မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများအား မီးရှို့နေခြင်းကြောင့် ဒေသခံ ၁ သောင်းကျော်ထိ စစ်ဘေးရှောင်နေကြရ ကြောင်း သိရသည်။
စစ်ဘေးရှောင်နေကြရသူများမှာ မင်းရွာ၊ မြေတော်၊ သင့်သည်၊ ဆင်တဲ၊ ပေါက်တော၊ ငတရော်၊ ရေယှား၊ နေယင်း၊ ကျွန်းညို၊ နတ်ပေး၊ ခြံရာ၊ နွယ်နီ၊ ဇီးတော၊ ဇီးကုန်းကျွန်း စသည့် ကျေးရွာများမှ ဒေသခံများဖြစ်ပြီး နေအိမ် ၁ ထောင်ကျော် မှာလည်း မီးရှို့ဖျက်ဆီး ခံထားရကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတဦးက “မြောင်နယ် ပန်းညှိုးရွာကနေ ရေစကြိုနယ် ရေလယ်ကျွန်းဒေသထဲ ကူးလာတဲ့ စစ်ကြောင်းကနေ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာ။ တိုက်ပွဲ ဖြစ်တာမျိုးမရှိဘဲ အကြောင်းမဲ့ ဝင်စီးနေကြတာ။ သူတို့အလုပ်က မီးရှို့ဖို့ဆိုတော့ ဒီအလုပ်ကိုပဲ ဦးစားပေးလုပ်နေကြတာပဲ။ လက်ရှိမှာတော့ စစ်ရှောင်တွေဟာ သူတို့ရွာတွေ ကို မပြန်နိုင်သေးဘူး ဆက်ပြီး ရှောင်နေကြရတယ်” ဟု ဆိုသည်။
ရေလယ်ကျွန်းဒေသအား စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း မီးရှို့ခြင်းမှာ ယခုတကြိမ်ဆိုလျှင် ၃ ကြိမ်မြောက် ရှိပြီ ဖြစ်ပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်ချက်များအပြင် မိုးတွင်းကာလ ဖြစ်သည့်အတွက် နေထိုင် စရာ အဆောက်အဦများ လိုအပ်နေကြောင်း သိရသည်။
စစ်ဘေးရှောင်များအား ကူညီနေသူတဦးက “ကျနော်တို့ အညာဒေသမှာက စစ်ဘေးရှောင်စခန်းရယ်လို့ သီးသန့်မရှိသလို အချက်အလက် ကောက်ထားတာမျိုးလည်း မရှိဘူး။ စစ်ကြောင်းဝင်လာရင် သင့်တော်သလို ပြေးကြရှောင်ကြရတာ။ တနေ ရာတည်းမှာ စုပြီးနေလို့မရတော့ အချို့က နီးစပ်ရာတောဘက်၊ အချို့က ဘေးလွတ်တဲ့ရွာက စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းလိုမျိုးတွေမှာ နေကြရတာပေါ့။ သက်ဆိုင်ရာ ရပ်ရွာနဲ့ဘုန်းကြီးကျောင်းတွေကတော့ ချက်ပြုတ်ကျွေးကြတယ်။ လိုအပ်မှုတွေကတော့ ရှိနေတာပဲ” ဟု ရှင်းပြသည်။
ရေလယ်ကျွန်းဒေသသို့ စီးနင်းခဲ့သည့် စစ်ကြောင်းမှာ တပ်မ ၉၉ လက်အောက်ခံ မြင်းခြံအခြေစိုက် ခမရ (၁၅)၊ သာစည် အခြေစိုက် ခမရ (၄၁၉) တပ်များနှင့်အတူ ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ပြီး စက်တင်ဘာ ၅ ရက်က သင့်သည်ကျေးရွာအား ဝင်ရောက်ခဲ့ရာ၌ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းအပြင် ကျေးရွာသား ၁ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံ များက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကလည်း မြောင်မြို့နယ် ပန်းညှိုးကျေးရွာမှ မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသ သို့ ဝင်ရောက်လာသည့် အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်က ပျူစောထီးများနှင့် ပူးပေါင်းပြီး စစ်ကြောင်း ၄ ကြောင်းခွဲ၍ ကျေးရွာများကို စီးနင်းကာ နေအိမ်များအား မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်ဝတ် ရတနာ တန်ဖိုးကြီးပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၅၊ ၆ ရက်များတွင်လည်း မီးလောင်ကျွန်း၊ မြေတော်၊ မင်းရွာ၊ ပေါက်တော၊ ရေယှား၊ သင့်သည်၊ ဇီးကုန်းကျွန်း ကျေးရွာများကို စပ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်စီဖြင့် ဝင်ရောက်စီးနင်း မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း ပြန်ကြားရေးတာဝန်ခံက “သူတို့က မဝင်ခင် လက်နက်ကြီး တွေနဲ့ အရင်ထုတယ်။ ပြီးတော့မှ ရွာတွေကို စိတ်ကြိုက်ဝင်မွှေပြီးမှ မီးတင်ရှို့ကြတာ။ ဝင်တဲ့ရွာတွေရဲ့ ပတ်လည်ကို ကင်း ပုန်းတွေချပြီးမှ လုပ်နေကြတာ။ စားစရာကအစ မချန်ဘူး၊ အကုန်ယူပြီးမှ မီးတိုက်ကြတာ။ လက်နက်ကြီးတွေ အများကြီး သုံးနေတော့ လက်နက်အင်အား မမျှတာကြောင့် ရှောင်ရင်းတိမ်းရင်းနဲ့ ပြောက်ကျားတိုက်ခိုက်တာမျိုးပဲ လုပ်နိုင်တယ်” ဟု ပြောသည်။
ရေလယ်ကျွန်းဒေသသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တည်ရှိကာ ကျေးရွာပေါင်း ၄၄ ရွာ၊ လူဦးရေ ၁ သိန်းကျော် ရှိပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့နှင့် ထိစပ်နေသည်။

ထို့ကြောင့် မကွေး၊ မန္တလေး၊ စစ်ကိုင်း တိုင်း ၃ တိုင်း ဆုံရာ ရေလယ်ကျွန်းဒေသတွင်းက စစ်ကောင်စီကို လက်နက်ကိုင် ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်များအား အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ စစ်ကြောင်းများထိုးပြီး စီးနင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း The Value of Young Men အဖွဲ့မှ ဗိုလ်စပဲရိုးက သုံးသပ်ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “စစ်ကြောင်းထိုးတယ်လို့သာ ပြောရတာ ရင်ဆိုင်ထိတွေ့ မတိုက်ရဲကြဘူး။ လက်နက်ကြီးတွေ အလွန် အကျွံ သုံးနေတာဆိုတော့ လက်နက်အင်အားမမျှတော့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ထင်သလောက် ခရီး မရောက်ဘူးပေါ့” ဟု ပြောသည်။
ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသည် စစ်တပ် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်မှု အားကောင်းသော ကျေးရွာ များဖြစ်ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်များကိုလည်း ရေစကြိုဒေသတွင်း ကာကွယ်ရေးအဖွဲ့ များအပြင် စစ်ကိုင်းနှင့် မန္တလေးတိုင်းမှ အဖွဲ့များကပါ လာရောက်ပူးပေါင်း တိုက်ခိုက်လျက် ရှိသည်။
လွတ်လပ်သော သုတေသနအဖွဲ့တဖွဲ့ ဖြစ်သည့် Data for Myanmar ၏ သြဂုတ် ၂၅ ရက်ထိ ထုတ်ပြန်ထားချက်အရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ချက်ဖြင့် မကွေးတိုင်းအတွင်း၌ နေအိမ်ပေါင်း ၅,၄၁၈ မီးရှို့ဖျက်ဆီးခံထားရ ကြောင်း သိရသည်။
You may also like these stories:
၁၀ ရက်အတွင်း ရေစကြို ရေလယ်ကျွန်းဒေသမှ အိမ် ၁၈၀ ကျော် မီးရှို့ခံရ