မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်လာရာ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်မှ မူလတန်းကျောင်းတွင် အစုလိုက် ကိုဗစ်ပိုးတွေ့ရှိမှု ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသညိ။
မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်ရှိ အမှတ် (၁၆) အခြေခံပညာ မူလတန်းကျောင်းတွင် ဩဂုတ်လ ၃၀ ရက်က စတုတ္ထတန်း ကျောင်းသား ၁ ဦး အနံ့ပျောက်ရာမှ စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း၊ ၎င်းနှင့် ထိစပ်သူများကို ထပ်မံ စစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ ၁ ဦး အပါအဝင် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၁၅ ဦးတွင် ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။
မြောက်ဥက္ကလာမြို့နယ်အခြေစိုက် ပရဟိအဖွဲ့ဝင်တဦးက “ကျောင်းသား ၁ ယောက်ကနေပြီးတော့ ကျောင်းခန်းထဲက ကလေးတွေကို ထပ်ကူးတာ။ ကျောင်းပိတ်လိုက်သင့်တယ်။ ပြီးတော့ ကျောင်းမှာ Quarantine Center မျိုး လုပ်သင့် တာပေါ့။ ကလေးတွေကို မိဘတွေနဲ့ အိမ်မှာပဲ ထားတော့ အိမ်ကလူတွေ အပြင်ထွက် ဘာထွက် လုပ်နေမှာပဲ” ဟု ပြောသည်။
အဆိုပါ ကျောင်းမှ ကိုဗစ်ပိုးတွေ့ရှိသူများကို နေအိမ်တွင် Home Quarantine ပြုလုပ်ထားပြီး ကျောင်းကိုမူ ပုံမှန် အတိုင်း ပြန်လည် ဖွင့်လှစ်ထားကြောင်း သိရသည်။
စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ဩဂုတ်လ ၃၁ ရက်တွင် ကိုဗစ်တွေ့ရှိမှု ၁၀၄ ဦး ပြန်လည် တွေ့လာ ကြောင်း ထုတ်ပြန်လာရာ အဆိုပါ တွေ့ရှိသူများထဲမှာ ၅၀ကျော်မှာ ရန်ကုန်မြို့ ဖြစ်ကြောင်းသိရသည်။
ယခု ရက်သတ္တပတ်အတွင်း ဖျားနာသူ များပြားကြောင်းနှင့် ၎င်းတို့ကို စစ်ဆေးရာတွင်လည်း ကိုဗစ်ပိုး တွေ့ရှိရကြောင်း ရန်ကုန်မြို့တွင် ဆေးခန်းဖွင့်လှစ်ထားသည့် အထွေထွေ ရောဂါကု ဆရာဝန် ဦးထွန်းမင်း (အမည်လွှဲ) က ဧရာဝတီသို့ ပြောသည်။
“ကိုဗစ်ကတော့ လူတိုင်းနီးပါး ဖြစ်နေတာ။ ရာသီ တုပ်ကွေးလိုပဲ။ အဖျားတော့ ရက်ရှည်တယ်။ ကိုဗစ်ဟုတ်ရဲ့လားလို့ လူနာက ပြောလို့ ကြည့်လိုက်ရင် အာသီးတွေ ယောင်ပြီး ပြည်တောင် တည်တယ်။ မသင်္ကာလို့ စစ်လိုက်တော့ ကိုဗစ် ဖြစ်နေတာ။ ဒီတပတ်လောက်မှာတော့ အဖျားတက်တဲ့ လူနာတွေ များလာတာ” ဟု ၎င်းက ပြောသည်။
သို့သော် ကိုဗစ်ကြောင့် ပြင်းထန်သည့် ရောဂါလက္ခဏာများ မခံစားရကြောင်း၊ ပြည်သူများအနေဖြင့် ဆေးရုံသို့ မသွားလိုဘဲ ဆေးသောက်ပြီး မိမိကိုယ်ကိုယ် ပြန်လည် ကုသသည့် နည်းလမ်းဖြင့်သာ နေကြောင်း ၎င်းက ရှင်းပြ သည်။
ကိုဗစ်ဖြစ်ပွားမှု ရှိနေသော်လည်း ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါအပေါ်တွင် စိုးရိမ် ပူပန်မှုများ ရှိမနေတော့ဘဲ ကိုဗစ် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာမှု အားနည်းနေကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ စစ်တပ်အာဏာသိမ်းမှုအောက် တရားဥပဒေစိုးမိုးမှု မရှိတော့သဖြင့် လုံခြုံရေးအတွက် စိုးရိမ်လာခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင် ရှာပါး ခြင်း စသည့် အထွေထွေ ကျပ်တည်းမှုများကို အာရုံပိုစိုက်နေရခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်သူများ၏ ပြောပြချက် အရ သိရသည်။
ရန်ကုန်မြို့နေ ဒေါ်ရီဝင်း (အမည်လွှဲ) က “အကုန်လုံးက စီးပွားရေး ကျပ်တည်းနေတော့ အဲဒီဘက်ကို အာရုံ မစိုက် နိုင်တာ။ များသောအားဖြင့် တနေ့လုပ် တနေ့စားက များတော့ စားဖို့အတွက်ပဲ ဦးစားပေးနေရတော့ မကြောက်နိုင် တော့ဘူး ဖြစ်နေကြတာပေါ့။ အခုက ကြောက်ရတာ များနေတော့ ကိုဗစ်ကို မကြောက်နိုင်တော့ဘူးကို ဖြစ်နေတာ” ဟု ပြောသည်။
ကာကွယ်ဆေး ထိုးပြီးသူများတွင်လည်း ကိုဗစ် ကူးစက်မှုကို တွေ့ရသော်လည်း ပိုမိုပြင်းထန်ခြင်းကို မဖြစ်ပေါ်စေရန် အတွက် ကာကွယ်ဆေးကို လက်လှမ်းမီသမျှ ထိုးကြရန် ကျန်းမာရေး ပညာရှင်များက ဆိုကြသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံက စတင် တင်သွင်းခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် စတင် ထိုးပေးခဲ့သည်။
အာဏာသိမ်းပြီးသည့် နောက်ပိုင်း ကာလများတွင် ကိုဗစ်ကာကွယ်ဆေး ၁၈ နှစ်နှင့် အထက် သန်း ၃၀ ကျော်နှင့် ၁၈ နှစ်အောက် လူဦးရ ၆ သန်းကျော် ထိုးနှံပြီးကြောင်း စစ်ကောင်စီ လက်အောက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
လက်ရှိ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၄ သန်းကျော်ရှိရာ စစ်ကောင်စီ ထုတ်ပြန်သည့် အရေ အတွက်မှာ လူဦးရေ၏ ၆၇ ရာခိုင်နှုန်းခန့်အထိ ရှိနေရာ မြန်မာနိုင်ငံအနှံ့ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ တိုက်ပွဲများကြောင့် အဆိုပါ ပမာဏအထိ ထိုးနှံ ပြီးစီးသည်မှာ မဖြစ်နိုင်ကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။
You may also like these stories:
ဓာတ်မြေသြဇာနှင့် မြက်သတ်ဆေး ဈေး အဆမတန် မြင့်နေ၍ လယ်သမားများ မသုံးနိုင်
ကယား စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်တော့မည်