အာဆီယံအဖွဲ့နှင့် သဘောတူညီထားသည့် ငြိမ်းချမ်းရေးအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ တိုးတက်မှုကို အဖွဲ့ခေါင်းဆောင်များက နိုဝင်ဘာလ ထိပ်သီးအစည်းအဝေး ကျင်းပသည့်အခါ အကဲဖြတ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေအနေဆိုးရွားနေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရမှုများ အများအပြား ဖြစ်ပွားနေသည့် အကျပ်အတည်းအတွက် အဓိကတာဝန်မှာ နိုင်ငံ၏ စစ်တပ်နှင့်သာ သက်ဆိုင်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဧပြီလတွင် ရေးဆွဲခဲ့သော သဘောတူညီချက်ငါးရပ်ဖြစ်သော ငြိမ်းချမ်းရေးအစီအစဉ်သည် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး မငြိမ်မသက်မှုများကို အဆုံးသတ်ရန် ရည်ရွယ်ထားသည်။
စင်္ကာပူနှင့် အာဆီယံတို့သည် အဆိုပါ အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အနည်းငယ်မျှသာ ရှိသည့်အတွက် အလွန်စိတ်ပျက်မိကြောင်း အလုပ်သမားပါတီအမတ်များဖြစ်သော Gerald Giam (Aljunied GRC) နှင့် Dennis Tan (Hougang) တို့ထံ ပါလီမန်ဆိုင်ရာ ပြန်ကြားစာတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး က ရေးသားခဲ့သည်။
“အာဆီယံခေါင်းဆောင်တွေဟာ ဒီနိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အချက်ငါးချက် သဘောတူညီချက်ရဲ့ အကောင်အထည်ဖော် တိုးတက်မှုကို အကဲဖြတ်ရမှာ ဖြစ်ပါတယ်။ အခြေအနေတွေ ဘယ်လိုပြောင်းလဲလာလဲပေါ် မူတည်ပြီး အာဆီယံရဲ့ နောက်ခြေလှမ်းတွေကို လမ်းညွှန်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တချို့ ချရလိမ့်မယ်” ဟု ဝန်ကြီးက ပြောသည်။ .
အဆိုပါ သဘောတူညီချက်၏ အချက်ငါးချက်မှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးရေး၊ စေ့စပ်ညှိနှိုင်းရေး လွယ်ကူချောမွေ့စေရန် အာဆီယံ အထူးသံတမန်တဦး ခန့်အပ်ရေး၊ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ မြန်မာနိုင်ငံတွင်းရှိ ပါတီအားလုံးနှင့် တွေ့ဆုံရေးတို့ ဖြစ်ကြသည်။
အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့၏ အထူးသံတမန်များနှင့် အဖွဲ့၏ လက်ရှိဥက္ကဋ္ဌ ကမ္ဘောဒီးယားတို့က တိုက်ရိုက်တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အကောင်အထည်ဖော်မှုတွင် တိုးတက်မှု အနည်းငယ်သာရှိကြောင်း ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်က မှတ်ချက်ပြုခဲ့သည်။
“အဲဒီအစား အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲပြီး အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာတွေလည်း ကြုံလာရတယ်။ တပ်မတော်က ဒီလုပ်ရပ်တွေကို အချိန်ကိုက်လုပ်ဆောင်ပြီး အာဆီယံနဲ့ ဒီသဘောတူညီချက်တွေကို လျစ်လျူရှုကြောင်း ထင်ထင်ရှားရှား ပြသပါတယ်” ဟု မြန်မာစစ်တပ်ကို ရည်ညွှန်းပြောဆိုသည်။
ပြီးခဲ့သည့်လ ကမ္ဘောဒီးယားတွင် တွေ့ဆုံပြီးနောက် ဒေါက်တာ ဗီဗီယန်နှင့် အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အချက်ငါးချက်ပါ အစီအစဉ်သည် တိုးတက်မှုမရှိဟု စိတ်ပျက်မိကြောင်း မှတ်တမ်းတင်ခဲ့သည်။
အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အစီအစဉ်များ စုဆောင်းကာ ရှေ့ဆက်နိုင်မည့် အကောင်းဆုံးနည်းလမ်းအား ဆုံးဖြတ်ရန် အဆိုပြုခဲ့သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးသည် ၎င်း၏အကျိုးစီးပွားအတွက်သာမက ဒေသတခုလုံးအတွက်ပါ အရေးကြီးကြောင်း၊ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနှင့် သက်ဆိုင်သူအားလုံး၏ “သစ္စာရှိရှိ တွေ့ဆုံဆွေးနွေးမှု” မရှိဘဲ လိုအပ်သော နိုင်ငံရေးအဖြေကို ရှာတွေ့နိုင်မည်မဟုတ်ကြောင်း ဒေါက်တာ ဘာလာခရစ်ရ်ှနန်က ပြောကြားခဲ့သည်။
အာဆီယံ၏ တည်ငြိမ်မှုနှင့် ဒေသတွင်း တည်ငြိမ်ရေး မြှင့်တင်မှုတွင် အာဆီယံ၏ ယုံကြည်ကိုးစားမှုကို ထိခိုက်စေခြင်း ရှိ မရှိ မစ္စတာ Dennis Tan ၏ မေးခွန်းကို ဖြေကြားရာတွင် “အာဆီယံရဲ့ ကြိုးပမ်းအားထုတ်တာ မအောင်မြင်မှုက အာဆီယံအပေါ် ယုံကြည်ကိုးစားထိုက်မှုနဲ့ မဆိုင်ပါဘူး။ အဲဒီအစား တပ်မတော်ရဲ့ မောက်မာမှုနဲ့ ပိုဆိုင်ပါတယ်” ဟု ဒေါက်တာ ဘာလာခရစ်ရ်ှနန်က ပြောသည်။
လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကဲ့သို့သော ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများတွင် စင်ကာပူသည် အာဆီယံနှင့် လက်တွဲလုပ်ဆောင်မည်လားဟု မစ္စတာ Giam ၏ မေးခွန်းအတွက် ဒေါက်တာ ဘာလာခရစ်ရ်ှနန်က မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှုကို ရပ်တန့်ရန် ၂၀၂၁ ခုနှစ် ဇွန်လတွင် စင်္ကာပူသည် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အား ထောက်ခံမဲပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ယခုနှစ် ဧပြီလမှစ၍ မြန်မာနိုင်ငံသို့ စစ်ဘက်ဆိုင်ရာ အသုံးချမှု ဖြစ်နိုင်ခြေရှိသည့် ပစ္စည်းများ လွှဲပြောင်းခွင့်ကို စင်္ကာပူက ခွင့်မပြုတော့ဘဲ လက်နက်မဲ့ အရပ်သားများကို အကြမ်းဖက်ရန် ပြင်းထန်စွာ အသုံးချနိုင်သည့် အန္တရာယ် ရှိနေ၍ ဖြစ်သည်။
“ဒါဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ စေ့စပ်ညှိနှိုင်းပြီး နိုင်ငံရေး ပြေလည်မှုရရှိဖို့ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီမယ့် ကျနော်တို့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်နဲ့ ကိုက်ညီပါတယ်” ဟု ၎င်းက ဆိုသည်။
ကိုးကား။ ။ The Straits Times မှ Asean leaders will have to assess progress of Myanmar peace plans: Vivian Balakrishnan
You may also like these stories:
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်
နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး
ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်
ဦးဝဏ္ဏမောင်လွင် လာမည့် ASEAN အစည်းအဝေးများ တက်ရောက်ခွင့် မရှိ
ပြည်သူ့နှလုံးသားကို ဆွဲဆောင်နိုင်သော NUG ယာယီသမ္မတ ဒူဝါလရှီးလ