သတင်း

နောင်ချို၌ စစ်ရှောင်ကလေးများ ရာသီတုပ်ကွေးကြောင့် ဆေးဝါးလိုအပ်နေ

ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲများကြောင့် ထွက်ပြေးရသည့် စစ်ရှောင်များတွင် ကလေးငယ်အများစုမှာ ရာသီတုပ်ကွေးနှင့် ခရီးပန်းမှုကြောင့် ဖျားနားမှုများ ဖြစ်နေသဖြင့် ဆေးဝါးလိုအပ်နေကြောင်း သိရသည်။

နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာသို့ လုံခံ၊ ကြံခင်း၊ ရတနာသိင်္ဂီ၊ နားခါးကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင် ၆၀၀ ခန့် ရောက်ရှိနေပြီး ကလေးငယ် ၁၈၀ ခန့်ထိ ပါရှိလာရာ ယင်း ကလေးငယ်များထဲမှ အများစုမှာ ရာသီတုပ်ကွေးနှင့် ခရီး ပန်း၍ ဖျားနာခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ဘေးရှောင် ကူညီပေးနေသူတဦး က “စက်တင်ဘာ ၄ ရက်က လုံခံနဲ့ နားခါးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF အဖွဲ့ တိုက်ပွဲ ဖြစ်တာကြောင့် ရွာခံတွေ ထပ်ပြီး ထွက်ပြေး တိမ်းရှောင်လာကြရတာ။ အစားအသောက်ကတော့ အခက်အခဲ မရှိပေမယ့် ကလေးတွေက ဖျားနာတာတွေ များနေတော့ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။

အမျိုးသမီး အသုံးဆောင်ပစ္စည်းတွေနဲ့ ၁၃ နှစ်အောက်ကလေး အဝတ်အစားတွေ လိုအပ်တယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် သြဂုတ်လ ၃၁ ရက်က ၎င်းတို့၏ ကျေးရွာများသို့ ပြန်သွားကြသော်လည်း စက်တင် ဘာ ၄ ရက်တွင် လုံခံနှင့် နားခါးကျေးရွာအနီး ပြည်သူ့ ကာကွယ်ရေးတပ် (မန္တလေး)နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ထပ်မံ ထွက်ပြေး တိမ်းရှောင်လာကြသူများဟု သိရသည်။

“မနေ့ကနဲ့ ဒီနေ့ ရောက်လာကြတဲ့ အရေအတွက်က ၆၀၀ လောက် ရှိတယ်။ လုံခံ၊ ကြံခင်း၊ ရတနာသိင်္ဂီနဲ့ နားခါးကျေး ရွာတွေကပေါ့၊ ပြန်သွားကြတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ပြန်ပြေးလာကြရတာတော့ လူကြီးတွေက ခရီးပန်းတာကို ခံနိုင်ရည်ရှိကြပေမယ့် ကလေးငယ်လေးတွေက ခရီးပန်းပြီး ဖျားကြ နာကြတာပေါ့။ ဒီမှာက အကုန်စုနေကြတော့ ကလေးတယောက် ဖျားရင် ကျန်တဲ့ ကလေးတွေလည်း အဖျား ကူးကုန်ကြတာဆိုတော့ ရှိပြီးသား ဆေးဝါးနဲ့ မလောက်တော့လို့ ကလေးတွေအတွက် ဆေးဝါးနဲ့ အဝတ်အစားတွေလည်း လိုအပ်ပါတယ်” ဟု စစ်ဘေးရှောင် ကူညီပေးနေသူတဦး က ပြောသည်။

စက်တင်ဘာ ၄ ရက် ညနေပိုင်းက လုံခံကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင် ရောက်ပြီး နားခါးကျေးရွာအနီးတွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲဖြစ်ကာ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့သလို စစ်ကောင်စီက ပစ်ခတ်သည့် ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နားခါးကျေးရွာ နေအိမ်များ ထိမှန်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ကြရသူများသည် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများဖြင့် တိမ်းရှောင်လာကြသူ များရှိသလို ခြေလျင်ထွက်ပြေး တိမ်းရှောင်လာကြသူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ဘေးရှောင်လာသည့် နားခါးကျေးရွာသားတဦးက “ကိုယ့်ရွာမှာပဲ နေချင်တာ၊ အခုလို ပြေးရတာမျိုး မကြိုက်ဘူး၊ အခုက စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်တာ၊ စစ်တပ်က ကောင်တွေက လက်နက်ကြီးတွေနဲ့ ထုလို့ တို့ရွာက အိမ်တွေလည်း မှန်တာတွေ ရှိတယ်၊ စစ်တပ်ကကောင်တွေက အကုန် ပစ်နေတာကြောင့် ပြန်ပြေးခဲ့ရတာပဲ၊ အခု လမ်းလျှောက်ပြီး လာကြတာ”ဟု ပြောသည်။

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့၌ သြဂုတ်လ ၂၄ ရက်က စတင်ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နောင်ချိုမြို့နယ်အတွင်းမှ ဒေသခံ ၃ ထောင် ကျော်အထိ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားမှုအနေဖြင့် သြဂုတ် ၂၄ ရက်က စတင်ကာ နောင်ချိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးလာသော အမှတ် ၁၀၁ ခြေမြန် တပ်မဌာနချုပ် လက်အောက်ခံ စလင်းမြို့ အခြေစိုက် ခလရ ၂၅၃၊ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့ အခြေစိုက် ခမရ ၅၀၂ ၊ နမ့်လန်အခြေစိုက် ခမရ ၅၀၅ တပ်ရင်းများသည် လက်နက်ကြီးများနှင့် စတင် ပစ်ခတ်ခဲ့ပြီးနောက် PDF မန္တလေးနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်များက အဆင့်ဆင့် ပိတ်ဆို့ထားခဲ့ရာ အထိအခိုက် အကျအဆုံး များလာသဖြင့် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီက ရဟတ် ယာဉ်များဖြင့် ပစ်ကူခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံက သိရသည်။

ထို့ပြင် သြဂုတ် ၂၉ ရက် ညနေ ၆ နာရီခန့်တွင်လည်း စစ်ကောင်စီ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန် အလှန် ပစ်ခတ်မှုများ ရှိခဲ့ကာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးကာ၊ အပြင်းအထန် ဒဏ်ရာ ရရှိသူ ၄၀ ခန့် အထိ ရှိနိုင်ကြောင်း ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က တာဝန်ရှိသူတဦးက ပြော သည်။

၎င်းက “စစ်ကောင်စီဘက်ကတော့ ဒီနေ့အထိ အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ပြီး ထိုးစစ်ဆင်နေတယ်၊ ကျနော်တို့ ဘက်ကလည်း ခုခံစစ်အနေနဲ့ အောင်မြင်စွာ ဆင်နွှဲနေပြီး အခုထက်ပိုပြီး စစ်ရေးအရှိန် မြှင့်တင်နိုင်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်။ တခုရှိတာက စစ်ကောင်စီတပ်တွေက သူတို့ အထိနာလာပြီဆိုရင် ရွာတွေကို လက်နက်ကြီးတွေနဲ့ ထုတာ၊ ဝင်စီးတာတွေ လုပ်နေတော့ ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာ အမှန်ပဲ” ဟု ပြော သည်။

အဆိုပါ ဒေသ အနီးတဝိုက်တွင် ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲ အခြေအနေ ရှိကြောင်း သိရသည်။

Loading