အရှေ့တီမောနိုင်ငံ၌ ကျင်းပခဲ့သည့် မီဒီယာဖိုရမ်တွင် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အမည်ခံကာ တက်ရောက် ဆွေး နွေး တင်ပြချက်များသည့် နိုင်ငံတကာသို့ သတင်းမှား ဖြန့်ဝေခြင်း ဖြစ်ကြောင်း မြန်မာသတင်း မီဒီယာအဖွဲ့ ၂၉ ဖွဲ့က ကန့် ကွက် ရှုတ်ချခဲ့သည်။
“The Dili Dialogue forum (DDF) 2022” မီဒီယာဖိုရမ်ကို ဩဂုတ် ၂၆ ၊၂၇ ရက်တို့တွင် အရှေ့တီမောနိုင်ငံ၊ ဒီလီမြို့ ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးအေးချမ်း တက် ရောက်ခဲ့ကာ စစ်တပ် အာဏာသိမ်းမှုအား တရားဝင် လုပ်ရပ်သဖွယ် ပုံဖော် ပြောဆိုသကဲ့သို့ လွတ်လပ်သည့် မြန်မာ မီဒီယာများကိုလည်း အကြမ်းဖက် ဝါဒဖြန့်သူများအဖြစ် စွပ်စွဲပြောဆိုခဲ့သည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ထောက်ပံ့မှုဖြင့် ကျင်းပသည့် အဆိုပါ မီဒီယာဖိုရမ်တွင် အရှေ့တီမော၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ သတင်းမီဒီယာကောင်စီများ တက်ရောက်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်အတွက် ဖိုရမ်အား မူလက အလှည့်ကျအနေဖြင့် မြန်မာနိုင်ငံက ကျင်းပရမည် ဖြစ်သော်လည်း တီမောနိုင်ငံတွင် ပြောင်းရွှေ့ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ဖိုရမ်တွင် “မြန်မာနိုင်ငံ၏ မီဒီယာ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဦးအေးချမ်း၏ ပြောဆိုတင်ပြချက်များတွင် အာဏာသိမ်း စစ် ကောင်စီလက်ထက် သတင်းမီဒီယာများအပေါ် အကြမ်းဖက် ဖိနှိပ်မှုများနှင့် လွတ်လပ်သည့် သတင်းသမားများ ခြိမ်း ခြောက်ခံရမှုများအား ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ လျစ်လျူရှုခဲ့ပြီး မြန်မာမီဒီယာ၏ သတင်း တင်ဆက်မှုများသည် သတင်းတို၊ သတင်းမှားများဖြင့် တိုင်းပြည် အခြေအနေ ပိုမိုဆိုးဝါးအောင် ပြုလုပ်နေသည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။
လက်တွေ့တွင် အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် သတင်းသမား ၄ ဦး သေဆုံးခဲ့ပြီဖြစ်သကဲ့သို့ သတင်း သမားဦးရေ ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ထဲမှ ၅၇ ဦးမှာ အကျဉ်းထောင်များထဲတွင် ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ် ကြောင်း သတင်းမီဒီယာ အဖွဲ့အစည်းများက ဖော်ပြသည်။
စစ်ကောင်စီ၏ ဖမ်းဆီး သတ်ဖြတ်ခံရသူ သတင်းသမားများအနက် ရန်ကုန်မြို့မှ အလွတ်တန်း ဓာတ်ပုံဆရာတဦးဖြစ်သူ ကိုစိုးနိုင်သည် စစ်တပ်၏ ဖမ်းဆီးခံရပြီး စစ်ကြောရေးခန်းတွင် နှိပ်စက်သတ် ဖြတ်ခံခဲ့ရခြင်းဖြစ်သကဲ့သို့ ချင်းပြည်နယ် အခြေစိုက် Khonumthung သတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ် ဆလိုင်းသွီဒင်း မှာလည်း အခြားသော အရပ် သား ၉ ဦးနဲ့ အတူ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ် ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းပြင် လွတ်လပ်သည့် သတင်း မီဒီယာအဖွဲ့အစည်း ၁၁ ခုကိုလည်း စစ်ကောင်စီက လိုင်စင်များ ပိတ်သိမ်းခဲ့သည်။
စစ်တပ် အာဏာမသိမ်းမီ အများသဘောဖြင့် ရွေးကောက် တင်မြှောက်ကာ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်၂၃ ဦးသည် အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုခြင်း မရှိသည့်အတွက် စစ်တပ်အာဏာ သိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ပင် တပြိုင်နက် နုတ်ထွက်ခဲ့ကြသည်။
ထိုသို့ ရွေးကောက်ခံ ကောင်စီဝင်များ နုတ်ထွက်မှုသည် သတင်းမီဒီယာ ကောင်စီအနေဖြင့် ၎င်း တာဝန်ယူဆောင်ရွက်ရ မည့် သတင်းလွတ်လပ်ခွင့်အပေါ် ကာကွယ်ခြင်း၊ မီဒီယာကျင့်ဝတ်စံနှုန်းများအား ထိန်းကျောင်းခြင်းနှင့် လုပ်ဖော်ကိုင်ဖက် သတင်းသမားများအား ကာကွယ်စောင့်ရှောက်ခြင်း ဆိုသည့် တာဝန်များအား မလုပ်ဆောင်နိုင်တော့ကြောင်း ဖော်ပြနေ ခြင်း ဖြစ်သည် ဟုလည်း သတင်းမီဒီယာ အဖွဲ့အစည်းများက ဆိုထားသည်။
ယင်းသို့ ရွေးကောက်ခံ ကောင်စီဝင်များ နုတ်ထွက်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီက သတင်းမီဒီယာ ကောင်စီ အသစ်အား ပြန်လည် ဖွဲ့စည်းခဲ့သည်။ စစ်တပ် လက်အောက်ခံ ကောင်စီသစ်အား သတင်းသမားများအပေါ် ကိုယ်စားမပြု ဟု ဆိုကာ အသိအမှတ် မပြုကြပေ။
စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်အောက်ခံ သတင်းမီဒီယာကောင်စီသစ်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် အတည်ပြုဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကောင်စီတွင် စစ်မှုထမ်းဟောင်းများနှင့် စစ်အစိုးရနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့သူများ၊ မှုခင်းသတင်းရေးသားများ အများစုပါဝင်နေသည်။
အထူးသဖြင့် ကောင်စီဥက္ကဌဖြစ်သူ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ဒုဥက္ကဌ ဦးမျိုးထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးရဲနိုင်စိုးစသူတို့မှာ စစ်မှုထမ်းဟောင်းများဖြစ်ကြသည်။
စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီနှင့် ပတ်သက်ပြီး “ သူတို့က မီဒီယာရဲ့ လွတ်လပ်မှုသဘော၊ သဘာဝကို နားလည်းမလည်ဘူး။ လွတ်လပ်တဲ့မီဒီယာဆိုတဲ့ အယူအဆကိုလည်း သူတို့ကိုင်စွဲထားတာ မဟုတ်ဘူး။ အဲဒီလို စကားလုံးမျိုးလည်း တကြိမ်မှသုံးစွဲတာမျိုးမတွေ့ရဘူး။ ပြောဆိုတဲ့စကားလုံးတွေ ထုတ်ပြန်တာတွေကိုကြည့်ရင် လွတ်လပ်တဲ့မီဒီယာဆိုတာ ကျင့်ဝတ်နဲ့ညီပြီးတော့ ပရော်ဖက်ရှင်နယ်မီဒီယာဆိုတာမျိုး သုံးနှုန်းတာ မတွေ့ရဘဲနဲ့ ။ ရှင်းရှင်းပြောရရင် နိုင်ငံရေးအရ ဘက်တဘက်ကို ရပ်တည်ပြီးတော့ ၊ အဲဒီရပ်တည်တဲ့ဘက်ကလည်း စစ်ကောင်စီဘက်ပေါ့၊ အဲဒီလိုမျိုးနဲ့ မီဒီယာအဖွဲ့အစည်းကို ချုပ်ကိုင်လိုက်ပြီးတော့ စစ်ကောင်စီဘက်က လိုလားတဲ့ လမ်းကြောင်းမျိုးကိုပဲ လုပ်နေရတာဖြစ်သွားပဲ”ဟု ဝါရင့်သတင်းစာဆရာတဦးက သုံးသပ်သည်။
သတင်း လွတ်လပ်ခွင့်အား အကြီးအကျယ် ဖိနှိပ်နေသည့် စစ်ကောင်စီ ဩဇာခံသတင်း မီဒီယာကောင်စီအား မီဒီယာဖိုရမ်တွင် နေရာပေး ဖိတ်ကြားကာ စာတမ်း တင်ပြခွင့်ပေးခဲ့ခြင်းအပေါ်တွင်လည်း မြန်မာသတင်းမီဒီယာ အဖွဲ့အစည်း၂၉ ဖွဲ့က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး စစ်ကောင်စီ ဖြန့်ဝေသည့် သတင်းအမှားနှင့် လုပ်ကြံသတင်းများအား တိုက်ဖျက်နိုင်ရေးအတွက်လည်း အရှေ့တောင်အာရှနိုင်ငံများ၏ သတင်းမီဒီယာကောင်စီများနှင့် ပူးပေါင်း လုပ်ဆောင်လိုကြောင်းလည်း မြန်မာ သတင်း မီဒီယာအဖွဲ့အစည်း၂၉ ဖွဲ့က တောင်းဆိုထားသည်။
စစ်ကောင်စီက အသစ် ပြန်လည်ဖွဲ့စည်သည့် သတင်းမီဒီယာ ကောင်စီတွင် ဦးအေးချမ်းသည် စီးပွားရေးသတင်းများ အဓိကထား ရေးသားသည့် လူသိနည်းသော Myanmar Insider သတင်းမီဒီယာ၏ ထုတ်ဝေသူ ပိုင်ရှင်အနေဖြင့် သတင်း မီဒီယာကောင်စီတွင် ပါဝင်လာခြင်း ဖြစ်သည်။
ဦးအေးချမ်းသည် ယခင် ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၏ သား ဖြစ်ပြီး ၎င်း၏ စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီးအွန်လိုင်းဈေးဝယ်လုပ်ငန်း rgo 47 လည်း အပါအဝင် ဖြစ်သည်။
၎င်း၏ ဖခင်ဖြစ်သူ စစ်တပ် အရာရှိဟောင်း ဦးစိုးသိန်းသည်ပင်လ ျှင် စစ်တပ် အားပေးထောက်ခံသူများ၏ အွန်လိုင်းပေါ်တွင် ရေးသားသော အထောက်အထား ခိုင်လုံမှု မရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) တို့အပေါ် အပုပ်ချမှုအား ကိုးကားပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD က တတိယအကြိမ် လွှတ်တော်ခေါ်ကာ အစိုးရဖွဲ့ မည့်ကို အိပ်မပျော်နိုင်အောင် စိုးရိမ်ရကြောင်းနှင့် စစ်တပ်အာဏာသိမ်းရန် တွန်းအားပေး လှုံ့ဆော်မှုများအား “ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ” စာအုပ်အမည်ဖြင့် တိတ်တဆိတ် ရေးသား ဖြန့်ဝေခဲ့သည်။
You may also like these stories:
ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း
မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ
စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ
အကွဲအပြဲဖြင့် အာဏာထပ်လုကြဦးမည့် ကြံ့ခိုင်ရေးပါတီ
အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ