သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နှင့်ထောင် ၃ နှစ် ထပ်မံချ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ တို့အား ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်ဖြင့် ယနေ့ နေပြည်တော် ထောင်တွင်းတရားရုံးက အလုပ်နှင့်ထောင် ၃ နှစ်စီ ထပ်မံချမှတ်လိုက်သည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်ခဲ့သည့် ထောင်ဒဏ်မှာ စုစုပေါင်း ၂၂ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်လည်း ချမှတ်ခံရသည့် ထောင်ဒဏ် စုစုပေါင်း ၇ နှစ် ရှိပြီ ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ ၎င်းတို့ နှစ်ဦးစလုံးအား ထောင်ဒဏ် ၂ နှစ် လျှော့ပေးကြောင်း ကြေညာထားသည်။

ယခုချမှတ်သည့် ထောင်ဒဏ် ၃နှစ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရန် မလျော်ဩဇာသုံးခဲ့သည်ဟု စွပ်စွဲကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုဖြစ်သည်။

ချမှတ်သည့် ပြစ်ဒဏ်နှင့် ပတ်သက်၍ အယူခံတက်မည်ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ မဲမသမာမှုများ ရှိသည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များအား ပုဒ်မအမျိုးမျိုးတပ် စွပ်စွဲကာ ဖမ်းဆီးထောင်ချထား ခြင်း ဖြစ်သည်။

စစ်ကောင်စီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော် မရှင်များ ၌ ပါဝင်ခဲ့သည့် အရပ်သားအဖွဲ့ဝင်များကိုလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများဖြင့် စွပ်စွဲကာ ဒဏ်ငွေများ ချမှတ်ခဲ့ သော်လည်း ရွေးကောက်ပွဲတွင် တံဆိပ်တုံးအတုများဖြင့် မဲမသမာမှု ပြုလုပ်ခဲ့သည်ကို သက်သေပစ္စည်းများနှင့်တကွ ဖမ်းမိ ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မဲရုံကိုယ်စားလှယ်များအား မည်သို့အရေးယူသည်ကိုမူ ယနေ့အချိန်ထိ စစ်ကောင်စီက ဖော်ပြနိုင်ခြင်း မရှိပေ။

၎င်းတို့အပြင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များမှာလည်း ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်များဖြင့် ထောင်ဒဏ်များ ချမှတ်ခံ ထားရသလို ငွေဒဏ် ချမှတ်ခံရသူများလည်း ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား တာဝန်ယူကျင်းပပေးခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင် ဦးသန်းဌေးတို့အား ရွေးကောက်ပွဲ ဆိုင်ရာ စွပ်စွဲတရားစွဲဆိုမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) ဖြင့်ပင် စစ်ကောင်စီက ထောင် ၃ နှစ်စီ ချမှတ်ခဲ့သည်။

You may also like these stories:

မြန်မာပြည်သူများကို ထောက်ပံ့ရေး ဒေါ်အောင်ဆန်းစုကြည်သား သစ်ထွင်းပန်းချီရောင်း

ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း ဘဝသစ်ကို မျှော်ကြည့်ခြင်း

Loading