သတင်း

ဈေးကွက်ထိန်းရန် ရွှေဒင်္ဂါးပြားရောင်းချမှု အလုပ်မဖြစ်ဟုဆို

ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်ရေးအတွက် ဟုဆိုကာ ၁ ကျပ်သား၊ ၅ မူးသားနှင့် ၁ မတ်သားရှိ ရွှေဒင်္ဂါးပြားများကို နေပြည်တော် ကျောက်မျက်ရတနာ ပြတိုက်ခန်းမဆောင်တွင် ယမန်နေ့ကစပြီး ၁ ကျပ်သားလျှင် ကျပ် ၂၉ သိန်း ၉ သောင်းဝန်းကျင်နှင့် ရောင်းချခဲ့သော်လည်း ရွှေဈေးများ ဆက်လက် မြင့်တက်လျက် ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။

ပြည်တွင်းရွှေကုန်သည်တဦးက “ရွှေဈေးတည်ငြိမ်ဖို့ ဆိုပေမယ့် လက်တွေ့တော့ အလုပ်မဖြစ်ပါဘူး။ ဈေးတက်တာ ဈေး ကစားလို့ဘာလို့ ပြောနေပေမယ့် တကယ်က အဲဒီလိုမှ မဟုတ်တာ။ ရွှေဈေးကွက်ကို သူတို့ထိန်းဖို့ မလွယ်ပါဘူး။ ကျဈေးနဲ့ ရောင်းမယ်ဆိုရင်လည်း ကုန်သည်တွေ၊ ငွေရှိတဲ့သူတွေက တန်းစီမှာပဲ။ အရင်က အခုလို အသင်းရုံးတဈေး၊ အပြင်ဈေး မပေါ်ခင် ဒင်္ဂါးပြား ရောင်းပေးတော့တောင် တန်းစီကြတာ။ အခု အသင်းရုံးဈေးနဲ့သာရောင်းရင် တန်းစီကြမှာ။ အဲဒီတော့ အပြင်ဈေးနဲ့ ရောင်းတယ်။ ဒီတော့ သူ့ဆီဘယ်တန်းစီမလဲ။ အပြင်ပဲ ဝယ်မှာပေါ့” ဟု ရှင်းပြသည်။

ပြည်တွင်းရွှေဈေးမှာ အမြင့်ဈေးတွင် ရှိနေသောကြောင့် စစ်ကောင်စီ အနေဖြင့် ဈေးကွက်ကို ထိန်းချုပ်ရန်အတွက် ရွှေဒင်္ဂါး ပြားများ ရောင်းချခြင်းကို လုပ်ဆောင်လာခြင်း ဖြစ်သော်လည်း လက်ရှိ အခြေအနေကို ထိန်းချုပ်ရန် မလွယ်ကြောင်းလည်း ၎င်းက ပြောသည်။

၎င်းက ဆက်၍ “သူတို့ ပေါက်ဈေးထက် လျှော့ရောင်းရင် ကုန်သည်တွေက ဝယ်ပြီးပြန်ရောင်းမှာပေါ့။ အဲဒီတော့ စကစ နေ့စဉ် ရောင်းပေးသမျှ ကုန်သည်က မသွားမှာပဲ။ အခု ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းပေးတော့ ရွှေက ပြန်တက် သွားတယ်။ အဲဒီတော့ စကစ လုပ်နေတာ ဘာမှတော့ မထူးပါဘူး။ လုပ်ကြည့်တာပဲ ဖြစ်တာပေါ့” ဟု ဆိုသည်။

ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကြောင့် စီးပွားရေး ကျဆင်းနေချိန် စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ ပြည်တွင်းရှိ စီးပွား ရေးလုပ်ငန်းများ ပိုမိုကျပ်တည်းသွားခြင်း၊ ကျပ်ငွေတန်ဖိုးများ ဆက်တိုက် ကျဆင်းလာမှုနှင့်အတူ ရွှေနှင့်ငွေကြေးဈေးကွက် အပေါ် ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် ငွေရှိသူများက လှည့်ပတ်လုပ်ကိုင်လာခြင်းတို့၏ အကျိုးဆက်များ ဖြစ်ကြောင်း လည်း လုပ်ငန်းရှင်တချို့က သုံးသပ်ပြောဆိုသည်။

ရန်ကုန်မြို့မှ ရွှေကုန်သည်တဦးကလည်း “ခက်နေတာ အခု လုပ်ကိုင်စရာ လုပ်ငန်းမရှိဘူး။ အဲဒီတော့ ရှိတာပဲ လုပ်ကြ တယ်။ လူတွေကလည်း အတက်အကျ ကစားမှပဲ စိတ်ဝင်စားကြတယ်။ ဒီသဘောပါပဲ။ ဒီအခြေအနေတွေကြောင့် ပြည် တွင်းရွှေဈေးကွက်ကို စစ်ကောင်စီထိန်းလည်း မလွယ်လောက်ဘူး။ ရွှေဈေးက သိပ်တော့ မကျနိုင်ဘူး။ အမြင့်ပိုင်းမှာ ဆက် ရှိနေမှာ။ ဒီနေ့ ကမ္ဘာ့ရွှေလည်း နည်းနည်းတက်သလို မြန်မာ့ရွှေလည်း တက်လာတယ်” ဟု ပြောသည်။

စစ်ကောင်စီက ရွှေဒင်္ဂါးပြားများကို ထုတ်ရောင်းရာတွင် လူ ၁ ဦးလျှင် ၁ ကျပ်သားနှုန်းကို မှတ်ပုံတင်ဖြင့် ရောင်းချပေးနေ ခြင်းဖြစ်ပြီး ၁ ကျပ်သားရှိ ရွှေဒင်္ဂါးပြား ၁ ပြားလျှင် ကျပ် ၂၉ သိန်း ၉ သောင်းနှင့် ရောင်းချပေးနေသော်လည်း ပမာဏမည်မျှ ထိ ရောင်းချပေးမည်ကိုမူ စစ်ကောင်စီက ထုတ်ပြန်ထားခြင်း မရှိပေ။

စစ်ကောင်စီ ရောင်းချပေူးနေသည့် ရွှေဒင်္ဂါးများ

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွှေဒင်္ဂါးပြားများကို ကမ္ဘာ့ပေါက်ဈေး ကြမ်းခင်းဈေးအပေါ် အခြေခံ၍ တွက် ချက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အရံရွှေများကို အသုံးပြုခြင်း မရှိကြောင်းနှင့် ပြည်တွင်းရွှေဈေးကွက် အတွင်း ထိရောက်သည့် ပမာဏတခု ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတချို့တွင် ပြောထားသည်။

သို့သော် ရွှေဒင်္ဂါးပြားများကို ရောင်းချသည့် ဈေးနှုန်းမှာ ပြင်ပပေါက်ဈေးနှင့် အတူတူပင် ဖြစ်နေပြီး ၎င်းတို့ သတ်မှတ်ထား သည့် ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှုန်း နေ့စဉ် ဖွင့်လှစ်ရောင်းချရသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရုံး (YGEA) ဈေး ထက် ကျပ် ၁၀ သိန်းနီးပါး ပိုများနေသည်။

အဆိုပါ ရွှေဒင်္ဂါးပြားများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားများဖြစ်ပြီး လက်ရှိတွင် နေပြည်တော်၌သာ ရောင်းချပေးနေကြောင်း၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသော်လည်း ရက်အတိအကျကိုမူ မသိရသေးပေ။

ယနေ့ (စက်တင်ဘာ ၆ ရက်) YGEA အသင်းရုံး၏ ဈေးမှာ ကမ္ဘာ့ရွှေ ၁ အောင်စ ၁၇၁၇ ဒေါ်လာနှင့် အကယ်ဒမီအခေါက် ရွှေ ၁ကျပ်သားလျှင် ကျပ် ၂၀ သိန်း ၁ သောင်းကျော်ရှိပြီး ပြင်ပပေါက်ဈေးမှာ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၃၁ သိန်း ၅ သောင်းထိ မြင့်တက်လျက် ရှိသည်။

နေပြည်တော် ကျောက်မျက်ရတနာပြတိုက်ခန်းမဆောင်တွင် ရွှေဒင်္ဂါးပြားများ စတင်ရောင်းချပေးသည့် စက်တင်ဘာ ၅ ရက်၌ ပြင်ပရွှေဈေးမှာ ကျပ်သိန်း ၃၀ ဝန်းကျင်သာ ရှိသော်လည်း ၁ ရက်အကြာ ယနေ့တွင် ၃၁ သိန်း ၅ သောင်းထိ ကျပ် ၁ သိန်းခွဲနီးပါး ဈေးထပ်မံ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

Loading