ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာ ၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်လျက် ရှိကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် ၄၀ နှင့် ၃၀ ကြား မီးတိုက် စစ်ကောင်စီ အထိုင် စခန်းအား AA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ယင်းနေ့ည ၁၀ နာရီဝန်းကျင်၌ တိုက်လေ ယာဉ်များဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကူပေးခြင်းများ ရှိခဲ့ကြောင်း မောင်တောဒေသခံများက ပြောသည်။
ထို့ပြင် ယမန်နေ့ ည ၉ နာရီဝန်းကျင်ကလည်း စစ်ဆင်ရေးကွပ်ကဲရေးမှူး (တပ်မမှူး) ကိုယ်တိုင် စခန်းထိုင်သည့် ကြိမ် ချောင်း နယ်ခြားစောင့်စခန်းနှင့် ၁ မိုင်ခန့်အကွာ ကြိမ်ချောင်း-ဂုပ္ပီတောင်ကြောလမ်းရှိ စစ်ကောင်စီ တပ်စခန်းကိုလည်း AA တပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၇ နာရီကျော်ထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေ ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုသည်။
မောင်တောဒေသခံတဦးက “တိုက်ပွဲကတော့ တော်တော် ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ မီးတိုက်စခန်းကတော့ မနေ့က ညနေပိုင်းကတည်းက ကျသွားတဲ့သဘော ရှိတယ်။ စစ်တပ်က မနေ့ည ၁၀ နာရီလောက်မှာ မီးတိုက်စခန်းဘက်ကို သွား ရောက် တိုက်ခိုက်တာ ရှိတယ်။ တောင်ပြို ဗျူဟာကလည်း လက်နက်ကြီးတွေ အကြိမ် ၁၀၀ လောက် ပစ်ကူပေးတာ ရှိ တယ်။ ကြိမ်ချောင်း-ဂုပ္ပီ တောင်ကျော်လမ်းက စခန်းလည်း ဒီမနက်လောက်မှာ ကျသွားတယ်လို့ ကြားတယ်။ နှစ်ဘက်လုံး အကျအဆုံး များတယ်လို့တော့ သတင်းကြားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဧရာဝတီက ဖုန်းခေါ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့သလို စစ်ကောင်စီဘက်ကလည်း ယင်းတိုက်ပွဲ အခြေအနေအား သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
မောင်တောမြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက “တိုက်ပွဲ ပြင်းထန်နေတာတော့ မှန်တယ်။ မနေ့က အဲဒီဘက်တွေမှာ လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်သံ ကြားရတယ်။ ည ၁၀ နာရီလောက်မှာလည်း တိုက်လေယာဉ်တွေ ပျံသွားတာကို ကြားရတယ်။ အနီးပတ်ဝန်းကျင်က ရွာတွေလည်း အကုန်ထွက်ပြေးနေရတယ်။ ဖုန်း လိုင်းတွေလည်း ဖြတ်ထားတော့ တိတိကျကျတော့ မသိရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကြိမ်ချောင်း-ဂုပ္ပီ တောင်ကျော်လမ်းရှိ စစ်ကောင်စီစခန်းသည် တပ်မမှူးကိုယ်တိုင် စခန်းထိုင်သည့် ကြိမ်ချောင်း နယ်ခြား စောင့်စခန်းအား ကာထားသော ကာကင်းတခုဖြစ်ရာ ကာကင်းစခန်းများ ကျသွားပြီဆိုပါက မကြာမီ ကြိမ်ချောင်းဗျူဟာ မှာလည်း AA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံရနိုင်ကြောင်းလည်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
ယမန်နေ့က AA နှင့် စစ်ကောင်စီတပ်တို့ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသလို ပလက်ဝ မြို့နယ်အတွင်း နှမတာကျေးရွာအနီးရှိ သိမ်းပိုက်ခံရသော စခန်းအား စစ်ကောင်စီတပ်မှ ပြန်လည် ရယူနိုင်ရေး ကြိုးစားလာ သည့်အတွက် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းကတည်းစပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် မောင်တောမြို့နယ် အတွင်း မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်၊ ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်း မြန်မာ-အိန္ဒိယနယ်စပ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
သြဂုတ် ၃၀ ရက်တွင် မြန်မာ- ဘင်္ဂလာဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ စခန်းအား AA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း AA က သိမ်း ဆည်းရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
ထိုသို့ စခန်းသိမ်းခံရပြီးနောက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ သြဂုတ် ၂၈၊ ၃၀ ရက်နှင့် စက်တင်ဘာ ၃ ရက်များတွင် စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီး များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကျရောက်ခြင်း၊ စစ်တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mr. Masud Bin Momen က မြန်မာစစ်ကောင်စီ သံအမတ်အား ၃ ကြိမ်တိုင် ဆင့်ခေါ်ပြီး ပြင်းပြင်းထန် ထန် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် စစ်အင်အားများ တိုးမြှင့်ချထားကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရသည်။
You may also like these stories:
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီစခန်း AA သိမ်းပိုက်
စစ်ဆေးရေးဂိတ် ရုပ်ရန် စစ်ကောင်စီသတိပေးသော်လည်း AA ဆက်လက်တပ်စွဲထား
ရသေ့တောင် နယ်ခြားစောင့်ရဲ ၃ ဦး AA ထံ ဝင်ရောက်လာ
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း ၅ ခု AA သိမ်းပိုက်