စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာ၂ ရွာမှ စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီး ၁ ဦး အပါအဝင် ၇ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကနီဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများ ထံက သိရသည်။
အဓမ္မပြုကျင့်ခံရသူများမှာ အသက် ၃၀ ကျော်နှင့် ၄၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်တွင် ပရဟိတဆရာမတဦး အဓမ္မကျင့်သတ်ဖြတ်ခဲ့သလို ကျန် ၆ဦးကို သြဂုတ်၂၈ ရက်က ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ကနီမြို့နယ်အတွင်းသို့ သြဂုတ် ၁၇ ရက်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ရဟတ်ယာဉ် ၄ စီးဖြင့် ချထားခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အသက် ၃၀ ဝန်းကျင်အရွယ် ပရဟိတဆရာမတဦးကို ဖမ်း၍ အဓမ္မပြုကျင့် သတ် ဖြတ်ခဲ့ကြောင်း ကနီဒေသ တက်ကြွလှုပ်ရှားသူ သပိတ် ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ပြောသည်။
“ကနီမြို့နယ်အတွင်းကို စစ်ကြောင်း ဝင်တာ၊ သြဂုတ် ၁၇ ရက်နေမှာ ရဟတ်ယာဉ်နဲ့ စစ်သားတွေကို ချထားခဲ့တာ၊ အဲဒီ စစ်ကြောင်းက ပရဟိတဆရာမတယောက်ကို မုဒိမ်းကျင့်သွားတယ်၊ ကျနော်တို့ သူ့ရဲ့ အလောင်းကို ဆေးဘက်ဆိုင်ရာ နားလည်သူတွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ အမျိုးသမီးအင်္ဂါကနေသွေးတွေနဲ့ သုတ်ရည်အချို့ တွေ့ခဲ့ရတယ်။ အဲဒါ ကြောင့် မုဒိမ်းကျင့် သတ်ဖြတ်ခံရတယ်လို့ ကောက်ချက်ချခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ထို့အတူ သြဂုတ် ၂၈ ရက်တွင်လည်း ကနီမြို့နယ်ရှိ ကျေးရွာတရွာအား ဝင်ရောက်စီးနင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ထွက်ပြေးကြသည့် အမျိုးသမီး ၆၂ ဦး၊ အမျိုးသား ၃၃ ဦး တို့ ထိပ်တိုက် တွေ့ဆုံခဲ့သဖြင့် စုစုပေါင်း ၉၅ ဦး ဖမ်းဆီးခံ ခဲ့ရကာ နောက်တရက်၌ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ စစ်ကြောင်းပြန်ထွက်သွားချိန် မြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ပကဖ) တို့က ပြန်လည်လွတ်မြောက်လာသူများကို ဖြစ်စဉ်များ မေးမြန်း ခင်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရာ အဓမ္မပြုကျင့်ခံရကြောင်းကို အမျိုးသမီးတချို့မှ ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။
ဒေသခံ ကိုပြည့်အောင်နိုင်က “စစ်ကြောင်းဝင်လာချိန် ပြေးကြရင်း ထိပ်တိုက်တွေ့ပြီးတော့ မိသွားတဲ့အခါမှာ အမျိုး သမီး တွေကို ဖမ်းဆီးပြီး တနေရာမှာ ထားတယ်လို့ သိရတယ်။ ပြီးတော့မှ အဲဒီအထဲက အမျိုးသမီး တချို့ကို မုဒိမ်းပြုကျင့်သွားတာပေါ့။ သူတို့ ရှက်ကြောက်ပြီး မပြောကြတာနဲ့ ဘယ်သူတွေ ပြုကျင့်ခံရတယ်ဆိုတဲ့ စာရင်း အားလုံး မသိကြရတာ” ဟု ဆက်လက် ပြောသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများမှာ လတ်တလော ၆ ဦးရှိကြောင်း သိရှိရပြီး ထိုထက်မက ရှိနိုင်ကြောင်း၊ ထို ၆ ဦး တွင် စိတ်ကျန်းမာရေး ချို့ယွင်းနေသည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦးလည်း ပါဝင်နေပြီး ၎င်းမှာ ရိုက်နှက်ခံထားရသည့်အတွက် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ရကြောင်းလည်း သိရသည်။
စစ်ကြောင်းထိုး ဝင်ရောက်လာသည့် တပ်ရင်း တပ်မကိုမူ အတိအကျ မသိသော်လည်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ များ၏ ပြန်လည်ပြောပြချက်အရ ပြင်ဦးလွင်၊ မကွေးနှင့် စစ်ကိုင်းတို့မှ ဖြစ်သည်ဟု ကြားသိရကြောင်း၊ ပြင်ဦးလွင်တပ်မှ ဗိုလ်ကြီး သန်းဝင်းအောင် ဆိုသည့် အမည်ကိုလည်း ကြားခဲ့ရကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။
သြဂုတ် ၂၈ ရက်က ဝင်ရောက် စီးနင်းခဲ့သည့် ကျေးရွာအတွင်းမှ စစ်အင်္ကျီတချို့နှင့် ဒုတပ်ကြပ် နိုင်လင်းဦး၊ ဒုတပ်ကြပ် သန်းမိုး၊ ဒုတပ်ကြပ် သာစိန်မောင်၊ တပ်ကြပ် ဇော်လွင်ဦး၊ တပ်သား ကျော်ထွန်းဝင်း၊ ရဲမျိုးလွင်၊ စန်းကို နာမည်များပါ သော စာရွက်များတွေ့ရကြောင်း ဒေသခံများက ဆိုသည်။
ယင်းမာပင်၊ ပုလဲ၊ ကနီမြို့နယ်များတွင် တပ်မ ၃၃၊ ၇၇၊ ၉၉ အစရှိသည့်တပ်များက စစ်ကြောင်းထိုးလေ့ရှိပြီး ယခုလာ ရောက်သည့် စစ်ကြောင်းမှာ မည်သည့်တပ်မ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့ဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေး သော်လည်း ယင်းစစ်ကြောင်းတွင် ပုလဲမြို့နယ် ဇီးဖြူကုန်းနှင့် အင်းမထီး ကျေးရွာမှ ပျုစောထီးများလည်း ပါဝင်နေ ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
ကနီမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ်အတွင်းကလည်း အသက် ၃၀ ကျော်၊ အသက် ၄၀ ကျော်အမျိုးသမီး ၂ ဦးနှင့် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို စစ်ကြောင်း ထိုးလာသည့် တပ်မ ၉၉ လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခမရ ၁၁၃၊ ခမရ ၃၁၅ တပ်ဖွဲ့ဝင်များက မုဒိမ်းကျင့်မှုများ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို ဆက်လက် ကျုးလွန်နေမှုများ ရှိနေသေးကြောင်း ၂၀၂၂ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာ၌ ထည့်သွင်း ဖော်ပြခဲ့သည်။
ထိုသို့ ဖော်ပြခဲ့သည့်အပေါ်တွင် စစ်ကောင်စီဘက်မှ စစ်တပ်အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် ပြစ်မှုများ မကျုးလွန်စေရန် အရပ်ဘက်ဥပဒေအပြင် စစ်ဘက်ဥပဒေနှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ကြောင်း၊ လိုက်နာမှု မရှိဘဲ ပြစ်မှုကျုးလွန်ကြောင်း ဖော်ထုတ် တွေ့ရှိပါက ပြင်းထန်ထိရောက်စွာ အရေးယူ အပြစ်ပေး လျက်ရှိပြီး အဓမ္မပြုကျင့် လူသတ်မှု ကျုးလွန်သူများကို အမြင့်ဆုံး ပြစ်ဒဏ်ထိ ချမှတ်နေသည်ဟု ပြန်လည် ချေပ ထုတ်ပြန်ခဲ့သည်။
You may also like these stories:
ကနီစစ်ဘေးရှောင်များအတွက် ဆေးပစ္စည်းများ မီးရှို့ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်းတွင် တပတ်အတွင်း နေအိမ် ၃၀၀ ကျော် မီးရှို့ခံရ
ဦးဂါ ရွာသူကို အဓမ္မကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးအား ထောင် အနှစ်၂၀ စီချမှတ်