ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းမှ လွတ်မြောက်ရန် ကြိုးစားနေစဉ် သီရိလင်္ကာနိုင်ငံကို ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထုတ်ချေးရန် ပဏာမ သဘောတူလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
ထိုသဘောတူညီချက်ကို IMF ၏ စီမံခန့်ခွဲမှုနှင့် အမှုဆောင်အဖွဲ့က အတည်ပြုပေးရန် လိုအပ်နေသေးသလို သီရိလင်္ကာ အာဏာပိုင်များက ယခင်သဘောတူထားသည့် အစီအမံများကို အကောင်အထည် ဖော်မှုအပေါ်တွင်လည်း မူတည်နေသည်။
“အခုရရှိထားတဲ့ ဝန်ထမ်းအဆင့် သဘောတူညီချက်ဟာ အကျပ်အတည်းက လွတ်မြောက်ဖို့ ရှည်လျားလှတဲ့ လမ်းကြောင်းရဲ့ အစမျှသာဖြစ်ပါတယ်” ဟု အဆင့်မြင့် IMF အရာရှိ ပီတာ ဘရူးရားက ကိုလံဘိုမှ သတင်းထောက်များကို ပြောသည်။
“အာဏာပိုင်တွေက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စတင်နေပြီး ဒီလမ်းအတိုင်း ပြတ်ပြတ်သားသား လျှောက်ဖို့လိုပါတယ်” ဟုလည်း သူက ပြောသည်။
ချေးငွေအတွက် IMF ၏ စည်းကမ်းချက်များတွင် သီရိလင်္ကာနိုင်ငံ၏ တရားဝင်မြီရှင်ထံမှ ဘဏ္ဍာရေး အာမခံချက်နှင့် ပုဂ္ဂလိက မြီရှင်များထံမှ သီရိလင်္ကာက သဘောတူညီမှုရရန် အားထုတ်ရေးတို့ ပါဝင်သည်။
IMF ၏ အစီအစဉ်မှာ လေးနှစ်ကြာ ကာလအတွက်ဖြစ်ပြီး အစိုးရ အခွန်ဝင်ငွေမြှင့်တင်ရေး၊ ဘဏ္ဍာရေး ကျစ်လစ် သိပ်သည်းရေး၊ လောင်စာနှင့် လျှပ်စစ်ဓာတ်အားဈေးနှုန်း သတ်မှတ်ချက်သစ် ချမှတ်ရေး၊ လူမှုအသုံးစရိတ် မြှင့်တင်ရေး၊ ဗဟိုဘဏ် ကိုယ်ပိုင်လွတ်လပ်ခွင့် အားပေးရေးနှင့် ကုန်ခမ်းသွားသော နိုင်ငံခြားသုံး အရန်ငွေများ ပြန်လည် တည်ဆောက်ရေးတို့ကို ရည်ရွယ်သည်။
သီရိလင်္ကာနိုင်ငံ၏ အရန်ငွေကြေးသည် ဇူလိုင်လအထိ ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံရှိကြောင်း ဗဟိုဘဏ် စာရင်းများအရ သိရသည်။
“ကမ္ဘာတွင် အခွန်ဝင်ငွေအနည်းဆုံး အဆင့်မှစတင်ပြီး ယခုအစီအစဉ်သည် အဓိကကျသော အခွန် ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည် ဖော်မည်ဖြစ်သည်။ ထိုပြုပြင်ပြောင်းလဲရေးများတွင် ပုဂ္ဂလိက ဝင်ငွေခွန် ပိုမိုတိုးတက်အောင် လုပ်ဆောင်ရေးနှင့် ကော်ပိုရိတ်လုပ်ငန်း ဝင်ငွေခွန်နှင့် တန်ဖိုးပေါင်းထည့် အခွန်တို့အတွက် အခွန်အခြေခံ ကျယ်ပြန့်အောင် လုပ်ဆောင်ရေးတို့ပါဝင်သည်” ဟုလည်း IMF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ယခုအစီအစဉ်သည် ၂၀၂၄ ခုနှစ်တွင် လိုငွေကို စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု၏ ၂ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိစေရန် ရည်မှန်းသည်။
IMF ၏ အစီအစဉ်ကို အတည်ပြုလိုက်ပါက သီရိလင်္ကာနိုင်ငံသည် အခြား နိုင်ငံစုံ မြီရှင်များထံမှ နောက်ထပ် ဘဏ္ဍာရေး အထောက်အပံ့များ ရနိုင်ဖွယ်ရှိသည်။
သီရိလင်္ကာစတော့အိတ်ချိန်း အညွှန်းကိန်းသည် လွန်ခဲ့သောလက ၁၇ ရာခိုင်နှုန်း တက်လာပြီးနောက် ၂ ရာခိုင်နှုန်း ပိုမိုမြင့်မားလာသည်။
ခြိုးခြံချွေတာရေးနှင့် အလုပ်အကိုင် လျှော့ချရေး
သီရိလင်္ကာ၏ လက်ရှိဘဏ္ဍာရေး အကျပ်အတည်းသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပြီး စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် နိုင်ငံ၏ အဓိကလုပ်ဖြစ်သော ခရီးသွားလုပ်ငန်းကို ရပ်ဆိုင်းသွားစေသည့် ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့်လည်း ဖြစ်သည်။
သီရိလင်္ကာနိုင်ငံသားများသည် လောင်စာနှင့် အခြားအခြေခံကုန်ပစ္စည်းများ လွန်စွာ ပြတ်လပ်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပြီး မကြုံစဖူးကြီးမားသည့် ဆန္ဒပြပွဲများလည်း ဖြစ်လာကာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်စေခဲ့သည်။
ဝါရင့်ပါလီမန် ကိုယ်စားလှယ်ဖြစ်သော ရာနေးလ် ဝစ်ခရီမက်ဆင်ဂေသည် ဇူလိုင်လတွင် သမ္မတဖြစ်လာပြီး ယခင်နှစ်ကထက် ၆၅ ရာခိုင်နှုန်း မြင့်မားသည့် ငွေကြေး ဖောင်းပွမှုဖြစ်စေသည့် စီးပွားရေးကို တည်ငြိမ်အောင်လုပ်ရသည့် တောင်ကုန်းသိမ်းတိုက်ပွဲနှင့် ရင်ဆိုင်ရသည်။
IMF ၏ ပြောကြားချက်များသည် အများအားဖြင့် အပြုသဘောဆောင်သည်ဟု သီရိလင်္ကာ ရင်းနှီးမြှုပ်နှံမှုဘဏ် CAL အုပ်စုမှ သေနင်္ဂဗျူဟာဆိုင်ရာ အကြီးအကဲ အူဒီးရှန် ဂျိုးနာ့စ်က ပြောသည်။
“ကျနော်တို့ ချမှတ်ထားတဲ့ အခွန်ဝင်ငွေဆိုင်ရာ အစီအမံတွေက ခိုင်မာပြီး ကျနော်တို့ဘက်က လုပ်ထားတာတွေကို ဘဏ္ဍာရေးအမြင်အရ သဘောကျကြတယ်” ဟုလည်း သူကပြောသည်။
သီရိလင်္ကာမှ အဆင်းရဲဆုံးသူများအတွက် လူမှုဖူလုံရေး အသုံးစရိတ်ကို ကာကွယ်ပေးထားမည် ဖြစ်သော်လည်း အရှုံးပေါ်နေသော နိုင်ငံပိုင်လုပ်ငန်းများတွင် ခြိုးခြံချွေတာရေးနှင့် အလုပ်အကိုင်များ လျှော့ချခြင်းတို့ ပါဝင်မည်ဟု ဂျိုနာ့စ်က မျှော်လင့်ထားသည်။
“ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းလည်းပါဝင်ပြီး နောက်နှစ်လောက်မှာ စတင်မယ်လို့ထင်တယ်” ဟုလည်း သူကပြောသည်။
ဘဏ္ဍာရေးဝန်ကြီးတာဝန်လည်း ယူထားသော ဝစ်ခရီမက်ဆင်ဂေသည် IMF ၏ သဘောတူညီချက် ရရန်ရည်ရွယ်သော ယာယီဘဏ္ဍာရေးခွဲဝေမှုကိုလည်း အင်္ဂါနေ့တွင် တင်သွင်းခဲ့သည်။
ထိုအသုံးစရိတ်ခွဲဝေမှုတွင် သီရိလင်္ကာ၏ ၂၀၂၂ ခုနှစ်အတွက် လိုငွေခန့်မှန်းချက်ကို ယခင်က ၈ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်းထားရာမှ ယခု ၉ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြင်ဆင်ခန့်မှန်းပြီး တန်ဖိုးပေါင်းအခွန်များ အပါအဝင် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ပြထားသည်။
မြီရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု
ဝစ်ခရီမက်ဆင်ဂေအစိုးရ၏ ကျယ်ပြန့်ထူးခြားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည့် ကတိကဝတ်ကို ယခုပဏာမ သဘောတူညီချက်က မီးမောင်းထိုးပြနေသည်ဟု IMF မှ ဘရူးရားက ပြောသည်။
“ဒါဟာ သီရိလင်္ကာအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အလေးအနက်ရှိတယ်ဆိုတာ မြီရှင်တွေကို ပြသတဲ့ ယုံကြည်လောက်တဲ့ ကိရိယာလည်းဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။
သီရိလင်္ကာက ကြွေးမြီ ဒေါ်လာ ဘီလီယံ ၃၀ ခန့်နှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များကိုလည်း ပြန်လည် ပြင်ဆင်ရမည်ဖြစ်ပြီး ဂျပန်ကလည်း ဒေသတွင်းပြိုင်ဘက် မြီရှင်များဖြစ်သည့် အိန္ဒိယနှင့် တရုတ် အပါအဝင် အခြားမြီရှင်များနှင့် ဆွေးနွေးပွဲများကို ဦးဆောင်ပေးမည်ဟု ကမ်းလှမ်းထားသည်။
“မြီရှင်တွေက အဲဒီလို အာမခံချက်မျိုး မပေးရင် သီရိလင်္ကာမှာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမှာဖြစ်ပြီး ပြန်လည်ပေးဆပ်နိုင်မှု စွမ်းရည်ကို ထိခိုက်စေလိမ့်မယ်” ဟု ဘရူးရားက ပြောသည်။
သီရိလင်္ကာသည် ၎င်း၏ငွေတိုက်စာချုပ် ဒေါ်လာ ၁၉ ဘီလီယံအနက် အများစုကို ပိုင်ဆိုင်ထားသည့် နိုင်ငံတကာဘဏ်များနှင့် ဓနဥစ္စာ စီမံခန့်ခွဲသည့် လုပ်ငန်းများနှင့်လည်း သဘောတူညီမှု ရရှိရန် လိုအပ်သည်။ ထိုငွေတိုက်စာချုပ်များကို လက်ရှိအချိန်တွင် ပြန်လည်မပေးဆပ်နိုင်သော ငွေတိုက်စာချုပ်များအဖြစ် သတ်မှတ်ထားသည်။
အကျပ်အတည်းသို့ ဦးတည်နေသော ကာလအတွင်း သီရိလင်္ကာ၏ ကြွေးမြီများသည် ထိန်းသိမ်းမရနိုင်သော အဆင့်များသို့ တက်ကုန်သည်။ လူပြိန်းကြိုက် အခွန်ဖြတ်တောက်ခြင်းကို နှစ်ပေါင်းများစွာ လုပ်ခဲ့သောကြောင့် ဘဏ္ဍာရင်းမြစ်များ ကုန်ခမ်းကုန်ပြီး ကပ်ရောဂါဖြစ်လာသောအခါ အခြေအနေ ပိုမိုဆိုးရွားသွားသည်။
ထိုသို့သောဆုံးရှုံးမှုများကို ပိုမိုဆိုးရွားစေသည်မှာ လယ်ယာလုပ်ငန်းကို ထိခိုက်စေသည့် ဓာတ်မြေသြဇာ ပိတ်ပင်ခြင်းဖြစ်ပြီး ထို့နောက်တွင် ယူကရိန်းစစ်ကြောင့် ရေနံနှင့်အစားအသောက် ဈေးနှုန်းများ မြင့်မားကုန်သည်။
“ကျနော်တို့အမြင်အရ ကြည့်မယ်ဆိုရင် အချိန်တွေ၊ ငွေတွေ မဖြုန်းတီးဘဲ လုပ်ဖို့လိုတယ်” ဟု ဘရူးရားက ပြောပြီး မြီရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်းကို ရည်ညွှန်းပြောသည်။
“ပကတိအခြေအနေက ဒီမှာအဓိကကျတယ်။ အကျပ်အတည်း ပိုမိုဆိုးရွားလာမှာကို ကျနော်တို့ ရှောင်ရှားချင်လို့ ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။
ကိုးကား။ ။ Reuters သတင်း Sri Lanka gains IMF’s provisional agreement for $2.9 bln loan
You may also like these stories:
ကြွေးမြီကိစ္စ သဘောထား ပြောင်းရန် တရုတ်ကို သီရိလင်္ကာ သမ္မတ တိုက်တွန်း
အခြားအာရှနိုင်ငံများကို သီရိလင်္ကာ သတိပေးနေဟု IMF ပြော
သီရိလင်္ကာစီးပွားရေး မည်သည့်အတွက် ပြိုလဲပြီး မည်သည်တို့ ဆက်ဖြစ်မည်နည်း
သီရိလင်္ကာတွင် လောင်စာဆီ ခွဲတမ်းချ