ဩစတေးလျနိုင်ငံသား စီးပွားရေး ပညာရှင် ရှောင်တာနယ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါ ၅ ဦးကို စစ်ကောင်စီက အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် စွပ်စွဲ တရားစွဲဆိုမှုကို နောက်ဆုံး စစ်ဆေး ကြားနာမှုအဖြစ် စီမံ/ ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်အား ယနေ့ နေပြည်တော် ထောင်တွင်း အထူး တရားရုံး၌ စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် NLD အစိုးရ ထက်လက် စီမံ/ ဘဏ္ဍာ ဒုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးဆက်အောင်က စစ် ကောင်စီ၏ စွပ်စွဲချက် အချက်အလက်များသည့် လျှို့ဝှက်ချက်များ မဟုတ်ကြောင်းနှင့် ၎င်းတွင် အပြစ် မရှိကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။
အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် စစ်ဆေး ကြားနာမှုများ ပြီးစီပြီ ဖြစ်သည့်အတွက် လာမည့် စက်တင်ဘာ၂၂ ရက်တွင် နှစ် ဖက် အပြီးသတ် လျှောက်လှဲချက်ပေးပြီးနောက် အောက်တိုဘာလ ပထမအပတ်တွင် အမိန့် ချမှတ်ဖွယ် ရှိသည်။
အဆိုပါ အမှုသည် စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် ဖမ်းခံလိုက်ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွား ရေး အကြံပေးဖြစ်သူ ရှောင်တာနယ်၏ ကွန်ပျူတာအတွင်းမှ တွေ့ရှိရသည့် စာရွက်စာတမ်း၊ အချက်အလက်များအား နိုင်ငံ တော် လျှို့ဝှက်ချက်များ ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရား စွဲဆိုထားခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရှောင်တာနယ်ကလည်း ၎င်းအနေဖြင့် တာဝန်အရ ဆောင်ရွက်ချက်များသာ ဖြစ်ပြီး စွပ်စွဲထားသည့် အချက်များမှာ လျှို့ဝှက်ချက်များလည်း မဟုတ်သည့်အတွက် အပြစ် မရှိကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။
ထိုသို့ တရားစွဲဆိုရာတွင် ရှောင်တာနယ်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက် အောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့လည်း တရားစွဲဆိုခံထားရသည်။
ယင်းသို့ တရားစွဲခံရမှုအတွက် ရှောင်တာနယ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ လေးဦးမှာ နေပြည်တော် ထောင်အတွင်း ချုပ်နှောင်ခံထားရပြီး ဦးစိုးဝင်း တဦးသား ကျန်းမာရေးအရ အာမခံ ရရှိထားသည်။
ယနေ့ရုံးချိန်းတွင် ၎င်းတို့ ၅ ဦးစလုံး တက်ရောက်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သည့် အခြေအနေရှိကြောင်းလည်း သိရ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး အဆိုပါ အမှုသည် စစ်တပ်အာဏာ သိမ်းပြီး နောက် စွပ်စွဲခံရမှုများအတွက် ၆ ခုမြောက် အမိန့်ချခံရမည့် အမှုဖြစ်သည်။
ယခု အမှု မတိုင်မီတွင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲသည့် ပုဒ်မ မျိုးစုံဖြင့် ၅ ကြိမ်တိုင် ပြစ်ဒဏ် ချမှတ်မှု ပြုလုပ်ထားပြီး စုစုပေါင်း ထောင်၂၂ နှစ် ချမှတ်ထားသည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ်များထဲက၂ နှစ်အား လျော့ပေါ့ပေးကြောင်း ကြေညာထားသည့် အတွက် လက်ရှိ ကျခံနေရသည့် ပြစ်ဒဏ်မှာ နှစ် ၂၀ ဖြစ်သည်။
ထို့ပြင် လွန်ခဲ့သည့် နှစ်၂၀ ခန့်၊၂၀၀၂ ခုနှစ်က မောင်တဝမ်းကွဲ တော်စပ်သည့် ဦးစိုးအောင်နှင့် ဖြစ်ပွားခဲ့သည့် အမှုမှ ဒေါ်အောင်ဆန်းစုကြည်အား ငွေဒဏ်ကျပ် ၅၀၀ (သို့မဟုတ်) ထောင် ၇ ရက်ကျခံရန် ချမှတ်ထားသည့် အမှုအား မေလ အတွင်း အနောက်ပိုင်းခရိုင် တရားရုံးက ပြန်လည် အတည်ပြု ချမှတ်ထားသည်။
ယင်းအမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း တရားလွှတ်တော်သို့ အယူခံတက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည့် အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ အယူခံ ဆက်တက်မည် ဖြစ်သည်။
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲ အလုပ်လုပ်ရမှာလား