စစ်အာဏာသိမ်းပြီး တနှစ်နှင့် ခြောက်လအကြာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် အမေရိကန် ဒေါ်လာ ဈေးမှာ ကျပ် ၅၀၀၀ နီးပါးအထိ ရောက်ရှိချိန် ပြည်တွင်း ရွှေဈေးမှာလည်း ကျပ် ၃၅ သိန်းမှ ၃၇ သိန်းကြား အထိ ဈေးတက်နေသဖြင့် ၎င်းတို့ကို ထိန်းရန် ညပိုင်းတွင် ဈေးကွက်တွင်းသို့ ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းမည်ဟု စစ်ကောင်စီက ကြေညာခဲ့ရသည်။
ထိုကြေညာချက် ထွက်ပြီး နောက်တရက် စက်တင်ဘာလ ၁ ရက်နေ့တွင် အရှိန်ပြင်းပြင်းနှင့် မြင့်တက်နေသည့် ဒေါ်လာနှင့် ရွှေဈေးမှာ အမြင့်ဈေးတွင် ရပ်တန့်သွားပြီး ၁ ဒေါ်လာလျှင် ကျပ် ၃၇၀၀ ပတ်လည်နှင့် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ် သား ကျပ် ၃၁ သိန်းကျော်နှင့် ကျပ် ၃၂ သိန်းကြားတွင် ဈေးပိတ်သွားခဲ့သည်။
စစ်ကောင်စီ၏ စက်သုံးဆီဈေးကွက်အတွင်း ဒေါ်လာ သန်း ၂၀၀ ရောင်းချပေးမည့် ကြေညာချက်အပြီး ဒေါ်လာဈေးမှာ ပြုတ်ကျခဲ့သလို ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းနှင့်လည်း ကြုံသွားသည့်အတွက် ရွှေဈေးမှာလည်း ပြုတ်ကျခဲ့ခြင်းဟု ဈေးကွက်အတွင်းရှိ ကုန်သည်၊ လုပ်ငန်းရှင်များက ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်များတွင် ငွေထုတ်ယူရ ခက်ခဲခြင်း၊ စီးပွားရေး လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိနေခြင်းနှင့် ကျပ်ငွေတန်ဖိုးပေါ် ယုံကြည်မှု ကျဆင်းခြင်းတို့ပြင် စစ်ကောင်စီတွင် ဒေါ်လာငွေ ခန်းခြောက်လာသည့် အခြေ အနေများ ဖြစ်ပေါ်လာပြီးနောက် ယခုအခြေအနေမှာ နောက်ဆက်တွဲ ဆိုးကျိုးများပင် ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီသည် ပြည်ပမှ တင်သွင်းရသည့် သွင်းကုန်များကို ထိန်းချုပ်သလို ဒေါ်လာငွေရရှိရန် အတွက်လည်း ယခုနှစ် ဧပြီလဆန်းမှစတင်ပြီး ၁ ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းနှင့် သတ်မှတ်ပြီး တရက်အတွင်း ဒေါ်လာကိုင်သူ များထံမှ ကျပ်ငွေ သတ်မှတ်ဈေးနှင့် လဲလှယ်ရန် လုပ်ဆောင်ခဲ့သည်။ ယင်းသတ်မှတ်ဈေးနှင့် အညီ ရွှေဈေးကွက်ကိုလည်း ဖွင့်လှစ်ရောင်းချစေခဲ့သည်။
သို့သော် စစ်ကောင်စီက ဈေးစတင်သတ်မှတ်သည့် ဧပြီလမှပင် ဒေါ်လာနှင့် ရွှေဈေးနှုန်းများမှာ သတ်မှတ်ဈေးက တမျိုး၊ ပြင်ပတွင် ဈေးတမျိုး ဖြစ်လာကာ ကြိုက်ရောင်း/ကြိုက်ဝယ် ဈေးကွက် ပေါ်ပေါက်၍ လာသည်။
ထိုအချိန်မှ စ၍ တစတစ ဈေးကွက်မှာ မြင့်တက်လာရာ အမြင့်ဆုံးဈေးတန်း တခုဖြစ်သော ၁ ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော်နှင့် အကယ်ဒမီ အခေါက်ရွှေဈေး ၁ ကျပ်သား ကျပ် ၂၈ သိန်းကျော်အထိ ဖြစ်လာသည့် ဩဂုတ်လ လဆန်းပိုင်းတွင် ၁ ဒေါ်လာလျင် ၂၁၀၀ ကျပ် အဖြစ် စစ်ကောင်စီ၏ ဗဟိုဘဏ်က တိုးမြှင့် သတ်မှတ်ပေးခဲ့သလို ပို့ကုန်သမားများ၏ ငွေကို ယခင်က သတ်မှတ်ဈေးနှင့် အကုန် ဖြတ်သိမ်းရာမှ ၃၅ ရာခိုင်နှုန်းကို တလအတွင်း လွတ်လပ်စွာ သုံးခွင့် ပေးပြန်သည်။
ထို့ပြင် ယခင်က စစ်ကောင်စီ ဒေါ်လာသတ်မှတ်ဈေးနှင့်သာ ဈေးဖွင့်၍ ရောင်းချရသော ရွှေဈေးကိုလည်း ဩဂုတ်လ ၂၇ ရက်မှစ၍ ကြမ်းခင်းဈေးသာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) ကို သတ်မှတ်ခိုင်းပြီး ပြင်ပဈေးနှင့် ရောင်း/ ဝယ်ခွင့် ပေးခဲ့ခြင်း၊ ပြည်ပရောက်မြန်မာများမှ ငွေလွဲရာတွင်လည်း သတ်မှတ်ဈေး ၂၁၀၀ ကျပ်နှင့် ဖြတ်ယူရာမှ ၂၁ ရက်အတွင်း လွတ်လပ်စွာ ရောင်းချခွင့်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် တခါ ပြန်စ၍ လုပ်ပြန်သည်။
ထို့သို့ ဖြေလျှော့မှုများ စစ်ကောင်စီလုပ်ဆောင်လာသော်လည်း မူလအစတွင် မူဝါဒ အလွဲများစွာဖြင့် ဈေးကွက်ကို ဝင် ရောက် ထိန်းချုပ်ခဲ့သည့် အကျိုးဆက်များကြောင့် ဒေါ်လာနှင့် ရွှေဈေးမှာ ဈေးအမြင့်တွင် ဆက်ရှိနေသည်ဟု ပြည်တွင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားသည်။
ပြည်တွင်း စီးပွားရေး ပညာရှင် တဦးက “စီးပွားရေးလုပ်ငန်းတွေက မရပ်တည်နိုင်တဲ့ အခြေအနေ ရောက်လာပြီ။ သူတို့ လုပ်ငန်းတွေကို နိုင်ငံခြားကို ရွှေ့တာတွေ လုပ်လာတယ်။ ဒါကြောင့် အဝေးလို့ ခေါ်တဲ့ ဟွန်ဒီဈေးတွေ တက်လာတယ်။ အသုံးစရိတ်တွေ လျှော့ရတယ်။ လည်ပတ်နိုင်တဲ့ အခြေအနေတွေ လျှော့ချရတယ်။ အမိန့်အာဏာနဲ့ သုံးတဲ့ စနစ်က အခု ပျက် သွားလို့ ဖြေလျှော့တာတွေ လုပ်လာပေမယ့် အခြေက ပျက်သွားပြီ။ တည်ငြိမ်မှု ပျက်သွားတော့ ကောင်းလာစရာတော့ မမြင်ဘူး။ ဘက်စုံပြိုကျနေတာ”ဟု သုံးသပ်ပြောကြားသည်။
ဆက်လက်၍ ၎င်းက စစ်ကောင်စီ၏ လတ်တလော ဖြေလျော့ပေးမှုများကြောင့် ယာယီ ခဏတာ ဈေးကျသွားနိုင် သော်လည်း ရေရှည် တည်ငြိမ်မှု ရှိသည့် ဈေးကွက်တခု မဖြစ်လာနိုင်ကြောင်း ဆက်၍ ရှင်းပြသည်။
“ဖြစ်နေတဲ့ ပြဿနာက နိုင်ငံရေး ပြဿာနာကြောင့် ဖြစ်တာ။ ဒါကို အဖြေရှာရမယ်။ ဒီလို စစ်ကောင်စီက ထွက်ပေါက် ရှာခဲ့ရင်ရော နည်းမှန်မရှာဘဲ သူတို့အတွက် အသက်ရူချောင်ဖို့ လုပ်ခဲ့ရင်တော့ အန္တရာယ်ရှိတယ်”ဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ မူလအစတွင် လွဲမှားစွာ ဈေးကွက်ကို ဝင်ရောက် ထိန်းချုပ်ထားသည့် အရှိန်ကြောင့် ဩဂုတ်လ ၃၁ ရက် နေ့တွင် ၁ ဒေါ်လာလျှင် ကျပ် ၄၇၀၀ ကျပ်မှ ၅၀၀၀ ကျပ် ကြားအထိမြင့်တက်ခဲ့သလို အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ် သားလျှင် ကျပ် ၃၅ သိန်းမှ ကျပ် ၃၇ သိန်း နားအထိ ဈေးနှုန်းများ စံချိန်တင်၍ မြင့်တက်ခဲ့သည်။
သို့သော် စစ်ကောင်စီ၏ ဒေါ်လာ သန်း ၂၀၀ ရောင်းချပေးမည် ဆိုခြင်းနှင့် ကန့်သတ်ချက် တချို့ စတင်ဖြေလျှော့ ပေးမှု ကြောင့် စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှင် ၃၇၀၀ ကျပ်အထိ ယခင်နေ့ကထက် ကျပ် ၁၀၀၀ ခန့် ကျဆင်းခဲ့သလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ကျပ် ၃၂ သိန်းအထိ ကျပ် ၃ သိန်းကျော် ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်ရေး သမားတဦးက“ရန်ကုန်မြို့တွင်း တဝိုက်မှာတော့ ၁ ဒေါ်လာ ၃၇၀၀ ကျပ် ပတ်လည်နဲ့ အရောင်း/အဝယ်လုပ်နေကြတယ်။ အလွန်အကျွံ ခေါ်ရောင်းရင် ၃၈၀၀ ကျပ်၊ ၃၉၀၀ ကျပ်ပဲ။ ပြန်ကျတာကတော့ ဗဟိုဘဏ်ကလည်း ညက စက်သုံးဆီသမားတွေကို ဒေါ်လာသန်း ၂၀၀ ရောင်းပေးမလိုလို။ ပြီးတော့ ဘဏ်တွေမှာလည်း ပြည်ပက ဒေါ်လာလွဲတဲ့သူတွေကို လွတ်လပ်ခွင့်လေး ပေးသလိုလိုနဲ့ အကြောင်းတွေ စုပြုံသွားတာပါတယ်။ ပြီးတော့ မနေ့က ဒေါ်လာအရွက် ကိုင်တဲ့သူတချို့ အဆွဲခံရသလို ရိုက်လုခံရသလိုလိုနဲ့ နှစ်ယောက်ပါသွားတယ်။ အဲဒီတော့ ဒီနေ့ ရှောင်ကြတဲ့ သဘောဖြစ်တော့ ဈေးက ကျတာ။ အသေအချာတော့ မသိရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအခြေအနေများကြောင့် ဈေးကွက်တွင် ဒေါ်လာရောင်း၊ ဝယ်ရေးသမားများမှာ လတ်တလောတွင် ခဏငြိမ်၍ အကျပြသည့် သဘောသာ ဖြစ်ပြီး ဈေးကွက်အနေနှင့် ပြောရလျှင် ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှု ကျဆင်းနေခြင်းနှင့် နိုင်ငံတကာတွင်လည်း ဒေါ်လာငွေမာနေခြင်းများကြောင့် ယခုဈေးထက် ဆက်ကျနိုင်မည့် အခြေအနေ ရှိသေးကြောင်း ၎င်းက ဆိုသည်။
သို့သော်လည်း စစ်ကောင်စီဘက်မှ ထပ်မံထွက်ပေါ်လာမည့် မူဝါဒအကြောင်းများကလည်း ဈေးကွက်အပေါ် သက်ရောက်မှု နိုင်သဖြင့် စောင့်ကြည့်ရမည့် အခြေအနေလည်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ရန်ကုန်မြို့ရှိ နောက်ထပ် နိုင်ငံခြားငွေ ရောင်းဝယ်ရေး သမားတဦးက “ဒေါ်လာဈေးတွေ တောက်လျှောက် မြင့်လာတာက နိုင်ငံရေးပေါ့။ နှစ်အချက်ကတော့ နိုင်ငံတကာ အခြေအနေတွေ ပါတာပေါ့။ နိုင်ငံတကာအခြေအနေ အရ ၁ ဒေါ်လာ ကျပ် ၂၅၀၀နဲ့ ကျပ် ၃၀၀၀ လောက်ပဲ ဖြစ်ရမယ့် အခြေအနေမှာ စစ်ကောင်စီက ဈေးကွက်ကို ၁ ဒေါ်လာ ဘယ်လောက် ဆိုပြီး ပေါက်ဈေးထက် နိမ့်ပြီး ဝင်သိမ်းလိုက်တော့ တက်သင့်တာထက် ပိုပြီးတက်သွားတာပေါ့။ အခု ပြန်ဖြေလျော့လည်း ဘယ်လောက်ထိ လုပ်ရမလည်းဆိုတာ ကြည့်ရဦးမယ်။ အရမ်းအကြာကြီးတော့ မကျနိုင်ဘူး။ အခုက အကျပြတဲ့ သဘောပဲ”ဟု သုံးသပ်ပြောဆိုသည်။
အလားတူ ပြည်တွင်း ရွှေဈေးကွက်တွင်လည်း ယခင်က ကမ္ဘာ့ရွှေဈေးပေါ် မူတည်၍ ပြည်တွင်းဈေးကို တွက်ချက် ဈေးဖွင့်သော်လည်း ယခုအခါ ဒေါ်လာဈေး အဆမတန် မြင့်တက်လာသောကြောင့် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၂၀ ကျော်နှင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် ၁ ကျပ်သားလျှင် ကျပ် ၃၂ သိန်းကျော်နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ တာဝန်ရှိသူ တဦးက“ကျနော်တို့ အနိမ့်ဆုံးဈေးကို ဒီဈေးထားရမယ် ဆိုပြီး လုပ်တာပါ။ ဒါက ဩဂုတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ ဖြစ်တာပါ။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ၁ ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ တွက်ထားတာပါ။ အပြင်မှာကတော့ အပြင်ဒေါ်လာဈေးနဲ့ ရောင်းဝယ်ပြီး ရွှေကို သတ်မှတ်ရောင်းကြတယ်။ အပြင်မှာ တင် ဈေးက ၂ မျိုး၊ ၃ မျိုး ဖြစ်နေတယ်။ ဒေါ်လာဈေးဆိုရင် ဒီဆိုင်က ကျပ် ၃၀၀၀၊ နောက်တဆိုင်က ၃၂၀၀ အဲ့လိုတွေပေါ့။ အဲ့ဒီတော့ အခုက ဈေးနှုန်းကတော့ တမျိုးတစားထဲ ဈေးကွက်ထဲမှာ မရှိဘူး ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခင်က ပြင်ပဈေးမှာ ဈေးကစားသူများ၏ လုပ်ဆောင်မှုများသာ ဖြစ်ပြီး YGEA အသင်းရုံးမှ သတ်မှတ်ထားသောဈေးနှင့်သာ ရောင်းချရန်၊ ဈေးကစားသူများကို ဥပဒေအတိုင်း အရေးယူမည်ဟု စစ်ကောင်စီက သတ်မှတ်ထားရာမှ ယခု ဒေါ်လာ ဈေးများ ကျပ် ၄၀၀၀ ကျော်၊ ကျပ် ၅၀၀၀ နီးပါးအထိ မြင့်တက်လာသည့် အချိန်တွင် ဈေးကွက်ကို ထိန်း၍ မနိုင်သဖြင့် အသင်းရုံးဈေးကို ကြမ်းခင်းဈေးအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေကုန်သည်များက ပြောသည်။
ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင် တဦးက “စစ်ကောင်စီက ဈေးကွက်ကို ထိန်းတာမရတော့ အခု ပြန်ဖြေလျော့တာ လုပ်ပေမယ့် သူထိန်းတော့ မထိန်းနိုင်ဘူး။ ဘာလို့လဲဆိုရင် လုပ်စားစရာ အခု စီးပွားရေး ရှိမှ မရှိတာ ရွှေနဲ့ ဒေါ်လာပဲ လုပ်နေကြမှာ။ အခု မနက် ၁ ကျပ်သား ကျပ် ၃၂ သိန်းထိ ပြန်ကျတာလည်း ကမ္ဘာ့ရွှေဈေးကျတာနဲ့ ဒေါ်လာဈေး ပြန်ကျလို့ပဲ စကစ ဖြေလျော့လို့ တိုက်ဆိုင်သွားတာ။ ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ဒေါ်လာ ၁၇၅၀ ကျော်ကနေ အခု ၁၇၀၇ ဒေါ်လာထိ ကျနေတယ်။ အဲဒါနဲ့ သွားတိုက်ဆိုင်တာ”ဟု ပြောသည်။
လက်ရှိ ရွှေဈေးမှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရုံးအတွင်း၌ ဈေးတခုရှိသလို ပြင်ပတွင် ပြင်ပ ဒေါ်လာ ဈေးပေါ်လိုက်၍ ရွှေသမားအများစုမှာ နှစ်ဘက် ကြိုက်ရောင်းကြိုက်ဝယ်နှင့်သာ ဈေးကွက်တွင် ရောင်း/ဝယ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ရွှေဈေးနှုန်းကို စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ထားသည့် ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းနှင့် ဈေးဖွင့်ပြီး အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပဈေးနှင့်သာ ဖြစ်နေသောကြောင့် ဈေးကွက်ကို မထိန်းနိုင်သဖြင့် ပြန်လွတ်ပေးလိုက်ရသည့် အခြေအနေ ဖြစ်နေသည်။
ထို့ပြင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တဒေါ်လာကို ၂၁၀၀ ကျပ်သတ်မှတ်ထားပြီး ဒေါ်လာနှင့် ပတ်သက်ပြီး ရောင်း ခြင်း၊ ဝယ်ခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်မယ်ဆိုပါက ၀ ဒသမ ၃ ဘောင်အတွင်းကနေသာ အတိုးအလျှော့ ပြုလုပ်ကာ ရောင်းဝယ်ကြရန် သတ်မှတ်ထားသော်လည်း မြန်မာနေရှင်နယ်လေကြောင်းလိုင်း MAI နှင့် Air KBZ လေကြောင်းလိုင်း များကလည်း စစ်ကောင်စီ မူဝါဒအတိုင်း မဟုတ်ဘဲ လေယာဉ်လက်မှတ်ခကို ၁ ဒေါ်လာ ၃၀၀၀ ကျပ်နှင့် အထက် ကောက် ခံသွားမည်ဟု ကြေညာထားခြင်းကလည်း စစ်ကောင်စီ၏ အမိန့်နှင့် ဈေးကွက်ထိန်းချုပ်ခြင်းမှာ မအောင်မြင်ကြောင်း ပြသနေသည်။
You may also like these stories:
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ
ဓာတ်မြေသြဇာနှင့် မြက်သတ်ဆေး ဈေး အဆမတန် မြင့်နေ၍ လယ်သမားများ မသုံးနိုင်
ရင်းနှီးမြှုပ်နှံသူများ ရှိလာ၍ ရန်ကုန် အိမ်ခြံမြေဈေးတက်လာ
နွေဦးတော်လှန်ရေးကြားက တရုတ်ကြေးနီစီမံကိန်း