နေအိမ်ပြင်ဆင်မှု အငြင်းပွားရာမှ လက်သီးနှင့်အထိုးခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်သည့် ပြစ်ဒဏ်နှင့် ပတ် သက်ပြီး ရာဇဝတ်ပြင်ဆင်မှု အယူခံတင်သွင်းခြင်းအား ယနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်က ကျယ်ပြန့်စွာ ကြားနာမှု မရှိဘဲ အကျဉ်းနည်းဖြင့် ပလပ် (ပယ်ချ) လိုက်သည်။
၂၀၀၂ ခုနှစ်က မောင်တဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်နှင့် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်အား မတရားတားဆီးပိတ်ပင်မှုဖြင့် ငွေဒဏ် ကျပ် ၅၀၀ ပေးဆောင်ရန်၊ ငွေဒဏ်ပေးဆောင်ခြင်း မရှိပါက ထောင် ၇ ရက် ကျခံရန် အမိန့်ချထားခြင်း ဖြစ်သည်။
ယင်းအမှုကို နှစ် ၂၀ ကြာ ဆိုင်းငံ့ထားရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ မေ ၂၇ ရက်တွင် အနောက်ပိုင်း ခရိုင်တရားရုံးက အမှုပြန်ဖွင့်ကာ မူလပြစ်ဒဏ်ချထားမှုအား ထပ်မံ အတည်ပြုလိုက်သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် ဘက်က ကျေနပ်မှုမရှိသည့်အတွက် ရန်ကုန်တိုင်းတရားလွှတ်တော်ထံ အယူခံတင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အယူခံမှုအား ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံ ဆက်လက် တင်သွင်းခြင်း ပြုမပြုနှင့် ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက်အား ဒေါ်အောင်ဆန်းစုကြည်ထံ အသိပေး ပြီးမှသာ မည်သို့ဆက်လုပ်မည်ကို သိရှိနိုင်မည့် အခြေအနေ ရှိကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော်အကျဉ်းထောင်တွင်း အကျဉ်းချခံထားရပြီး လာမည့် စက်တင်ဘာ ၈ ရက်မှသာ ထောင်တွင်းအထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ရှိနေသည်။
အမှုဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်အမည်ပေါက် ရန်ကုန်မြို့၊ ခြံအမှတ် (၅၄/၅၆) တွင် နေထိုင်ဖူး သည့် မောင်တဝမ်းကွဲ ဦးစိုးအောင်က ၂၀၀၂ ခုနှစ်တွင် ၎င်းနေထိုင်သော အဆောက်အအုံအား ပြင်ဆင်ရန် ဒေါ်အောင် ဆန်းစုကြည်ကို အသိပေးခြင်းမရှိဘဲ အလုပ်သမားအား ခေါ်ဆောင်ရောက်ရှိလာရာ ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ခဲ့ ပြီး စည်ပင်သာယာခွင့်ပြုရှိမှ ပြင်ဆင်ရန် ပြောဆိုမှုအပေါ် အငြင်းပွားရာမှ ဦးစိုးအောင်က ဒေါ်အောင်ဆန်းစုကြည်အား လက်သီးဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်ပါးပြင် ထိခိုက်ခဲ့ပြီး ရောင်ရမ်းနာကျင်မှု ဖြစ်ခဲ့သည့် အတွက် ထိုသို့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သော ဦးစိုးအောင်အား ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
ထို့နောက် ဦးစိုးအောင်ကလည်း ၎င်းအား မတရားတားမြစ်သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား ဗဟန်းရဲစခန်းတွင် အပြန်အလှန် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
ထိုသို့ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဗဟန်းမြို့နယ်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၁ အရ ငွေဒဏ် ကျပ် ၅၀၀ (သို့) ထောင် ၇ ရက် ကျခံစေရန် အမိန့်ချခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်ထိလက် ရောက် တိုက်ခိုက်ခဲ့သည့် ဦးစိုးအောင်ကိုလည်း ဗဟန်းမြို့နယ်တရားရုံးက ငွေဒဏ် ကျပ် ၁၀၀၀ (သို့) ထောင် ၁ လ ကျခံ ရန် အမိန့်ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ်နှင့် ပတ်သက်ပြီး ထိုစဉ်ကတည်းက ကျေနပ်မှု မရှိသည့် အတွက် အယူခံတင်ခဲ့သော်လည်း ဆက်လက် ကြားနာမှု မရှိဘဲ နှစ် ၂၀ ခန့် ဆိုင်းငံ့ခဲ့ရာမှ ယခု စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်တွင် ပြန်လည်အစဖော်ကာ ပြစ်ဒဏ်အား ပြန်လည် အတည်ပြုခြင်းလည်း ဖြစ်သည်။
You may also like these stories:
လက်သီးနှင့်အထိုးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ကောင်စီအသက်ပြန်သွင်း
ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နှင့်ထောင် ၃ နှစ် ထပ်မံချ
ခြံအမှတ် ၅၄ အမွေဆိုင်မှု ဦးအောင်ဆန်းဦး တောင်းဆိုချက် တရားလွှတ်တော်ချုပ် ခွင့်ပြု