အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေး အကျဉ်သူများမှာ အကျဉ်းထောင်များအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အပါအဝင် ဖိနှိပ်မှုမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ထောင်ဝင်စာလာခြင်း၊ ဆေးခန်းသွားရခြင်း၊ ရုံးထုတ်ခြင်းများ အတွက် အပြင်ထွက်ရချိန်တွင် ထောင်ဝန်ထမ်းများ၏ ရှာဖွေမှုအဆင့်ဆင့်ကို ခံရသည့်အချိန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံရမှုများ ရှိနေကြောင်း အင်းစိန်ထောင်မှ ပြန်လွတ်မြောက်လာသူ အမျိုးသမီးတဦးက ဆိုသည်။
၎င်းက “လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေက အများကြီးပဲ။ နေ့စဉ် ထောင်ဝင်စာလာတာ၊ ရုံးထုတ်တာ၊ ဆေးခန်းသွား တာမျိုးတွေမှာ သွားတိုင်း ရှာဖွေရေးအဆင့်ဆင့်ကို ဖြတ်ရတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်က ရင်သားတွေကို ကိုင်တာ တွေ၊ မိန်းမကိုယ်တွေထဲထိ နှိုက်ပြီးတော့မှ စစ်တာမျိုးတွေ အများကြီးပဲ ရှိတယ်။ ဒါက နေ့စဉ်ရက်ဆက် ရှိနေတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေပေါ့။ တခါတလေ စစ်ရင်းနဲ့ နင့်ပစ္စည်းက ကြီးတယ်သေးတယ်ဆိုပြီး ပါးစပ်အရသာခံတဲ့ ထောင်ဝန်ထမ်းတွေလည်း ရှိတယ်” ဟု ပြောပြသည်။
ထိုသို့ ရှာဖွေရသည့် ရည်ရွယ်ချက်မှာ တရားမဝင်ပစ္စည်းများ၊ တားမြစ်ထားသည့် ဆေးဝါးများ၊ ပိုက်ဆံ၊ စာ စသည်တို့ ပါလာမည်စိုးခြင်းကြောင့် ဖြစ်ကြောင်း ထောင်ဝန်ထမ်းများဘက်က အကြောင်းပြသည်ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များအတွင်း နိုင်ငံရေးဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး များအနက် အသက် ၂ နှစ် အရွယ် ကလေးမှစ၍ အသက် ၇၀ ကျော်အရွယ်ထိ ပါဝင်ပြီး ကိုယ်ဝန်ဆောင် အမျိုး သမီးများလည်း ပါဝင်သည်။
နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝ မရရှိကြသည့် အပြင် ဖိနှိပ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟုဆိုသည်။
အမျိုးသမီးများ လစဉ်ဓမ္မတာ ကိစ္စရပ်များအတွက်လည်း အမိန့်ချမှတ်ခံရပြီး အကျဉ်းကျနေသူများ အတွက်သာ ၁ ဦးကို ၁ လလျှင် လစဉ်သုံးဂွမ်းထုပ် ၁ ထုပ်စီသာ ရရှိပြီး တရားရင်ဆိုင်နေရဆဲ အမျိုးသမီးများအတွက် ရရှိခြင်းမရှိသဖြင့် မျှဝေသုံးစွဲကြရကြောင်းလည်း ပြန်လွတ်လာသူများက ပြောပြသည်။
အကျဉ်းထောင်နှင့် နီးစပ်သူတဦးကလည်း “နိုင်ငံရေးအကျဉ်းသားနဲ့ တခြားရာဇဝတ်မှု အကျဉ်းသားတွေကို ခွဲခြား ဆက်ဆံတာတွေ အများကြီး ရှိတယ်။ အဲဒီထဲကမှ အဆိုးဆုံးက တခြားပြစ်မှုတွေနဲ့ နိုင်ငံရေးသမားတွေကို ရန်တိုက် ပေးထားတာ။ တခြားပြစ်မှုသမားတွေကို ပြောထားတယ်။ နိုင်ငံရေးသမားတွေကို စကားပြောတာမျိုး၊ ကူညီတာမျိုးတွေ လုပ်ရင် နိုင်ငံရေးအမှု ကပ်ပြီးတော့မှ ထောင်တွင်းပြစ်ဒဏ် ထပ်တိုးမယ်ပေါ့။ ဒါမျိုးတွေနဲ့ ခြိမ်းခြောက်ပြီးတော့ စောင့်ကြည့်ခိုင်းထားတာမျိုးတွေ၊ တမင်တကာရည်ရွယ်ပြီးတော့ နှိပ်စက်တာမျိုးတွေ အများကြီးပဲ ရှိတယ်”ဟု ပြောသည်။
ထားဝယ်အကျဉ်းထောင်တွင်း၌လည်း အလားတူ တခြားအမျိုးသမီးအကျဉ်းသူများကို နိုင်ရေးအကျဉ်းသူများအား စောင့်ကြည့်ခိုင်းခြင်းမျိုး ရှိကြောင်း၊ အမျိုးသမီးအဆောင်အတွင်းရှိ မိလ္လာပိုက်လိုင်း အနံ့ဆိုးထွက်နေသည်မှာ ၁ လ ကျော် ကြာပြီဖြစ်သော်လည်း ပြုပြင်ပေးခြင်း မရှိသည့်အတွက် အသက်ရှူကျပ်ခြင်းများ ကြုံတွေ့နေရကြောင်း အကျဉ်း ထောင်နှင့် နီးစပ်သူတဦးက ပြောပြသည်။
အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာ၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက “တချို့ အမျိုးသမီး ထောင်တွင်းတာဝန်ရှိသူတွေ အကျဉ်းသူ အမျိုးသမီးတွေရဲ့ တင်ပါးတွေ၊ ရင်သားတွေကို ရိုက်တာမျိုးတွေ ရှိတယ်။ ဆဲတယ်။ ဖိနှိပ်တာတွေ လည်း ရှိတယ်။ အာဏာရှင်လက်ထဲမှာဆိုတော့ အမိန့်နဲ့လုပ်ရတာတွေ ရှိတယ်။ လုပ်ခွင့်ပြုထားတယ်။ အာဏာရှင် ကိုယ်တိုင်ကလည်း အကြမ်းဖက်တဲ့လုပ်ရပ်က သူ့အတွက် ဘာမှမထူးဆန်းဘူးဆိုတော့ သူ့လက်အောက်က လူတွေ ကလည်း ဒီတိုင်းပဲလုပ်ကြတာပဲ” ဟု ဧရာဝတီသို့ ရှင်းပြသည်။
ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်းရှိ အချုပ်ဆောင် ၁ ခုလျှင် ယခင်က လူဦးရေ ၇၀ ခန့် ရှိရာမှ ယခုအခါ ၁၃၀၊ ၁၄၀ ဝန်းကျင်ထိ ရှိနေပြီး ပြည့်သိပ်စွာ နေရကြောင်းလည်း အင်းစိန်ထောင်တွင်းမှ ပြန်လွတ်လာသည့် Generation Wave အဖွဲ့ဝင် မလင်းလက်ဆူးက ပြောသည်။
၎င်းကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်၍ မလင်းလက်ဆူးက “နေရာကတော့ လက်နှစ်ဖက်ဘေးကပ်၊ ပက်လက် ဆန့် အိပ်လိုက်ရင် ရတဲ့တယောက်စာ နေရာပဲပေါ့။ ပစ္စည်းထားတာပဲဖြစ်ဖြစ်၊ အိပ်တာပဲဖြစ်ဖြစ် အဲဒီနေရာလေးပဲ ရတယ်။ ပိုမရဘူး။ အခန်း အနေအထားကတော့ တခုနဲ့တခု မတူဘူး။ အိပ်ရတဲ့ အနေအထားကတော့ အဲဒီလိုပဲ အိပ်ရတယ်။ လူတွေ အရမ်းများတဲ့အတွက်ကြောင့် တယောက်နဲ့တယောက် မထပ်အောင် အိပ်ရတယ်။ ဒူးကွေးပြီးတော့ အိပ်လို့မရတဲ့ အနေအထားတွေ ရှိတယ်” ဟု ရှင်းပြသည်။
အင်းစိန်အကျဉ်းထောင်တွင် ဖွဲ့စည်းပုံအရ အကျဉ်းသား ၅ ထောင်ဝန်းကျင်သာ ထားရှိရန် သတ်မှတ်ထားသော်လည်း ယခုအခါ အကျဉ်းသား ၁ သောင်းကျော် ရှိနေကြောင်း သိရသည်။
အကျဉ်းထောင်အတွင်း ကျွေးသည့် အစားအသောက်များမှာလည်း သန့်ရှင်းမှု မရှိသည့်အပြင် လူစားသည့်အစာနှင့်ပင် မတူကြောင်း၊ အရသာလုံးဝမရှိဘဲ မသေရုံတမယ်သာ စားသောက်ရ ကြောင်းလည်း အကျဉ်းထောင်မှ ပြန်လွတ်လာသူ များ၏ ပြောပြချက်အရ သိရသည်။
ထိုသို့ အကျဉ်းထောင်အတွင်း ကျွေးသည့် အစားအစာများကို မစားနိုင်သည့်အတွက် မိမိတို့အိမ်မှ ထောင်ဝင်စာလာပို့သည့် အစားအစာများကို စောင့်မျှော်ကြရကြောင်း၊ သို့သော် ထောင်ဝင်စာ ကြန့်ကြာမှုများကြောင့် လက်ဝယ်ရရှိချိန်၌ စား၍မရတော့သည့် အခြေအနေများဖြင့်လည်း ကြုံတွေ့ရကြောင်း ၎င်းတို့က ဆိုသည်။
မလင်းလက်ဆူးက “ကုန်ဈေးနှုန်းတက်တာရယ်၊ စီးပွားရေးခက်ခဲလာတာရယ်ကြောင့် ပုံမှန်မပို့နိုင်တဲ့သူတွေ ရှိတယ်။ မရှိမဲ့ရှိမဲ့နဲ့ အပြင်ကနေ ခြိုးခြံချွေတာပြီး ပို့လိုက်တဲ့ ပစ္စည်းတွေ ကလည်း အထဲကလူဆီ ပြည့်ပြည့်ဝဝ မရောက်တာမျိုး၊ ရောက်တဲ့ပစ္စည်းတွေကလည်း ပျက်စီးနေတာမျိုး။ ဥပမာ မနက်ကတည်းက ထောင်ဝင်စာ လာပို့ထားတယ်။ ညနေ လောက်မှ ကိုယ့်ဆီရောက်တယ်။ အိမ်က ထည့်ပေးလိုက်တဲ့ ဟင်းအစိုတွေက ကိုယ့်ဆီရောက်လာတဲ့အချိန်မှာ သိုးနေ တာမျိုးတွေ ဖြစ်နေပြီ။ ရတဲ့ပစ္စည်းတွေကလည်း အပျက်အစီးတွေ အများကြီးနဲ့ ရတယ်ပေါ့လေ” ဟု ရှင်းပြသည်။
ထို့အတူ နိုင်ငံရေးအမှုများဖြင့် အကျဉ်းကျနေသည့် မန္တလေး အိုးဘိုးထောင်တွင်းက အမျိုးသမီးများသည်လည်း လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုများအပြင် အမှုရင်ဆိုင်ဆဲ အကျဉ်းသူများအား ပန်းရံလုပ်ခိုင်းခြင်း၊ ဘိလပ်မြေအိတ်များ သယ်ခိုင်းခြင်း၊ အဆောင်များကို ထုံးသုတ် ဆေးသုတ်ခိုင်းခြင်း၊ ကျောက်ပြားများသယ်ခိုင်းခြင်း၊ ထုံးရေဖျော်ပုံးများ သယ်ခိုင်းခြင်း စသည်ဖြင့် ခိုင်းစေမှုများရှိကြောင်း ထောင်ဝင်စာ ပို့နေသူများက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဧရာ ဝတီသို့ ပြောဆိုထားသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဇူလိုင် ၃၁ ရက်ထိ အမျိုးသမီး ၂၃၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကောင်စီ လက်ချက်ကြောင့် အမျိုးသမီး ၂၄၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အချက်အလက်များမှာ မြန်မာ့အမျိုးသမီးသမဂ္ဂနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က ကောက်ယူထားသည့် အချက်အလက်များဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုများနိုင်ကြောင်း ၎င်းတို့က ဆိုထားသည်။
ထို့ပြင် စက်တင်ဘာ ၇ ရက်နေ့ထိ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူပေါင်း ၈၄ ဦး ရှိသည့်အနက် အမျိုးသမီး ၈ ဦး ပါဝင်ကြောင်း သိရသည်။
ပြည်တွင်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ၊ လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း အကျဉ်းထောင်တွင်းမှ ထွက်ပေါ်လာသည့် ပေးစာများ၊ ထောင်မှပြန်လွတ် လာသူများ၏ ပြောပြချက်များအရ သိနေရသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ထောင်တွင်း အခြေအနေများ နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံရှိ ထောင်များသို့ သွားရောက်၍ လေ့လာသုံး သပ်သည့် လုပ်ငန်းစဉ်များ ပြန်လည် လုပ်ခွင့်ပေးရန်နှင့် အကျဉ်းသားများ၏ မိသားစုဝင်များ ထောင်ဝင်စာ သွားရောက် တွေ့ဆုံခွင့် အမြန်ဆုံးဆောင်ရွက် ပေးရန် တောင်းဆိုချက်အား စစ်ကောင်စီက ခွင့်မပြုခဲ့ကြောင်း ပြီးခဲ့သည့် ဇွန် ၂၀ ရက်က ICRC ထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရများ၊ ICRC နှင့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာပြည် အကျဉ်းထောင်များအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သတင်းအမှောင်ချခံထားရမှုများကို အမြန်ဆုံးနှင့် အထိ ရောက်ဆုံး ကာကွယ် အရေးယူပေးရန်လည်း AAPP အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားနေသူများက အစဉ်တစိုက် တိုက်တွန်းတောင်းဆိုလျက် ရှိသည်။
You may also like these stories:
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ
အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ
ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒထုတ်ဖော်