နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်ပြင်ဆင်မှုအငြင်းပွားရာမှ မောင်တဝမ်းကွဲတော်စပ်သူ ဦးစိုးအောင် က လက်သီးနှင့် ထိုးခဲ့သည့်အမှုနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ချထားမှုအား နှစ်များစွာဆိုင်းငံ့ထားရာမှ ပြီးခဲ့သည့် မေလတွင် စစ်ကောင်စီက အသက်သွင်းကာ ပြစ်ဒဏ်အား အတည်ပြုလိုက်သည်။
၂၀၀၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် ဗဟန်းမြို့နယ်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား မတရားတားဆီးကန့်ကွက်မှု ကျူး လွန်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၁ အရ ငွေဒဏ်ကျပ် ၅၀၀ (သို့မဟုတ်) ထောင် ၇ ရက်ကျခံစေရန်နှင့် လက်သီးနှင့်ထိုးခဲ့သူ ဦးစိုးအောင်အား ငွေဒဏ်ကျပ် ၁၀၀၀ (သို့မဟုတ်) ထောင် ၁ လကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမိန့်ချမှတ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့်အတွက် ငွေဒဏ်ဆောင်ခဲ့ခြင်းမရှိဘဲ ခရိုင်အဆင့် အယူခံတင်သွင်းမှုအပေါ် နှစ်ပေါင်းများစွာ ကြားနာဆုံးဖြတ်မှုမရှိဘဲ ဆိုင်းငံ့ခဲ့ရာမှ စစ်တပ်က အာဏာသိမ်းအပြီး ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးက အမှုပြန်ခေါ်ကြားနာကာ မူလတရားရုံးဖြစ်သည့် ဗဟန်းမြို့နယ်တရားရုံးက ချမှတ်ထားသည့် ပြစ်ဒဏ်အား ထပ်မံအတည်ပြု လိုက်ခြင်းဖြစ်သည်။
အမှုဖြစ်စဉ်အား သိရှိထားသူတဦးက “ပထမက အမှုကို ဆိုင်းငံ့ထားတာ၊ အခု ၂၀၂၂၊ ၅ လပိုင်းကျမှ ဆိုင်းငံ့ထားတာကြီးကို ပြန်ဖွင့်ပြီး တော့ အမှုကို ကြားနာပြီး မူလရုံးအမိန့်ကို အတည်ပြုလိုက်တာ။ ခရိုင်တရားသူကြီးရဲ့ အာဏာအရ အမှုကိုတောင်းခေါ်ပြီးတော့ လုပ် လိုက်တာ” ဟု ပြောသည်။
လက်ရှိတွင် အဆိုပါအမှုမှ ပြစ်ဒဏ်အား ပြန်လည်အသက်သွင်း အတည်ပြုမိန့်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှုအနေဖြင့် တင်သွင်းထားပြီး မနက်ဖြန် စက်တင်ဘာ ၆ ရက်နေ့တွင် ပြင်ဆင်မှုအယူခံအား လက်ခံ/မခံ ကြားနာမည်ဖြစ်သည်။
ဦးစိုးအောင်အနေဖြင့် ၂၀၀၂ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အသိပေးခြင်းမရှိဘဲ ခြံအတွင်းရှိ ၎င်းနေထိုင်ရာ နေအိမ်အဆောင်အဦးအား ပြင်ဆင်ရန် ခြံထဲသို့ အလုပ်သမားများခေါ်ဆောင်ရောက်ရှိလာခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက် ပြောဆိုရာမှ ဦးစိုးအောင်က ဒေါ်အောင်ဆန်းစုကြည်အား လက်သီးနှင့်ထိုးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်ပါးပြင်ထိခိုက်ခဲ့ပြီး ယောင်ရမ်းနာကျဉ်မှုဖြစ်ခဲ့ရသည်။ ထိုသို့ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဦးစိုးအောင်အား ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
ယင်းနောက် လက်သီးနှင့်ထိုးခဲ့သူ ဦးစိုးအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ့အား တားဆီးပိတ်ပင်သည်ဟုဆိုကာ ဗဟန်းမြို့နယ်ရဲစခန်းတွင်ပင် အပြန်အလှန်အမှုဖွင့်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အပြန်အလှန်တရားစွဲဆိုမှုအား ဗဟန်းမြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် အမိန့်သည့် တရားမျှတမှုမရှိသည့် စီရင်ချက်ဖြစ်သည့်အပြင် နိုင်ငံရေးသဘောဆောင်သည့် ထိုးနှက်ချက်တရပ်ဖြစ်ကြောင်းနှင့် NLD နှင့် ပတ်သက်သမျှ တရားရုံးများ၏ စီရင်ချက်မှန်သမျှသည် အာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့်သား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း NLD အနေဖြင့် ထိုစဉ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် မောင်ဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄/၅၆) တွင် မိဘများနှင့်ဆက်နွယ်ပြီး အခမဲ့နေထိုင်ခဲ့သူဖြစ်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လက်ရှိတွင်လည်း အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့စွပ်စွဲသည့်ပုဒ်မများဖြင့် ထောင် နှစ် ၂၀ ချမှတ်ထားကာ နေပြည်တော်ထောင်အတွင်း အကျဉ်းချထားသည်။
ယင်းအပြင် ခြံအမှတ် ၅၄ နေအိမ်နှင့် ပတ်သက်ပြီး အကိုဖြစ်သူ ဦးအောင်ဆန်းဦးနှင့် ဖြစ်ပွားနေသည့် အမှုဆိုင်မှုကိုလည်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အထူးအယူခံမှုအနေဖြင့် ပြန်လည်လက်ခံကြားနာကာ ဦးအောင်ဆန်းဦး တောင်းဆိုတင်ပြမှုအား ခွင့်ပြုကြောင်း ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်နေ့က အမိန့်ချမှတ်ခဲ့သေးသည်။