းများ၌ ထဲထဲဝင်ဝင်ဆောင်ရွက်နေသလို ကိုဗစ်တတိယလှိုင်း ကာလတွင်လည်း ကိုဗစ် ကူးစက်ခံရသည့် လူနာများကို မြေပြင်ကုသပေးခြင်းများအပြင် အွန်လိုင်းမှပါ ကုသခြင်းကို ပြုလုပ်ပေးခဲ့သေးကြောင်း သိရသည်။

ပရဟိတမန္တလေးမြို့ခံ ရှေ့နေတဦးကတော့ လက်ရှိတရားစီရင်ရေးနှင့် ပတ်သက်ပြီး ဤသို့ သုံးသပ်သည်။

“လက်ရှိ တရားစီရင်ရေး အခြေအနေကတော့ နိုင်ငံရေးအမှုတွေဆိုရင် အပြစ်ရှိသည် ဖြစ် စေ မရှိသည်ဖြစ်စေ စွဲခံရတဲ့ ပုဒ်မတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကိုပဲ ချနေတာပေါ့၊ နိုင်ငံရေး အမှုအနေနဲ့ ဥပမာဗျာ ၅၀၅ နဲ့ စွဲခံရရင် အမြင့်ဆုံးက ၃ နှစ်လို့ သတ်မှတ်ထားရင် ၃ နှစ်ပဲ/ အခု ဒေါက်တာ ကျော်ကျော်သက်ကိုလည်း သူတို့ စွဲထားတဲ့ ပုဒ်မတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာပဲ” ဟု ပြောသည်။

ယခုအခါ စစ်ကောင်စီသည် CDM ဝန်ထမ်းများကို ဖမ်းဆီးမှုများ ပြန်လည် ပြုလုပ်နေလျက်ရှိရာ သြဂုတ်၂၁ ရက် က လည်း မန္တလေးမြို့ ဗဟို အမျိုးသမီးဆေးရုံမှ CDM ပြုလုပ်ထားသည့် အသက် ၄၀ ကျော်အရွယ် ကလေးအထူးကု ဆရာဝန်တဦးကို ဖမ်းဆီးပြီး နန်းတွင်း စစ်ကြောရေးသို့ ပို့ဆောင်ထားပြီး ယနေ့အချိန်အထိ နောက်ဆက်တွဲ အခြေ အနေများကို မသိရှိရသေးသလို မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံများတွင် CDM ကျန်းမာရေး ဝန်ထမ်းများ အလုပ် လုပ် ကိုင်နိုင်ခြင်း မရှိစေရေးအတွက် ဆေးရုံများကို ဖိအားပေး ခြိမ်းခြောက်ခြင်းများကိုလည်း ပြုလုပ်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်ကာလအထိ CDM ကျန်းမာရေးဝန်ထမ်း ၅၆၄ ဦးထိ ဖမ်းဆီးခံခဲ့ရပြီး ၃၆ ဦးထိ သတ်ဖြတ်ခံရကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (UNOCHA) ၏ မေလအတွင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကလည်း စစ်တပ်က အာဏာသ်ိမ်းပြီး နောက် စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံရသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း ၆၀၀ ကျော်ရှိသလို ဆေး ကျောင်းသား ၂၂၁ ဦးထိ ဖမ်းဆီးခံထားရကြောင်း အသိပေး ထုတ်ပြန်ထားသည်။

You may also like these stories:

နိုင်ငံရေးနှင့် တည့်တည့်ဝင်တိုးမိသည့် သူနာပြုဆရာမတဦး

ကျန်းမာရေးဝန်ထမ်းများကို အရေးယူမည် ဟု စစ်ကောင်စီ ထပ်မံကြေညာပြန်

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

Loading