စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းလာသော စစ်လက်နက်နှင့် ရိက္ခာပို့မည့် စစ်ကောင်စီ၏ စက် လှေ ၄ စီး ပါ ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောင်မြို့နယ်၊ ရွှေတချောင်းနှင့် နနွင်းကိုင်းရွာကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်အား ၃၀ ကျော်ဖြင့် ချင်းတွင်းမြစ် အတိုင်း ဆန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၂ ဦးခန့် သေဆုံးကာ လက်နက်နှင့် ရိက္ခာများလည်း ဆုံးရှုံးမှုရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ထံမှ သိရသည်။
CDSOM အဖွဲ့ဝင်တဦးက “ရေစကြိုဘက်ကနေ မော်တော် ၄ စီးနဲ့ ဆန်တက်လာတဲ့ စစ်အုပ်စုကို မဟာမိတ်အဖွဲ့တွေက စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်သား ၁၂ ယောက် သေပြီး၊ ၁၀ ယောက်ကျော် ပြင်းထန်ဒဏ်ရာတွေရတယ်။ တိုက်ပွဲ စကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကုန်ပစ်တာဆိုတော့ စက်လှေ ၁ စီး နစ်မြုပ်သွားသလို ၂ စီး က ပျက်စီး။ ကျန် ၁ စီးလည်း ရေစီးနဲ့ မျောပါသွားတယ်။ ပါလာတဲ့ လက်နက်နဲ့ ရိက္ခာတွေလည်း ဆုံးရှုံးမှု အလွန်များနိုင် တယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲမှာ စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်မှ ၄ နာရီကျော်ထိ မိနစ် ၄၀ ကြာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိ သလို စစ်ကောင်စီဘက်ကလည်း အဆိုပါ တိုက်ပွဲအခြေအနေအား တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က ဆက်တိုက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မြစ်ထဲခုန်ချပြီး ကမ်းပေါ်တက်ကာ ပြန်လည်ခုခံခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်နေချိန် ကျောက်တန်းမှ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကူရောက်လာကြောင်း၊ ရေစကြိုဘက်မှလည်း စက်လှေ ၅ စီးဖြင့် စစ်ကူလာရန် ပြင် နေသည်ဟု သတင်းရသည့်အတွက် မဟာမိတ်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တိုက်ပွဲ၌ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင် တဦးက ရှင်းပြသည်။
၎င်းက “တိုက်ပွဲအစမှာကတည်းက စစ်ကောင်စီတပ်ဘက်က ၆၀ မမတွေ၊ စက်သေနတ်တွေနဲ့ တရစပ်ကို ပစ်ကြတာ။ မဟာမိတ်အဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့မှု တိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တယ်။ မြစ်အတွင်းက စကစတွေ အထိနာ တော့ စစ်ကြောင်း ၂ ကြောင်းနဲ့ အကူလာတဲ့အတွက် ကျနော်တို့အဖွဲ့တွေ ပြန်ဆုတ်ပြီး တိုက်ပွဲကို အဆုံးသတ်ခဲ့ရတယ်” ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော စက်လှေ ၄ စီးအနက် ၁ စီးမှာ မြစ်အတွင်း နစ်မြုပ်ကာ ၂ စီးမှာ ပျက် စီးပြီး သောင်ကမ်းစပ်တွင် တင်ကျန်ခဲ့ကြောင်း၊ ကျန် ၁ စီးမှာ ကျည်ရာများဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း မျောပါသွားခဲ့ ကြောင်း၊ ယင်းစက်လှေများပေါ်၌ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးနေသည့် တပ်များအတွက် လက် နက်၊ ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာကြောင်း သိရသည်။
CDSOM အဖွဲ့ဝင်တဦးက “ရေလယ်ကျွန်းကိုပို့မယ့် လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေတင်လာတဲ့ စက်လှေတွေပါ။ လက် နက်ခဲယမ်း၊ ရိက္ခာတော့ ရေထဲနစ်ပြီး အကုန်လုံးနီးပါး ဆုံးရှုံးသွားတယ်။ ရိက္ခာဆိုတာလည်း ပြည်သူတွေဆီကနေ လုယက် ခိုးဝှက် လာကြတဲ့ဟာတွေ။ ကျနော်တို့ အခုလို တိုက်ပွဲတွေ ဖော်ဆောင်နိုင်တာဟာ ပြည်သူတွေရဲ့ ထောက်ပို့မှုအားတွေ ကြောင့်ပါ။ လက်ရှိအချိန်မှာ စစ်ခွေးတွေက အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး အဓမ္မပြုကျင့်တာတွေ ရှိလာတာကြောင့် စစ်ကြောင်း ဝင်လာတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ရွာမှာမနေရစ်ကြဘဲ ဘေးကင်းရာကို ပြောင်းရွှေ့နိုင်အောင်လည်း ကြိုးစားကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ မြောင်နယ် ချင်းတွင်းရေကြောင်းတိုက်ပွဲကို မဟာမိတ်အဖွဲ့ပေါင်း ၂၇ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDSOM၊ ပြည်သူ့တပ်မတော် (မြောင်) မှ စစ်ကိုင်းခရိုင် တပ်ရင်း ၂ မြောင်တပ်ခွဲ ၃ နှင့် တပ်ရင်း ၆ မြောင်တပ်ခွဲ ၃၊ မြင်းခြံခရိုင်တပ် ရင်း ၂ မှ People Defense Force-Taloke၊ MGN Ranger၊ MGN TIGER၊ MGN 21 Guerrilla Force (MTGR)၊ CDSOM တောင်ပိုင်း ဗိုလ်ကျားသစ်အဖွဲ့၊ CDSOM အနောက်ပိုင်းအဖွဲ့၊ Monywa People Defense Force-MPDF မုံရွာခရိုင်တပ်ရင်း ၁ တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့-မုံရွာမြို့နယ်၊ ဒေါင်းစစ်သည်၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့-CRF Myinmu၊ GGG၊ Myaung Farmers Revolution Force၊ Shwe Ao Revolution Force၊ Chaung U Revolution Army–CRA၊ ဒေါင်းညီ နောင်၊ မန္တလေးခရိုင် တပ်ရင်း ၃၊ Justice Revolution Force၊ Wolf Brothers၊ 27 Revolution Force၊ Black Eagle Defense Force-MMU၊ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့၊ 11 Brothers Revolution Forces၊ မြောင်ကျေးရွာတပ်ပေါင်း စုတို့လည်း ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက်တွင်လည်း ချင်းတွင်းမြစ်အတိုင်း ကနီအထက်ဘက်မှ စုန်လာသော စစ်ကောင်စီတပ်၏ သင်္ဘော ၆ စီး ကို ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် CRA နှင့် DRPA တပ်ခွဲ ဗိုလ်နောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BNF) တို့က အချင်း ၈ လက်မ (200mm) ရှိသော ရှေ့ထွက်တဖက်ပွင့်ပြောင်း ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပထမစစ်သင်္ဘော ၁ စီးအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်က အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က စက်သေနက်၊ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုများအား မသိရှိရသေးကြောင်း ဆိုထားသည်။
You may also like these stories:
မြောင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံး
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့်ပါ တိုက်ခိုက်လာ