သတင်း

ယူကရိန်း အရှေ့ပိုင်းက ရုရှားတပ်များ ဆုတ်ပြေး

ခါကိဗ်အရှေ့ပိုင်းဒေသမှ ယူကရိန်းတန်ပြန်ထိုးစစ်၏ အရှိန်အဟုန်သည် လွန်စွာမြန်ဆန်သည်။

မြို့ရွာ ၃ ဒါဇင်ကျော်ကို ရုရှားတပ်များထံမှ လွတ်မြောက်စေပြီး ရုရှားတပ်များသည် ခုခံမှု မရှိ သို့မဟုတ် ခုခံမှုအနည်းငယ်ဖြင့် ထွက်ပြေးကြောင်း သုတေသီများက ပြောသည်။

“၄ ရက်အတွင်း ယူကရိန်းက ရုရှားစစ်တပ်ရဲ့ ၄ လကြာ တန်ဖိုး ကြီးကြီးမားမားနဲ့ ရယူထားတဲ့ အောင်ပွဲကို ဖျက်သိမ်းပစ်လိုက်တယ်” ဟု ဂျာမနီနိုင်ငံ၊ ဘရီမင်တက္ကသိုလ်မှ ရုရှားရေးရာကျွမ်းကျင်သူ နီကိုလေ မီထရိုခင်က Al Jazeera သတင်းဌာနသို့ ပြောသည်။

ရုရှားနယ်စပ် အနောက်ဘက်နှင့် ခွဲထွက်သွားသော လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံ မြောက်ဘက်တွင် တည်ရှိသောဒေသကို ယူကရိန်းက အလျင်အမြန် အလွယ်တကူ ပြန်လည် သိမ်းပိုက်နိုင်ခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ရုရှားတပ်များသည် အမြောက်များ၊ သံချပ်ကာယာဉ်များကို အလျင်အမြန် စွန့်ပစ်လိုက်ပြီး အကြီးအကျယ် စစ်ပြင်ဆင်ထားသောနေရာမှ ၎င်းတို့ ဆုတ်ခွာသွားပုံသည် ကြီးမားသောတိုက်ပွဲကြောင့် တုန်လှုပ်ချောက်ခြားပြီး ထွက်ပြေးခြင်းမျိုး မဟုတ်ကြောင်း ထိုဒေသမှ ဗီဒီယိုများနှင့် ယူကရိန်း စစ်ဘက်သတင်းများအရ သိရသည်။

အဝါရောင်ပြ ယူကရိန်း အရှေ့ပိုင်း ခါကစ်ဒေသမှ ရုရှားတပ်များ ဆုတ်ခွာသွားသည်/ AFP

ပြန်လည် သိမ်းပိုက်ထားသည့် ကူပီရန့်စ်နှင် အဇီယမ်မှ ရုရှားနယ်စပ်သို့သွားသည့် ကျဉ်းမြောင်းသော လမ်းတခုသာ ရှိသည်။

သို့သော် ထိုသို့ဆုတ်ခွာခြင်းကြောင့် လမ်းများပိတ်ဆို့ခြင်းမရှိဘဲ ရက်ပေါင်းများစွာ အချိန်ယူဆုတ်ခွာကြောင်း မီထရိုခင်က ပြောသည်။

သူ့အနေဖြင့် ကရင်မလင်သည် ထိုဒေသမှ တပ်များကို တမင်ရည်ရွယ်ချက်ရှိရှိ ဆုတ်ခွာပြီး လူအင်အားနှင့် လက်နက်များကို ခွဲထွက်ရေးသမားများ ထိန်းချုပ်ဒေသများအနီးတွင် အသုံးပြုရန် ရည်ရွယ်ပုံရသည်ဟု ယူဆသည်။

“ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ခါကိဗ်ကနေ ဆုတ်ခွာပြီး ရှိသမျှ ရင်းမြစ်အားလုံးကို ဒွန်နက်စ်က သိမ်းပိုက်ထားတဲ့နေရာတွေနဲ့ လူဟန်စ်နယ်စပ်ကို ကာကွယ်ဖို့ ထိပ်ဆုံးကနေလာတဲ့ ဆုံးဖြတ်ချက်တခု ချလိုက်တယ်” ဟု မီထရိုခင်က ပြောသည်။

“ရလဒ်ကတော့ ဧပြီလတုန်းက ရုရှားတပ်တွေ ယူကရိန်း မြောက်ပိုင်းက ဆုတ်ခွာတဲ့အတိုင်းပဲ” ဟုလည်း သူက ပြောသည်။

မော်စကိုသည် ကိဗ်အပါအဝင် ဒေသ ၄ ခုမှ ဧပြီလတွင် ဆုတ်ခွာခြင်းကို “စိတ်သဘောထားကောင်း” ဖော်ပြခြင်းဖြစ်ကြောင်း ပြောသော်လည်း ယူကရိန်း အရာရှိများနှင့် သုတေသီများက ထိုသို့ဆုတ်ခွာရခြင်းမှာ အတွက်အချက်မှားခြင်းနှင့် လူအင်အား လက်နက်အင်အား ဆုံးရှုံးမှုများခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။

လေ့ကျင့်မှု ညံ့ဖျင်း

အခြားသောလေ့လာသူများက ခါကိဗ်တွင် ဖြစ်ပျက်နေသည်များအပေါ် သဘောထား ကွဲလွဲနေသည်။

ခါကိဗ်အရှေ့ပိုင်းဒေသရှိ မြို့တမြို့အား ယူကရိန်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်အပြီး

ထိုသို့ ဆုတ်ခွာရခြင်းမှာ ညံ့ဖျင်းစွာလေ့ကျင့်ထားသော အမျိုးသားအစောင့်တပ်များနှင့် ခွဲထွက် လူဟန်စ်၊ အိမ်နီးချင်း ဒွန်နက်စ်မှ တပ်တွင်းသို့ အတင်းအကျပ် သွတ်သွင်းထားသည့် အရပ်သားများကို ရှေ့တန်းစစ်မျက်နှာတွင် ဖြန့်ချထားမိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

“သူတို့အားလုံးက လေ့ကျင့်ပေးထားမှု မရှိဘူး။ တိုက်ပွဲအတွေ့အကြုံ မရှိဘူး။ တခါတခါကျရင် ဘာတွေဖြစ်နေတယ်၊ သူတို့အသက်တွေ ဘာလို့ စတေးနေရတယ် ဆိုတာကိုတောင် နားမလည်ဘူး” ဟု ရုရှား ကာကွယ်ရေးသုတေသီ ယူရီ ဖျိုဒိုရော့ဗ်က Novaya Gazeta သတင်းစာတွင် ရေးသားသည့် ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။

လူသောင်းဂဏန်းမျှ ဆုံးရှုံးပြီးနောက် ကရင်မလင်သည် လေ့ကျင့်ထားမှုမရှိသည့် အကျဉ်းသားများကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် ငွေကြေးပေးမည်ဟု စည်းရုံးကာ ရှေ့တန်းသို့ပို့သည်ဆိုသည့် အထောက်အထားများ ထွက်ပေါ်နေသည်။

အကျဉ်းသား ၇,၀၀၀ မှ ၁၀,၀၀၀ ထိ ယူကရိန်းတွင် စစ်တိုက်ရန် စေလွှတ်ထားသည်ဟု ရုရှားအကျဉ်းထောင်များကို စောင့်ကြည့်လေ့လာနေသည့် Rus Sidyashchaya လူ့အခွင့်အရေးအုပ်စုမှ အိုလ်ဂါ ရိုမန်နိုဗာကက Facebook တွင် ပြီးခဲ့သည့် သောကြာနေ့က ရေးသားသည်။

ရုရှားတပ်များ၏ အားနည်းချက်များကို ပိုမိုဆိုးရွားစေသည်မှာ တပ်များကို ခါကိဗ်တွင် စုပြုံထားပြီး ၎င်းတို့အတွက် အကူအညီမပေးနိုင်ဘဲ ထိပ်တန်းအရာရှိများ အကြီးအကျယ် အတွက်အချက်မှားခြင်း ဖြစ်ကြောင်းလည်း ရိုမန်နိုဗာက ဆက်လက်ရေးသားသည်။

အမည်ဆိုးကျော်ကြားသည့် Wagner ပုဂ္ဂလိကစစ်တပ်မှ ကြေးစားစစ်သားဟောင်းတဦးက ထိုစစ်ရှုံးနိမ့်ခြင်းသည် ရုရှား စစ်ဘက်ထိပ်တန်းအရာရှိများအကြား နက်ရှိုင်းသည့် ပြဿနာများ ရှိနေကြောင်း ပြသနေသည်ဟု ပြောသည်။ ထိုကြေးစားစစ်သား၏ လုပ်ဖော်ကိုင်ဘက်များသည် လက်ရှိ ယူကရိန်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြသည်။

“ကျနော်တို့ ဗိုလ်ချုပ်တွေဟာ ပကတိ အခြေအနေနဲ့ ကင်းကွာနေတယ်ဆိုတာကို ခါကိဗ်က ပြသနေတယ်။ အချို့နေရာတွေကို ကာကွယ်ဖို့ အားမရှိတဲ့ တပ်တွေကို ချထားပြီး စစ်သေနင်္ဂဗျူဟာ ပညာရှင် မဆန်ကြောင်း ပြသနေတယ်” ဟု မာရတ် ဂဘီဒူလင်က Al Jazeera သတင်းဌာနသို့ ပြောသည်။

“ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာအတုထုတ်ပြီး လိမ်လည်တဲ့နိုင်ငံ ဖြစ်နေတယ်” ဟု ဆီးရီးယား သမ္မတအာဆတ်၏ တပ်များဘက်မှ တိုက်ခိုက်ပေးခဲ့သည့် အတွေ့အကြုံများ ရေးသားခဲ့သော ထိုကြေးစားစစ်သားက ပြောသည်။

ထိုသို့ရှုံးနိမ့်သောကြောင့် သမ္မတ ပူတင်၏ အနီးကပ်မဟာမိတ်များအနက် တဦးက ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်မှုဖြစ်လာသည်။

ခါကိဗ်ဒေသတွင်း ပျက်ဆီးကျန်ရစ်သော ရုရှားတင့်ကားပျက်/AFP

“ဒီအထူးစစ်ဆင်ရေးရဲ့ သေနင်္ဂဗျူဟာ အပြောင်းအလဲကို ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ မလုပ်ရင် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ရုရှားခေါင်းဆောင်တွေဆီကို ကျနော်သွားပြီး အခြေအနေကို ပြောရမယ်” ဟု ကရင်မလင်နန်းတော်က ခန့်ထားသည့် ချေချင်းဒေသ ခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က တယ်လီဂရမ်တွင် အသံမက်ဆေ့ချ်ဖြင့် ပြောသည်။ သူ၏တပ်များသည် ယူကရိန်းစစ်ပွဲတွင် ဝင်တိုက်နေသူများဖြစ်သည်။

ရုရှားနှင့် ပူးပေါင်းသူများကို ယူကရိန်းက ဒဏ်ခတ်

အဇီယမ်နှင့် ကူပီယန့်စ် မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းသည် အရေးအပါဆုံး အောင်ပွဲများဖြစ်သည်။

ထိုမြို့များသည် လူဟန့်စ်နှင့် ဒွန်နက်စ်မှ ရုရှားရှေ့တန်းတပ်များအတွက် ထောက်ပံ့ရေး အချက်အခြာများ ဖြစ်ပြီး ယူကရိန်း၏ ဒုတိယအကြီးမားဆုံးဖြစ်သော ခါကိဗ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရန် နေ့စဉ်နီးပါး အသုံးပြုနေရသော နေရာများဖြစ်သည်။

ယူကရိန်းတပ်များသည် ရုရှားတပ်များ ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေသည့် ရုရှားနယ်စပ်မှ ဒေသအများအပြားနှင့် စစ်ဆေးရေး စခန်းအများအပြားကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

စတုရန်း ကီလိုမီတာ ၂,၀၀၀ ကျော် (၇၇၂ စတုရန်းမိုင်) ကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်ပြီးနောက် ထိုဒေသများတွင် အုပ်ချုပ်ရေးများ ပြန်လည်ထူထောင်နေပြီ ဖြစ်သည်။

ရဲတပ်ဖွဲ့များသည် ထိုဒေသများသို့ ပြန်လည် သွားရောက်နေပြီဖြစ်ပြီး ရုရှားတပ်များက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများရှိပါက သတင်းပို့ရန် ယူကရိန်းခေါင်းဆောင်က ဒေသခံများကို အကြောင်းကြားထားသည်။

“ယူကရိန်းမြေမှာ သိမ်းပိုက်သူတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကျနော်တို့ တပ်တွေကို ကျေးဇူးပြုပြီး သတင်းပို့ဖို့ လွတ်မြောက်လာတဲ့ ဒေသတွေက ယူကရိန်းနိုင်ငံသားတွေကို ကျနော်တိုက်တွန်းနေတယ်” ဟု သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက သောကြာနေ့တွင် ပြောသည်။

အဇီယမ် တမြို့တည်းတွင်ပင် အရပ်သား အနည်းဆုံး တထောင် သေဆုံးကြောင်း အများစုမှာ ကျန်းမာရေး စောင့်ရှောက်မှု မရရှိသောကြောင့်ဖြစ်ကြောင်း မြိုတော်ကောင်စီ အကြီးအကဲ မက်ခ်ဆင် စထရီနီကော့ဗ်က ရုပ်သံတွင်ပြောသည့် မှတ်ချက်တခုတွင် ဖော်ပြသည်။

ထို့အပြင် အမြောက်များဖြင့် ပစ်ခတ်သောကြောင့် မြို့ရှိ အဆောက်အအုံများ၏ ၈၀ ရာခိုင်နှုန်း ပျက်စီးသွားသည်ဟုလည်း သူကပြောသည်။

အာဏာကို ပြန်လည် ထိန်းသိမ်းပြီးနောက် ရုရှားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အရာရှိများနှင့် တရားဥပဒေ စိုးမိုးရေးအရာရှိများကို စစ်ဆေးအရေးယူမှုများလည်း စတင်လုပ်ကိုင်နေပြီဖြစ်သည်။

ခါကိဗ်မှ ယူကရိန်းလုံခြုံရေးဌာန (SBU) ထောက်လှမ်းရေး အရာရှိ ရိုမန် ဒူဒင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲထားကြောင်း ယူကရိန်း ရှေ့နေချုပ်ရုံးက တနင်္လာနေ့တွင် ပြောသည်။

ဒေသခံလူထုအတွက် အစားအသောက်နှင့် ဆောက်လုပ်ရေးပစ္စည်းများ ယူကရိန်းက ထောက်ပံ့မည်/AFP

စီးပွားရေး ပြန်လည်ထူထောင်ခြင်းကို အစိုးရ၏ တိုက်ရိုက်ကြားဝင် ဆောင်ရွက်ပေးမှုဖြင့်သာ လုပ်နိုင်မည်ဖြစ်ကြောင်း ကိဗ် အခြေစိုက် သုတေသီတဦးက ပြောသည်။

“ပထမဆုံးအနေနဲ့ အစိုးရက လျော်ကြေးတွေ ကြိုတင်ထုတ်ပေးရမယ်။ အထူးဖြင့် ဒေသထွက် အစားအသောက်နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ ဝယ်ရမယ်” ဟု သုတေသီ အလက်ဆီ ကက်ရှ်က Al Jazeera သို့ ပြောသည်။

ထိုကုန်စည်များကို ဒေသခံများအတွက် လူသားချင်းစာနာမှု အကူအညီများအဖြစ် ဖြန့်ချိရမည်ဖြစ်ပြီး အခွန် ဆိုင်းငံ့ပေးကာ ဆုံးရှုံးသွားသော ပိုင်ဆိုင်မှုများအတွက် လျော်ကြေးပေးရမည်ဟု သူကပြောသည်။

တန်ပြန်ထိုးစစ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားတပ်များသည် ယူကရိန်းရှိ ဓာတ်အားပေးစက်ရုံများကို ပစ်ခတ်ဖျက်ဆီးခဲ့သောကြောင့် တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ဒေသ ၅ ခု၌ ဓာတ်အားပြတ်တောက်နေသည်။

ကျော်ကြားသော ရုရှားအစိုးရ ဝါဒဖြန့်ချိရေးသမားတဦးက ထိုပစ်ခတ်ဖျက်ဆီးမှုများကို ချီးကျူးသည်။

မီးဖြတ်၊ ရေဖြတ်၊ ဖုန်းလိုင်းဖြတ်၊ ရထားလမ်းဖြတ်ခြင်းဖြစ်ကြောင်း ကရင်မလင်မှ အကျော်ကြားဆုံး ဝါဒဖြန့်ချိသူ ဗလာဒီမာ ဆိုလော့ယော့ဗ်က Rossiya-1 ရုပ်သံမှ စကားဝိုင်းတခုတွင် ပြောသည်။

(Al Jazeera သတင်း Questions loom over Ukraine’s counteroffensive in Kharkiv ကို ဘာသာပြန်သည်။)

You may also like these stories:

ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ

ယူကရိန်း ဂျုံတင်ပို့ရေး ပင်လယ်လမ်းဖွင့်ပေးရန် ပူတင် သဘောတူကြောင်း ဂျိုကိုဝီ ပြော

ရုရှား၏ ယူကရိန်းသိမ်းပိုက်ရေးတပ် ၃ ပုံ ၁ ပုံ ဆုံးရှုံးရနိုင်

ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်

Loading