သတင်း

ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI လက်မှတ် ထပ်မံ လုပ်ပေးမည်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော အထောက်အထားမဲ့ မြန်မာများအား နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity –CI) ထုတ်ပေးခြင်းကို ခရိုင် ၄ ခုတွင် မကြာမီအတွင်း လုပ်ပေးသွားမည်ဟု ထိုင်းအစိုးရ အဖွဲ့မှ အတည်ပြုခဲ့ကြောင်း ထိုင်းရောက် အလုပ်သမားအရေး လုပ်ဆောင် နေသူများထံက သိရသည်။

အဆိုပါ သက်သေခံ လက်မှတ် (Certificate of Identity – CI) ထုတ်ပေးခြင်းအား ထိုင်းနိုင်ငံ စမွတ်ဆာခွန်၊ စမွတ် ပရာကန်၊ ရနောင်းနှင့် ချွန်ဘူရီတို့တွင် လာမည့် အောက်တိုဘာလ၌ စ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ပေး သွားမည် ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်ဆောင်သူများက ဆိုသည်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက “CI ရှိနေတယ်ဆိုရင် ထိုင်းနိုင်ငံထဲမှာရယ်၊ မြန်မာပြည် သွားလာဖို့ အဆင်ပြေတယ်။ ပန်းရောင်ကတ် ကျတော့ နယ်မြေ ကန့်သတ်မှုတွေ ရှိတဲ့အတွက်ကြောင့် တနေရာကနေ သွားမယ်ဆိုရင် ပြဿနာရှိတယ်။ ပန်း ရောင်ကတ်က ပြည်နယ်တခုအတွင်းမှာပဲ အလုပ် လုပ်လို့ ရမယ်။ CI နဲ့တော့ ကွာတယ်” ဟု ပြောသည်။

ထိုသို့ ပြန်လည် ဖွင့်လှစ်ရာတွင် CI စာအုပ်သက်တမ်း တိုးခြင်းနှင့် လူသစ်များကို နိုင်ငံသားစိစစ်၍ CI စာအုပ်ထုတ်ပေး မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်နေ့ရက်တွင် စတင် ဖွင့်လှစ်မည်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နေထိုင်ခွင့်ဗီဇာဖြင့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ(CI- Certificate of Identity) စာအုပ်ရှိမှသာ ဥပဒေအရ တရားဝင်အလုပ်သမားအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် CI စာအုပ်လဲရန် ကျန်ရှိနေသည့် မြန်မာလုပ်သားဦးရေမှာ ၂ သိန်း ၅ သောင်းခန့် ကျန်ရှိနေသေး ကြောင်း သိရသည်။

အဆိုပါ CI သက်တမ်းတိုး စာအုပ် ထုတ်ယူနိုင်ရန် ထိုင်းနိုင်ငံရှိ 7-Eleven ဆိုင်များတွင် လက်ရှိ ကိုင်ဆောင်ထား သည့် CI စာအုပ်နံပါတ်ဖြင့် စာအုပ်ဖိုး ၃၀၀ ဘတ်နှင့် ပေးသွင်းခြင်း ဝန်ဆောင်ခ ၁၀ ဘတ် စုစုပေါင်း ဘတ် ၃၁၀ ပေး သွားရမည်ဖြစ်ကြောင်း ထို့နောက် 7-Eleven မှ ထုတ်ပေးမည့် ပြေစာပါ နေ့ရက်တွင် အစိုးရမှ သတ်မှတ်ထား သည့် CI စခန်းများသို့ သွားရောက်၍ ကိုယ်ရေး မှတ်တမ်း ဖြည့်သွင်းခြင်း၊ CI စာအုပ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ အိမ် ထောင်စုဇယားနှင့် ထိုင်းနိုင်ငံ အလုပ်သမားဌာနမှ ထုတ်ပေးထားသည့် အထောက်အထား စာရွက်စာတမ်းများကို မိတ္တူကူး၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

CI ကတ်ထုတ်ပေးခြင်း သက်တမ်းတိုးခြင်း လုပ်ဆောင်သည့် စခန်းများကို ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင် လ ၂၇ ရက်အထိ ထိုင်းနိုင်ငံရှိ စမွတ်စခွန်၊ စမွတ် ပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်း စသည့် ခရိုင်များတွင် ဖွင့်လှစ် ပေးခဲ့ရာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဆွေမျိုး တော်စပ်သည့် ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိသွားကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုစဉ်က မြန်မာလုပ်သား ၄သိန်းခန့်သာ CI အထောက်အထား ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထပ်မံ ဖွင့်လှစ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ယခုတကြိမ်တွင် CI အထောက်အထား လျှောက်ထားသူများမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ် လုပ် ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ထိုင်းအစိုးရက အနိမ့်ဆုံး လုပ်အားခများ တိုးပေးမည်

ရနောင်း၌ ပိတ်မိနေသည့် မြန်မာအလုပ်သမား ၁၆၀ ကျော် စားသောက်ရေး ခက်ခဲနေ

ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ

Loading