ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွေကျွန်းရှိ Chaweng Blue Lagoon The Teak Wing ဟိုတယ်မှ ဘတ် ၁၄ သန်းခန့် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရမှုတွင် လူ ၉ ဦးကို ဖမ်းထားရာ ဟိုတယ်တွင် နေ့စားအလုပ်လုပ်နေသည့် မြန်မာ အလုပ် သမား ၃ ဦး လည်း ပါဝင်ကြောင်း ပြီးခဲ့သည့် သောကြာနေ့ Bangkok Post သတင်းက ဆိုသည်။
ယင်းဟိုတယ်မှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ကြောင့် ပိတ်ထားရာမှ ဟိုတယ်သုံး ပစ္စည်း ၄၀၀ခန့် အခိုးခံရခြင်း ဖြစ်ပြီး၊ ယင်းပစ္စည်းများကို အသက် ၃၁နှစ် နတ်ချာဆိုသည့် ထိုင်းအမျိုးသမီးက ဆိုရှယ် မီဒီယာတွင် တင်ကာ ရောင်းချစဉ် ခြေရာခံမိခဲ့ခြင်းဖြစ်သည်။
ထို့အတွက် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂိုဒေါင်တလုံးကို ထိုင်းရဲ့ ဝင်ရောက်ရှာရာ ခိုးယူထားသည့် ပစ္စည်းတချို့ကို တွေ့ရကြောင်း၊ ယင်းအမှုတွင် နောက်ကွယ်မှ စီစဉ်သူ ၃ဦးထက်မနည်း ရှိမည်ဟုလည်း ယုံကြည်ကြောင်း၊ သံသယရှိ သူများကို ဖမ်းဆီးရာ မြန်မာအလုပ်သမား ၃ဦးလည်း ပါဝင်ကြောင်း Bangkok Post တွင် ဖော်ပြထားသည်.
အဆိုပါ မြန်မာ ၃ ဦးမှာ စက်တင်ဘာလ ၃ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း၊ထိုအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနှင့် လိုက်ပါသွားရင်း ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသတွင်း အလုပ်သမားအရေးလုပ်ကိုင်နေသူများထံမှသိရသည်။
၎င်းတိုုိ့ကို ထိုင်းအမျိုးသမီးတဦးက နေ့စား အလုပ်လုပ်ကိုင်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး မနက် ၉ နာရီမှ ညနေ ၃ နာရီထိ တရက်လျှင် ဘတ် ၁၀၀၀ ရရှိကြောင်း အဖမ်းခံထားသည့် မြန်မာအလုပ်သမား ကိုဖြိုးဆိုသူ၏ မိခင်ထံမှ သိရသည်။
“ဒီလ ၁ ရက် စဖြစ်တာ။ ထိုင်းအမျိုးသမီးတယောက်က ဖုန်းခေါ်လာတယ်။ နေ့စားအတွက် အလုပ်သမား မရှိဘူးလား ဆိုပြီး မေးတယ်။ ပစ္စည်းတွေ သယ်ပြီး အိမ်ပြောင်းဖို့အတွက်ဆိုပြီး၊ ခေါ်တာ က ၄ ယောက်ပေါ့။ ဒါပေမယ့် ကျမသားနဲ့ ချွေးမ အပါအဝင် ၃ ယောက်ပဲ ထည့်ပေးလိုက်တယ်။ ၂ ရက်နေ့မှာ မသွား ဖြစ်ကြဘူး။ ၃ ရက်နေ့က သွားကြပြီး ပိုက်ဆံရှင်းပေးတာ စောင့်နေရင်းနဲ့ ပုလိပ်က ဖမ်းသွားတော့တာပဲ” ဟု ပြော သည်။
ထိုမြန်မာမိသားစုမှာ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ကျော်ကြာရှိပြီဖြစ်ပြီး ကိုဗစ် ကာလအတွင်း စားဝတ်နေရေး မပြေလည်မှုကြောင့် ယခုကဲ့သို့ သားသမီးများကို အလုပ်စေခိုင်းရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ သားသမီးများနှင့် တွေ့ခွင့် မရသေးကြောင်း မိခင်များက ဆိုသည်။
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက “ကျနော်တို့အနေနဲ့တော့ မိဘတွေကို အကြံပေးတယ်။ သက်ဆိုင်ရာ အလုပ်သမား သံအရာရှိရုံးကို အကူ အညီ တောင်းပေးတယ်။ ဒီတိုင်းပဲ နေမယ်ဆိုရင် အမှုတွေ ဆင်ပြီး ထောင်ထဲမှာ အကြာကြီး နေရမှာ။ ခိုးမှုထဲမှာ မပါ ဝင်တာကို သက်သာဖို့အတွက် အလုပ်ခိုင်းတယ်ဆိုတာ ပေါ်လွင် ထင်ရှားစေတဲ့ အထောက်အထား လူသက်သေ တခုခု ပြဖို့အတွက် သိတဲ့လူတွေ၊ လုပ်အားခရတဲ့ အထောက်အထား ပြေစာတွေ အဲဒါတွေကို ဆောင်ထားဖို့ အတွက်တော့ အကြံပေးထားတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် ၎င်းတို့အတွက် ရှေ့နေ၊ အလုပ်သမားရေး ဆောင်ရွက်သူများ၊ အလုပ်သမား သံရုံးမှ တာဝန်ရှိသူများ အနေဖြင့် သွားရောက် ကူညီပေးနိုင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အဆိုပါ အမှုတွင် မြန်မာအလုပ်သမား ၃ ဦး အပါအဝင် သံသယရှိသူ ၉ ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး ခိုးမှုအတွက် အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ် (သို့မဟုတ်) ဘတ် ၁၄၀,၀၀၀ (သို့မဟုတ်) ပြစ်ဒဏ် ၂ မျိုးလုံး ကျခံရနိုင်ကြောင်း သိရသည်။
You may also like these stories:
ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI လက်မှတ် ထပ်မံ လုပ်ပေးမည်
ထိုင်းအစိုးရက အနိမ့်ဆုံး လုပ်အားခများ တိုးပေးမည်