ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အထက်နန်းရာ ကျေးရွာအနီး မေယုတောင်ကြားလမ်း ဘုရားကုန်းပေါ်၌ တပ်စွဲ နေထိုင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦးသည် စက်တင်ဘာ ၆ရက်က ရက္ခိုင်စစ်တပ် (AA) ထံသို့ ဝင်ရောက်လာခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ အရာရှိအဆင့် ၁ ဦး ပါဝင်ကာ ယင်းစခန်း အနီးတွင်ရှိသော AA တပ်ဖွဲ့ဝင် များထံ ခိုလှုံပြီး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ်အတွင်းက AA နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့ကို စစ်ဆေးချက်အရတော့ ရိက္ခာ ပြတ်တယ်။ ရိက္ခာ လာပို့တာလည်း မရှိဘူး။ စိတ်ဓာတ်ကျဆင်းပြီး တော့ အလင်းဝင်လာတာလို့ ပြောတယ်။ အခွင့်မသာတဲ့အတွက် သေနတ်တွေဘာတွေတော့ ပါမလာဘူး။ အခုက တော့ သူတို့ကို စစ်ဆေးနေတာ မပြီးသေးဘူး။ စစ်ဆေးမှု ပြီးရင်တော့ သူတို့ဆန္ဒအတိုင်း ကူညီမှုတွေ ပေးသွားမယ်လို့ အထက်လူကြီးတွေက တဆင့် သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA ထံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်သည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ဧရာဝတီမှ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ အား ဆယ်သွယ် မေးမြန်းခဲ့ရာ မြေပြင်၌ ဖြစ်ပျက်နေသည့် အသေးစိတ် အချက် အလက်များ ၎င်းထံ မရောက်ရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။
ရသေ့တောင်မြို့နယ်အတွင်းက မေယုတောင်တန်း၏ အရှေ့ ၊ အနောက်တို့တွင် အငူမော်၊ ကိုးတန်းကောက်၊ ချိန်ခါလီ ၊ စေတီပြင်၊ အထက်နန်းရာ ကျေးရွာအနီးရှိ စေတီကုန်း စသဖြင့် နယ်ခြားစောင့် ရဲစခန်း ၅ ခုရှိပြီး ယင်းစခန်းများအား AA တပ်ဖွဲ့ဝင်များက ဝန်းရံ ပိတ်ဆို့ထားသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် တိုက် ရည်၊ ခိုက်ရည်များနှင့် စိတ်ဓာတ်ရေးရာများလည်း ကျဆင်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သော သြဂုတ်လ ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ်အတွင်းက ဒုံးပိုက် ကျေးရွာနှင့် ချိန်ခါလိန်ကျေးရွာ ကြား တွင် စစ်ကောင်စီစစ်ကြောင်းအား AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သလို မောင်တောမြို့နယ်၊ ကျောက်ပန်းဒူ ကျေးရွာ အနီးနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ အနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ၊ စစ် သည် အပါအဝင် ၃၇ ဦး သေဆုံးကြောင်း သြဂုတ်လ ၁၅ ရက်က AA သတင်းပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထိုသို့ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ်သို့ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်က စက်တင်ဘာ ၄ ရက်တွင် လာရောက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ များနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ စက်တင်ဘာ ၇ ရက်ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်က စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် စစ်တွေမြို့၊ မောင်တောမြို့သို့ သွားရောက်၍ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များ တွေ့ဆုံခဲ့ပြီး “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် နယ်စပ်ဒေသစခန်းအား ရက်အတန်ကြာ ပိတ်ဆို့ကာ သာလွန်အင်အား အများ အပြားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် (ငါမသေ ငါ့ စခန်း မကျစေရ) ဆိုသည့် ခိုင်မာသော သန္နိဌာန်စိတ်ဖြင့် နိုင်ငံတော် အတွက် အသက်စွန့်လွှတ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ချီးကျုးကြောင်း” လည်း ဖော်ပြထားသည်။
ထို့ပြင် မောင်တောမြောက်ပိုင်း မိုင်တိုင် ၄၀ နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ငွေကျပ် ငါးသိန်းစီပေးခဲ့ပြီး၊ ကျန် တပ်ဖွဲ့ဝင်များကို စိတ်ဓာတ်မကျစေရန်လည်း အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
You may also like these stories:
ဆင်ဖြူတော်သယ်မည့် စစ်ကောင်စီ၏ အကြံ AA တားဖို့ လုပ်နေသလား
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း ၅ ခု AA သိမ်းပိုက်
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီစခန်း AA သိမ်းပိုက်
မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော