စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) က မဲဇာကျေးရွာအုပ်စု လယ်ပြင်ရွာမှ အသက် ၅၀ အရွယ် ဒေါ်ချိုကို ခိုးရာပါ သံပိုက်များ ဝယ်ထားသည်ဆိုကာ
ဖမ်းဆီးရိုက်နှက်မှု ဖြစ်ပွားကြောင်း သိရသည်။
ရိုက်နှက်မှုကို ကျူးလွန်သူများမှာ မဲဇာဒေသ ပ.က.ဖ တာဝန်ခံ ကိုမျိုးထက် ဦးဆောင်သည့် အဖွဲ့မှ ဖြစ်ပြီး တိုင်ကြားပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဖြစ်စဉ်ကတော့ ဒီအမျိုးသမီးကို အောက်ခြေက ပကဖ တွေ တိုင်တာပေါ့။ သူတို့က သွားခေါ်စစ်တယ်။ ရိုက်တယ်။ မဟုတ် ဘူး ဆိုတာတောင်မှ အပြော မခံဘူး။ အမျိုးသမီးဆိုရင် အရိုက်ခံရတာ တင်ပါးတွေ၊ ပေါင်တွေ ညိုမဲနေတာပဲဗျာ။ တကယ်တော့ အဲဒီ အမျိုးသမီးက ဘာမှ မဝယ်ထားဘူး” ဟု မဲဇာကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတဦးက ဆိုသည်။
အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ NUG တာဝန်ရှိသူများက သိရှိသွားသဖြင့် ပြန်လည်တောင်းပန်ရန် ဖိအားပေးသဖြင့် မဲဇာဒေသ ပ.က.ဖ အဖွဲ့ဝင်များက စက်တင်ဘာလ ၆ ရက် ညနေတွင် ဒေါ်ချိုအား လာရောက် တောင်းပန်သွားကြောင်း သိရသည်။
၎င်းက “ရိုက်နှက်ခံရတာကို ဘယ်သူက ဘယ်လို တိုင်လိုက်တာလဲတော့ မသိဘူး။ အထက်ကို ရောက်သွားတော့ အောက် ကို အမိန့် ပြန်စီးဆင်းလာတယ်။ ရိုက်နှက်တဲ့ အဖွဲ့ ခေါင်းဆောင်ကို ပြန်ပြောတယ်ပေါ့။ မင်းတို့ မှားယွင်းနေတယ်။ အဲဒါ ဘယ်လို လုပ်တာလဲ ပြောမှာပေါ့။ အဲဒီအခါ သူတို့ရဲ့ ပ က ဖ အဖွဲ့ ခေါင်းဆောင် ကိုမျိုးထက်ဆိုတဲ့သူက ပြီးခဲ့တဲ့ ၆ ရက် ညနေမှာ သွားပြီး တောင်းပန်ပါတယ်။ ငွေ ၅ သောင်းနဲ့ မုန့်နဲ့ သွားတောင်းပန်ပါတယ်” ဟု အဆိုပါ ရပ်မိရပ်ဖက ဆိုသည်။
မဲဇာဒေသ ပ.က.ဖ အဖွဲ့ဝင်များက ယခုကဲ့သို့ မှားယွင်းရိုက်နှက်မှုများ နောင်မဖြစ်စေရန် လုပ်ဆောင် သွားမည်ဟု အများရှေ့တွင် ကတိပေး ပြောဆိုခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ထိုသို့သော ဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီမှ မဲဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများကို မေးမြန်းရန်ကြိုးစား သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ကိုမျိုးထက် ဦးဆောင်သည့် မဲဇာဒေသ ပ.က.ဖ အဖွဲ့ဝင်များသည် လွန်ခဲ့သည့် ၇ လခန့်ကလည်း မူးယစ်ဆေးဝါး သုံးစွဲသူ အနည်းဆုံး ၅ ဦးကို မူးယစ် ဆေးဝါး သုံးစွဲသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရိုက်သတ်ခဲ့သည့် ဖြစ်စဉ်များရှိကြောင်း အင်းတော်မြို့နယ်ဒေသခံ အမျိုးသားတဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် မြို့ပြနှင့် ကျေးလက်ဒေသအုပ်ချုပ်ရေးအတွက် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)ကို ဖွဲ့စည်းထားသလို ဥပဒေစိုးမိုးရေး ရပ်ရွာတည်ငြိမ်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)ကိုလည်း ဖွဲ့စည်းထားရာ ယခု အင်းတော်မြို့နယ် မဲဇာကျေးရွာအုပ်စုတွင်မူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)လက်နက်အင်အား တောင့်တင်းသဖြင့် ပ.အ.ဖ ၏ အမိန့်ကို နာခံမှုမရှိကြောင်း အင်းတော်မြို့ နယ် ဒေသခံ အမျိုးသားတဦးက ဆိုသည်။
ယင်းပြင် မဲဇာဒေသ ပ.က.ဖ သည် အခွန်ကောက်ခံမှုများကိုလည်း ၎င်းတို့သဘောဖြင့် လုပ်ဆောင်နေပြီး အခွန်ကောက်ခံ ရာမှရသည့် ငွေ အနည်းဆုံး ကျပ်သိန်း ၃၀၀ ကိုလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)ထံ အပ်နှံခြင်း မရှိကြောင်း မဲဇာကျေးရွာအုပ်စုမှ ရပ်မိရပ်ဖ တဦးက ပြောသည်။
၎င်းက “ကျနော်တို့လည်း မပြောရဲဘူး။ သူတို့က လက်နက်ရှိပြီး ကျနော်တို့က လက်နက် မရှိဘူး။ အခြေအနေက အဲဒီလို ဖြစ်နေတာ။ လက်နက်ရှိတဲ့သူတွေကပဲ သူတို့ကို ပြန်ထိန်းမှ ရမှာ။ ဒီလို ရိုက်နှက်တာတွေက ခဏခဏပဲ။ မကျီးရွာမှာ လည်း ဦးသန်းမောင် ဆိုတဲ့သူကို ရိုက်ခဲ့တာလည်း ၁ လလောက်ပဲ ရှိသေးတယ်။ ပိုက်ဆံ ၈ သိန်းလည်း ယူသွားသေး တယ်။ တိုင်ရင်လည်း သူတို့က သတ်တာဖြတ်တာ လုပ်သွားရင် ဘယ်လိုလုပ်မလဲ။ ဘယ်မှာမှ တရားစွဲလို့ မရဘူး။ ကျနော် တို့ နေရာက ဥပဒေ စိုးမိုးမှု မရှိဘူး။ သံဖိုမှာ တယောက် ရိုက်သတ်ထားတာ ရှိတယ်။ ခုခံလို့ ဆိုပြီး ပစ်သတ်တာ တယောက်ရှိတယ်။ အောက်လည်ရွာမှာ တယောက်ရိုက်သတ်ထားတယ်လို့ ကြားရ တယ်။ လယ်ပြင်ရွာမှာလည်း ရှေ့မှာ တယောက်ကို ရိုက်သတ်ထားသေးတယ်” ဟု ဆိုသည်။
အင်းတော်မြို့နယ် ဒေသခံ အမျိုးသား တဦးကလည်း အင်းတော်မြို့နယ်တွင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ကို ဖွဲ့စည်း ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်သေးကြောင်း ပြောသည်။
၎င်းက “အင်းတော်မှာ ပအဖ ကစပြီးတော့ တည်နေပြီ။ အသက်ဝင်ဖို့ လုပ်နေပြီပေါ့။ ပကဖက ပြည်သူ့ကာကွယ်ရေးဆိုပြီး ဖွဲ့ထားတာပေါ့။ သူတို့ကျတော့ ဘယ်လိုပြောမလဲ မြို့စောင့်ရဲ သဘောမျိုးပေါ့ဗျာ။ သူတို့က ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့လည်း မတူဘူး။ PDF က EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) နဲ့တွဲပြီး တိုက်ခိုက်ရေးကို အဓိက လုပ်တယ်။ ပကဖ ကို PDF က ဝင်စွက်ဖက်ခွင့် မရှိတာလည်း ဖြစ်နေတယ်။ ပကဖက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နီးစပ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေက အမည်စာရင်း တင်တဲ့သူက ပကဖ ခေါင်းဆောင် ဖြစ်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် အမည်မဖော်လိုသည့် ဥပဒေပညာရှင်တဦးကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတည်ငြိမ်မှု မရှိသည့် လက်ရှိကာလတွင် ဥပဒေစည်းမျည်းနှင့် ညီညွတ်မှု မရှိဘဲ တရားလက်လွတ်စီရင်မှုများ ဖြစ်လေ့ဖြစ်ထရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
“ဒီပြဿနာတွေက မလွဲမသွေ ကြုံရမှာပဲ။ ဘာကြောင့်လဲဆိုတော့ အချုပ်အခြာအာဏာ ၃ ရပ်ကို ထိန်းသိမ်းထားတဲ့ စစ် ကောင်စီ ကို မကျေနပ်လို့ တော်လှန်နေကြတဲ့ အုပ်စုတွေမှာက လတ်တလော ဘာ မရှိဘူးလဲဆိုတော့ တော်လှန်ရေးကို ဦးဆောင်မယ့် တပ်ဦး အဖွဲ့အစည်း မရှိဘူး။ NUG က တပ်ဦးပုံသဏ္ဍာန်ရှိနေသော်လည်း လက်ရှိမှာ တပ်ဦးပုံစံကို မဖော် ဆောင်နိုင်သေးဘူး။ မဖော်ဆောင်နိုင်သေးတော့ အောက်မှာ ဘာပြဿနာရှိသလဲဆိုတော့ တော်လှန်ရေးအတွက်ဆိုပြီး ဖွဲ့ထားတဲ့ ဒေသအသီးသီးက နာမည်အမျိုးမျိုးနဲ့ အဖွဲ့အစည်းတွေက ဘာလိုနေလဲဆိုတော့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်း တွေ လိုက်နာရမယ့် ကျင့်ဝတ်နဲ့ စည်းကမ်း (Code of Conduct) ပေါ့” ဟု ၎င်းက ထောက်ပြသည်။
NUG သည် PDF များအား လက်နက်ကိုင်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ကို သင်ကြားလေ့ကျင့်ပေးနေသော် လည်း အချို့သော NUG လက်အောက်ခံ အဖွဲ့များနှင့် NUG လက်အောက်ခံ မဟုတ်သည့် ဒေသခံ တော်လှန်ရေး အဖွဲ့ အချို့သည် လက်နက်ကိုင်များ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်ကို လိုက်နာမှု မရှိသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ အခြေစိုက် အမည်မဖော်လိုသည့် ဥပဒေပညာရှင်တဦးက ဆိုသည်။
“သူတို့က တရားစီရင်ရေး လုပ်ငန်းတွေကို ဆန္ဒစောပြီး ဝင်လုပ်တဲ့အခါမှာ၊ နယ်မြေအုပ်ချုပ်ရေးလုပ်ငန်းတွေ ဝင်လုပ်တဲ့ အခါမှာ ဆန္ဒစောပြီး အမှားတွေ ကျူးလွန်ကြတာဖြစ်တယ်။ တကယ် ကျူးလွန်တဲ့သူတွေတင်မကဘဲ မိသားစုကိုပါ ဖမ်းဆီး သတ်ဖြတ်တာ၊ ရိုက်နှက်တာတွေ ဖြစ်နေတာပေါ့။ ဒါတွေက ဥပဒေရှုထောင့်ကကြည့်ရင်တော့ ဥပဒေနဲ့ အညီတော့ မဟုတ်ဘူး။ ဥပဒေအရကတော့ ဘယ်အဖွဲ့အစည်းမဆို နစက (စစ်ကောင်စီ) အပါအဝင် NUG ရော ၊ NUG လက်အောက် ခံ PDF တွေရော Local PDF ရော မည်သူမဆို နိုင်ငံသား ၁ ဦး၊ လူသားတဦးကို တရားစီရင်ရေးဆိုင်ရာ နည်းလမ်းနဲ့ ကွပ် မျက်ခြင်း အပြစ်ပေး အရေးယူခြင်းမှ လွဲ၍ ဖမ်းဆီးခြင်း တရားစီရင်ရေးနည်းကို မသုံးဘဲ တရားလက်လွတ် ပစ်ခတ် သတ်ဖြတ်တာတွေ ခွင့်ပြုမထားဘူး။ လူ့အခွင့်အရေး ပဋိဉာဏ်စာတမ်းမှာလည်း အဲဒီသဘောအတိုင်း ပါတယ်” ဟု ၎င်းက ပြောသည်။
အင်းတော်မြို့နယ်အတွင်း၌ ယခုကဲ့သို့ ပကဖ အဖွဲ့များ၏ ရိုက်နှက်စစ်ဆေး စီရင်နေမှုများကို NUG အနေနှင့် ထိန်းသိမ်းရန် လိုအပ်ပြီး မထိန်းသိမ်းပါက ပြည်သူလူထုသည် တော်လှန်ရေးကို စိတ်ပျက်လာနိုင်ကြောင်း မှတ်ချက်ပေးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကမူ မဲဇာ ပ.က.ဖ၏ ကျူးလွန်မှုများကို ၎င်းအနေနှင့် တစုံတရာကြားသိထားခြင်း မရှိကြောင်းပြောသည်။
“ကျနော့်အနေနဲ့ မဲဇာ ပကဖ ကိစ္စကို Personally အရ မသိပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုးတော်လှန်ရေးကာလမှာ တာဝန် ရှိတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကြားရတဲ့အခါ ဒီဟာတွေက အရေးတယူ စုံ စမ်းပြီးတော့ လိုအပ်သလို အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တခုကတော့ တော်လှန်ရေးကာလမှာ စိုးမိုးအုပ်ချုပ် တဲ့နယ်မြေတွေမှာလည်း အတိအကျ လုပ်ဖို့အတွက် ကိုင်ဖို့အတွက် တရားစီရင်ရေးကဏ္ဍက စိန်ခေါ်မှုတွေပေါ့။ အခက် အခဲတွေရှိနေတာလည်း ပါမှာပေါ့။ ဒါပေမယ့်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေနဲ့ သိတာနဲ့ ချက်ချင်းတတ်နိုင်သလို အရေးယူစုံစမ်းမှု လုပ်မယ်ဆိုတာကတော့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
You may also like these stories:
ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား
ကျင့်ဝတ်စည်းကမ်းက တော်လှန်ရေးမှာ အင်မတန်မှ အရေးကြီးပါတယ်
ပျူစောထီးဟု စွပ်စွဲကာ မိသားစုလိုက် YDF သတ်ဖြတ်မှု NUG စုံစမ်း