လွန်ခဲ့သော ၂ ပတ်အတွင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံအမတ်ကို ၃ ကြိမ် ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း လေကြောင်း၊ အမြောက် တိုက်ခိုက်မှုများနှင့် ဝေဟင်ပိုင်နက် ကျူးကျော်မှုများအတွက် လွန်စွာစိုးရိမ်ကြောင်း ပြောသည်။
လွန်ခဲ့သောအပတ်က ရက္ခိုင့်တပ်တော် (AA) သည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်မြောက်ပိုင်းရှိ မောင်တောမှ ရဲစခန်းတခုကို သိမ်းပိုက်ပြီးနောက် မြန်မာစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည်။ စစ်ကောင်စီလေယာဉ်က ပစ်ခတ်သော ဒုံးကျည် အနည်းဆုံး ၂ ခုသည် ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ကျရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို တနင်္ဂနွေနေ့တွင် တတိယအကြိမ် ဆင့်ခေါ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်ပြီး “ထိုသို့တွေ့ဆုံစဉ် ထိုလုပ်ရပ်များသည် ငြိမ်းချမ်းစွာနေလိုသော ပြည်သူများ၏ ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် လုံခြုံမှုကို အပြင်းအထန်ခြိမ်းခြောက်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား နယ်စပ်သဘောတူစာချုပ်ကို ချိုးဖောက်ကာ အိမ်နီးချင်းကောင်းဆက်ဆံရေးနှင့် ဆန့်ကျင်ကြောင်း မြန်မာသံအမတ်ကို ပြောကြားခဲ့သည်” ဟု ဖော်ပြသည်။
စနေနေ့နံနက်တွင် မြန်မာစစ်လေယာဉ်များသည် ဘန်ဒါဘန်၊ ချက်တိုဂရမ်တောင်တန်းခရိုင်၊ နိုင်ခရမ်ချဟာရီ ဥပဇီလာ ဧရိယာ ဂမ်ဒမ်ဒေသမှ တမ်ရု တောင်ပေါ်ဒေသသို့ ဒုံးကျည်အနည်းဆုံး ၂ ခုကို ပစ်ခတ်ခဲ့သည်။ ထိုနေရာသည် ကောက်ဘဇားမှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းနှင့် ၆ မိုင်သာဝေးသော နေရာဖြစ်သည်ဟု ဘန်ဒါဘန် ရဲနှင့် အရပ်ဘက် အုပ်ချုပ်ရေး အရာရှိများက ပြောသည်။
ဘင်္ဂလားဒေ့ရှ် လေကြောင်းပိုင်နက်ကို မြန်မာကချိုးဖောက်သည့် အထောက်အထား မရှိသလို ထိခိုက်ဒဏ်ရာရသည့် သတင်းလည်းမရကြောင်း ဘန်ဒါဘန် ခရိုင်ရဲမှူး တာရီကူ အစ္စလမ်က ပြောသည်။ သို့သော် စနေနေ့တွင် မြန်မာစစ်တပ်မှ တိုက်လေယာဉ် ၂ စင်းသည် နယ်စပ်စခန်း ၄၀ နှင့် ၄၁ အနီးတွင် ပျံသန်းတိုက်ခိုက်နေခဲ့သည်။
မြန်မာစစ်တပ် ဂျက်လေယာဉ်များသည် ဒုံးကျည်အနည်းဆုံး ၈ ခုကို ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်များက ဒုံးကျည် ၃၀ ကျော် ပစ်ခတ်ကြောင်း ဘန်ဒါဘန် ရဲအရာရှိများက ပြောသည်။
ဒုံးကျည် ၂ ခုသည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း မီတာ ၁၂၀ ခန့်တွင် ပေါက်ကွဲခဲ့ကြောင်း ဘန်ဒါဘန် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။
တနင်္ဂနွေနေ့နံနက်မှ စတင်ပြီး အခြေအနေ ပုံမှန်ဖြစ်နေကြောင်း ဂမ်ဒမ် ယူနီယံကောင်စီ ဥက္ကဋ္ဌ ဂျဟန်ဂျာ အဇစ်က ဧရာဝတီ သတင်းဌာနသို့ တနင်္လာနေ့နံနက်တွင် ပြောသည်။
သြဂုတ်လ ၂၁ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် မြို့တော် ဒါကာမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ကျရောက်သည့် လေကြောင်းနှင့် အမြောက်တိုက်ခိုက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်း ဖော်ပြသည့် ကန့်ကွက်စာများ ပေးအပ်ခဲ့သည်။
ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း ထိုဖြစ်ရပ်များအတွက် စိုးရိမ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။
ဧရာဝတီသတင်းဌာနက ဆက်သွယ်ခဲ့သည်ကို ဒါကာရှိ မြန်မာသံရုံးက တုံ့ပြန်ခြင်း မရှိပေ။
ဘင်္ဂလားဒေ့ရှ် လေတပ်မှ ဦးစီးအရာရှိဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မာဖူဇာ ရာမန်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေအနေကို လေ့လာစောင့်ကြည့်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းရန် မြန်မာသံအမတ်ကို အကြိမ်ကြိမ် ဆင့်ခေါ်ပြောကြားခြင်း မအောင်မြင်မှုကြောင့် မြန်မာစစ်တပ်သည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နှင့် လေကြောင်းပိုင်နက်ကို အကြိမ်ကြိမ် ချိုးဖောက်ရခြင်းအား ဂရုမစိုက်ကြောင်း ပြသနေသည်ဟု ပြောသည်။
ဒုဗိုလ်ချုပ်ကြီးဟောင်း မာဖူဇာရာမန်က ထိုလေကြောင်းနှင့် အမြောက်တိုက်ခိုက်မှုများသည် ကြိုတင်တွက်ချက် ရန်စမှုများဖြစ်ကြောင်း ပြောကြားပြီး ထိုအကျပ်အတည်းကို ဘင်္ဂလားဒေ့ရှ်က စစ်ရေးအရတုံ့ပြန်ရန် လိုလားခြင်း မရှိသည်ကို မြန်မာစစ်တပ်က ကောင်းစွာသိနေကြောင်း ပြောသည်။
မြန်မာမှ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များကို ၎င်းတို့ပိုင်နက်တွင် ခိုလှုံခွင့်မပေးရန် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ ပြောကြားထားကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် တောင်အာရှ သုတေသီ အယ်လ်တက် ပါဗက်ဂျ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ်သည် ရက္ခိုင့်တပ်တော် တိုက်ခိုက်ရေးသမားများကို ခိုလှုံခွင့်ပေးထားသည့် အထောက်အထား မရှိသော်လည်း နှစ်နိုင်ငံနယ်စပ်သည် အတားအဆီး မရှိသောကြောင့် ရက္ခိုင့်တပ်တော် တိုက်ခိုက်ရေးသမားများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အလွယ်တကူ ဖြတ်ကျော် ဝင်ရောက်နိုင်သည်။
စနေနေ့က ဖြစ်ရပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမန်က မြန်မာကမည်သို့ ဆက်လက်ရန်စသည်ဖြစ်စေ အရေးမကြီးကြောင်း ဘင်္ဂလားဒေ့ရှ်သည် မည်သူ့ကိုမှ နယ်စပ်ဖြတ်ကျော်ခွင့် ပေးမည်မဟုတ်ကြောင်း ပြောသည်
မြန်မာမှ မည်သူမျှ ဝင်မလာစေရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များကို တပ်လှန့်ထားကြောင်းလည်း သူကပြောသည်။
သြဂုတ်လကုန်တွင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒတ်ဇာမင် ခန်က ဒါကာအခြေစိုက် New Age သတင်းစာကို ပြောကြားရာတွင် မြန်မာစစ်တပ်သည် မြန်မာမှ သူပုန်များ ဘင်္ဂလားဒေ့ရှ်အတွင်း ထွက်ပြေးအောင် လိုက်လံတိုက်ခိုက်ကြောင်း၊ ထိုဖြစ်ရပ်များကြောင့် ကြီးမားသည့် ထိခိုက်မှု မရှိကြောင်း ပြောသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ တရားဝင်သဘောထားမှာ အိမ်နီးချင်းနိုင်ငံများကို သူပုန်များကို လက်ခံမထားရန်ဖြစ်ကြောင်း ပြောသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်မှူး ဗိုလ်ချုပ် ရှာကီအာမက်သည် နယ်စပ်သို့ သွားရောက်ပြီး ကောက်ဘဇားရှိ တက္ကနက်ဖ်နှင့် ဟနီလာဒေသများမှ စစ်ဆင်ရေးများ၊ လေ့ကျင့်မှုများနှင့် အုပ်ချုပ်ရေးကိစ္စများကို စစ်ဆေးသည်။
(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Myanmar Envoy Summoned Over Regime Airstrikes Along Bangladesh Border သတင်းကို ဘာသာပြန်သည်။)
You may also like these stories:
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီစခန်း AA သိမ်းပိုက်
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း ၅ ခု AA သိမ်းပိုက်
မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော
ဘန်ကောက် လက်နက်ပြပွဲ မြန်မာစစ်ကောင်စီကို ဖိတ်ခေါ်