သတင်း

ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်း ထောင် ၁ နှစ်စီ ချခံရ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နှင့် ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ အား လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးက စက်တင်ဘာ ၁ ရက်တွင် အကျဉ်းနည်းဖြင့် စစ်ဆေးပြီး ထောင် ၁ နှစ်စီ ချမှတ်လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ဗြိတိန်သံအမတ်ဟောင်း အနေဖြင့် ဗီဇာပါ နေရပ်လိပ်စာတွင် နေထိုင်ခြင်းမရှိဘဲ ခင်ပွန်းဖြစ်သူ၏ ကလောမြို့နေအိမ်၌ သွား ရောက် နေထိုင်ခဲ့ရာတွင် အသိပေးအကြောင်းကြားရန် ပျက်ကွက်သည်ဟုဆိုကာ စစ်ကောင်စီက ဩဂုတ်လ နောက်ဆုံး ပတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖမ်းဆီးပြီးနောက် ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အရေးယူခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကိုလည်း အား ပေးကူညီခဲ့သည် ဟုဆိုကာ အဆိုပါ အက်ဥပဒေ ပုဒ်မ ၁၃ (၅) ဖြင့် အရေးယူထားကြောင်း စစ်ကောင်စီက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ တာဝန်ယူခဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးထိန်းလင်းမှာ ပန်းချီဆရာတဦး ဖြစ်သည်။

မစ္စဗစ်ကီဘိုးမန်းသည် မြန်မာနိုင်ငံတွင် အခြေချနေထိုင်နေစဉ်အတွင်း ၂၀၁၄ ခုနှစ်၌ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေးအထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်ပြီး ဦးစီးလုပ်ဆောင်နေသူ တဦးလည်း ဖြစ်သည်။

ယခုကဲ့သို့ ဗြိတိန်သံအမတ်ဟောင်းအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ အနေဖြင့် သံတမန်ရေးရာ ဓားစာခံအဖြစ် ဖန်တီးရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက The Washington Post သတင်းဌာနတွင် သုံးသပ်ပြောဆိုထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီ အနေဖြင့် ဩစတေးလျနိုင်ငံသားစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်နှင့် ဂျပန်နိုင်ငံ သား ရုပ်သံမှတ်တမ်းရိုက်ကူးသူ Toru Kubota တို့အား ဖမ်းဆီးချုပ်နှောင်ထားပြီး တရားစွဲဆိုမှုများ ပြုလုပ်ထားသည်။

မကြာသေးမီက ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သူ မစ္စနိုလင်းဟေဇာ၏ ခရီးစဉ်အတွင်း ပါမောက္ခရှောင်တာနယ်နှင့် ပတ်သက်ပြီး ပြန်လွှတ်ပေးရန် တောင်းဆိုမှုအပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်ကောင်စီ အကျိုးအတွက် အပေး အယူဆန်သည့် တုံ့ပြန်မှုပြောဆိုမှုသာ ပြုလုပ်ခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က “Mr. Sean Turnell ကိစ္စတွင်လည်း ဩစတေးလျနိုင်ငံအစိုးရ အနေဖြင့် အပြုသဘော ဆောင်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်မည်ဆိုလျှင် မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ တင်းမာစွာ ဆောင်ရွက်ရမည့် အခြေအနေမျိုး မရှိပါ” ဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် နေပြည်တော်အချုပ်ထောင်တွင်း ချုပ်နှောင်ခံထားရသည့် ပါမောက္ခရှောင်တာနယ်သည် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ခံရနိုင်သည့် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ဖြင့် တရားစွဲဆိုခံထားရသည်။

You may also like these stories:

ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းကို လဝကဥပဒေဖြင့် အမှုဖွင့်

Loading