သတင်း

နိုင်/ကျဉ်းတချို့ နှိပ်စက်သတ်ခံရမှု အထောက်အထားများ ရထားဟု HRW ဆို

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းထားစဉ် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက နှိပ်စက်သတ် ဖြတ်သည့် ဓာတ်ပုံနှင့် ရုပ်သံအထောက်အထားများ ရထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch-HRW) က စက်တင်ဘာ ၁၃ရက်က ထုတ်ပြန်သည်။

ရထားသည့် အထောက်အထားများမှာ စစ်ကြောရေးတွင် သေဆုံးသူ ၆ဦးနှင့် ပတ်သက်၍ ဖြစ်ပြီး၊ ၎င်းတို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးခင်မောင်လတ် (၅၈ နှစ်)၊ ဦးဇော်မြတ်လင်း (၄၆ နှစ်) နှင့် ဦးသန်းထွန်းဦး (၄၈ နှစ်) ၃ ဦးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့ သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကဗျာဆရာ ခက်သီ (၄၃ နှစ်)၊ ဦးတင်မောင်မြင့် (၅၂ နှစ်) နှင့် ဦးကျော်ဆွေငြိမ်း (၅၅ နှစ်) တို့ ဖြစ်သည်။

ဦးကျော်ဆွေငြိမ်းသည် ဖမ်းဆီးခံရပြီး ၁ လကျော် အကြာတွင် သေဆုံးသွားခဲ့ရခြင်း ဖြစ်ပြီး ကျန် ၅ ဦးမှာ ၂၄ နာရီ အတွင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် ပတ်သက်လျှင် HRW က ယခုမှတ်တမ်းတင်ထားသည့် သေဆုံးသူ ၆ ဦးထက် ပိုဆိုးသည့် အဖြစ်အပျက် အများအပြား ရှိသေးကြောင်း ပြောသည် အဆိုပါအဖွဲ့မှ မြန်မာ့ သုတေသီ မန်နီမောင်ကပြောသည်။

HRW အနေဖြင့် အဆိုပါ သေဆုံးမှု ၆ မှုနှင့် သက်ဆိုင်သည့် သက်သေ ၁၀ ဦးအပြင် အခြားသူများကို အဝေးမှ တွေ့ဆုံ မေးမြန်းခြင်း၊ လူမှုကွန်ရက်မှ ရရှိထားသော ဓာတ်ပုံ ၄၀ နှင့် ဗီဒီယို ၅ ခုကို ပြန်လည်သုံးသပ်ခြင်း၊ ညှဉ်းပန်းနှိပ်စက် ခြင်း နှင့် ပတ်သက်သည့် ကျွမ်းကျင်သမားတော် ဒေါက်တာ Haar ၏ အမြင်ဆိုင်ရာ အထောက်အထားများကို လွတ်လပ်စွာ ဆေးဘက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ရယူခြင်းများ ပြုလုပ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ဦးထွန်းကြည်က အဆိုပါ လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် နောက်လိုက်နောက်ပါများကို နိုင်ငံတကာ ခုံရုံးများတွင် တရားစွဲဆိုပြီး အပြစ်ပေးနိုင်မှသာ မတရား သဖြင့် သတ်ဖြတ်ခံရသူများအတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “စစ်သွေးကြွအုပ်စုတွေကို အမြန်ဆုံးထိရောက်ပြီး လက်တွေ့ကျတဲ့ အပြစ်ပေးအရေးယူမှုတွေနဲ့ သူတို့ကို ဖမ်း ဝရမ်းထုတ်ပြီး နိုင်ငံတကာခုံရုံးကိုပို့ဖို့ အမြန်ဆုံးဆောင်ရွက်နိုင်မှသာလျှင် နစ်နာသူတွေအတွက် တရားမျှတမှုဆိုတာ ရလာမှာ ဖြစ်တယ်။ အဲဒီလို မဟုတ်ဘဲ ခြေလှမ်းတိုင်းက နှေးကွေးနေမယ်ဆိုရင် တိုက်တွန်းတောင်းဆို အကြံပြု ရှုတ် ချတာတွေပဲ လုပ်လာလေလေ လိုင်စင်ရ သားသတ်သမားတွေအတွက် သက်တမ်း တိုးပေးနေသလိုပဲ” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “ဒီထုတ်ပြန်တဲ့ ၆ ယောက်ဆိုတဲ့ အရေအတွက်က အရမ်းနည်းပါတယ်။ ထောင်နဲ့ချီသော ပြည်သူ လူထုကို စစ်ကြောရေးမှာ သတ်ဖြတ်တယ်။ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တယ်။ စစ်အာဏာ တည်တံ့ခိုင်မြဲရေး အတွက် အနှောင့်အသွားဖြစ်တဲ့၊ သူတို့ကို ဆန့်ကျင်အန်တုတဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လူအဖွဲ့အစည်းကိုမဆို သူ တို့က အပြတ်ရှင်းဖို့ သန္နိဋ္ဌာန် ချထားပြီးသား” ဟုလည်း မှတ်ချက်ပေးသည်။

HRW က ထုတ်ပြန်ထားသည့် ၆ ဦးအနက် မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ဆန္ဒပြရာ၌ ပါဝင်ခဲ့သည့် ဦးကျော်ဆွေငြိမ်း အား အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ထောက်လှမ်းရေးတပ်ဖွဲ့တို့က ၂၀၂၂ ဇန်နဝါရီ ၃၀ ရက်တွင် ၎င်း၏နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရပြီး ၁ လကျော်ကြာ မတ် ၉ ရက်တွင် ညောင်ဦးအကျဉ်းထောင်ရှိ ထောင်အရာရှိ ၁ ဦးထံမှ ဖုန်းဖြင့် မိသားစု ထံ ဆက်သွယ်စဉ် အသံအခြေအနေ ကောင်းမွန်ခဲ့သော်လည်း ၁၁ ရက်နေ့၌ ရုတ်တရက်မူးဝေပြီး သေဆုံးခဲ့သည်ဟု ဆိုကာ ထောင်အာဏာပိုင်များက မိသားစုထံ အကြောင်းကြားခဲ့သည်။

မြင်းခြံစစ်ကြောရေးစခန်းတွင် ၁၀ ရက်ကြာ အကျဉ်းချခံထားစဉ်က ဦးခေါင်းကို ပြင်းထန်စွာ ရိုက်နှက်ခံရသော်လည်း သေဆုံးချိန်၌ အလောင်းကို ခွဲစိတ်စစ်ဆေးပြီး နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်ဟု အာဏာပိုင်များဘက်က ဆိုသည်။ သို့သော် မိသားစုဝင်များ အနေဖြင့် အလောင်းအား ရင်ခွဲစစ်ဆေးသည့် အစီရင်ခံစာကို မရခဲ့ကြောင်း သိရသည်။

ဈာပနအခမ်းအနားမှ ဦးကျော်ဆွေငြိမ်း၏ ရုပ်ပုံများကို ပြန်လည်စစ်ဆေးပြီးရာ ဓာတ်ပုံ ၁ ပုံ၌ မျက်လုံးနှင့် နားတဝိုက် အပြင် ဦးခေါင်း၌ ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိရကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကိုယ်အလေးချိန် ပေါင် ၄၀၀ ခန့် ရှိသော နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူ အသက် ၄၈ နှစ်အရွယ် ဦးသန်းထွန်းဦးအား စက်တင်ဘာ ၂၆ ရက်က မန္တလေးမြို့တွင် ဖမ်းဆီးစဉ် ဒူးထောက်ရာ၌ နှေးကွေးသည် ဟုဆိုကာ ခြေထောက်ကို သေနတ်နှင့် ပစ်ခတ်ပြီး ဒူးထောက်စေခဲ့သည်။

အဖမ်းဆီး မခံရခင်က ကျန်းမာရေးကောင်းသူ ဖြစ်သော်လည်း နောက်တနေ့ စက်တင်ဘာ ၂၇ ရက်တွင် ရဲစခန်း၌ နှလုံးရောဂါနှင့် သေဆုံးသွားကြောင်း၊ ကိုဗစ်ပိုးတွေ့၍ အလောင်းကို ချက်ချင်း မီးသဂြိုဟ်ခဲ့ကြောင်းသာ မိသားစုကို အကြောင်းကြားခဲ့သည်။

ထို့အတူ ရွှေဘိုမြို့မှ ကဗျာဆရာ ခက်သီနှင့် မိသားစုဝင် ၂ ဦးကို ဖမ်းဆီးသွားပြီးနောက် မိသားစုဝင် ၂ ဦးကို ပြန်လွှတ် ပေးခဲ့သော်လည်း ကဗျာဆရာ ခက်သီကို နှလုံးရောဂါနှင့် သေဆုံးသွားသည်ဟု တာဝန်ကျအရာရှိက ပြောဆိုခဲ့သည်။

အလောင်းကို မိသားစုက ခွဲစိတ်စစ်ဆေးခွင့် ရသော်လည်း နေ့ချင်းသဂြိုဟ်ရန် ဖိအားပေးခံခဲ့ရသည်။ စစ်ဆေးချက်များ အရ ဦးခေါင်းတွင် ဒဏ်ရာရှိခဲ့ပြီး မျက်နှာညာဘက်ခြမ်းတွင် ပွန်းပဲ့ဒဏ်ရာများနှင့် နှာခေါင်းတွင် အမည်းစက်များ၊ ပေါင် တွင် လေးထောင့်ပုံစံ မီးလောင်ကျွမ်းရာတို့ကို တွေ့ရှိရကြောင်း သိရသည်။

အလားတူပင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နေ အသက် ၅၂ နှစ်ရှိ ဦးတင်မောင်မြင့်အား ၂၀၂၁ ဧပြီ ၄ ရက်တွင် ၎င်းနေထိုင်ရာ ကျေးရွာ၌ စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ပြီး နောက်တနေ့တွင် တကိုယ်လုံး ပေါက်ပြဲ၊ ရောင်ရမ်းနေ သကဲ့သို့ မျက်နှာမှာလည်း ညိုမည်းပြာနှမ်းနေခဲ့ကြောင်း သိရသည်။

ဓာတ်ပုံများကို ကြည့်ရှုအတည်ပြုသည့် ဒေါက်တာ Harr ကလည်း မီးလောင်ဒဏ်ရာကဲ့သို့ စုတ်ပြဲဒဏ်ရာများ၊ နဖူးတွင် နက်ရှိုင်းသော အပေါက်များ၊ မျက်နှာတွင် ညိုမည်းစွဲဒဏ်ရာများ တွေ့ရကြောင်း ပြောဆိုသည်။

ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကျေးဥက္ကဋ္ဌနှင့် NLD အဖွဲ့ဝင် အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်လတ်၏ နေအိမ်ကို မတ် ၆ ရက်တွင် စစ်တပ်နှင့်ရဲများ ရောက်လာကာ ထိုးကြိတ်ကန်ကျောက်၊ သေနတ်နှင့် ပစ်ခတ် ဖမ်းဆီးသွားပြီး နောက်နေ့ နံနက် ၈ နာရီ၌ နှလုံးရောဂါဖြင့် သေဆုံးသည်ဟု မိသားစုကို အကြောင်းကြားခဲ့သည်။

ခန္ဓာကိုယ်နှင့် ဦးခေါင်းပေါ်မှ ချုပ်ရိုးများအရ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ပြီး မျက်လုံးတဝိုက် အပါအဝင် ခန္ဓာကိုယ် အနှံ့ ညိုမည်းပြာနှမ်းကာ အစ္စလာမ်ဘာသာထုံးစံအရ ခန္ဓာကိုယ်ကို ဆေးကြောစဉ် ခန္ဓာကိုယ်အနှံ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရသည့်အပြင် နှာခေါင်း၊ နားတို့မှ သွေးများ ယိုစိမ့်နေဆဲ ဖြစ်ကြောင်း သိရ သည်။

ဒေါက်တာ Harr က ဓာတ်ပုံ ၉ ပုံနှင့် ဗီဒီယို ၁ ပုံကို စစ်ဆေးကြည့်ရာတွင် ဆေးဘက်ဆိုင်ရာ အလေ့အကျင့်နှင့် မညီ သည့်အပြင် ကျွမ်းကျင်မှု မရှိသော ခွဲစိတ်မှုအခြေအနေများကိုပါ တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်းသည် ၂၀၂၁ မတ် ၉ ရက်တွင် စစ်တပ်နှင့် ရဲ များက လာရောက်ဖမ်းဆီးစဉ် ခြံစည်းရိုးမှ ခုန်ချထွက်ပြေးခဲ့သော်လည်း မလွတ်မြောက်ဘဲ ဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ ခုန်ချစဉ်က ဒဏ်ရာ မရခဲ့သော်လည်း နောက်တနေ့တွင် အလောင်းလာယူရန် စစ်တပ်က အကြောင်းကြားခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်ကို ဖော်ပြထားသည့် ဓာတ်ပုံ ၁၂ ပုံနှင့် ဗီဒီယို ၂ ခုကို ပြန်လည်သုံးသပ်ခဲ့သည့် ဒေါက်တာ Haar က မျက်နှာနှင့် ခန္ဓာကိုယ်သို့ လောင်ကျွမ်းစေသည့် အရည်များ လောင်းချခံခဲ့ရသည့် ဒဏ်ရာများ တွေ့ရကြောင်း ပြော သည်။

အစီရင်ခံစာတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မှားယွင်းစွာ အကျဉ်းချ ခြင်း အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက် ခဲ့ကြောင်းနှင့် ယင်းတို့အား မသိကျိုးကျွံပြုပြီး စုံစမ်းစစ်ဆေးခြင်း၊ အရေးယူခြင်းမျိုးများလည်း မလုပ်ကြောင်း HRW က ဆိုထားသည်။

သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဒါဇင်များစွာ အပါအဝင် လူပေါင်း ၈၀၀၀ ကျော်ကို မတရားဖမ်းဆီး ထိန်း သိမ်းခံထားရသည့် ယုံကြည်ရလောက်သော အစီရင်ခံစာများကို လက်ခံရရှိထားကြောင်းလည်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ၂၀၂၁ အောက်တိုဘာလတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း Michelle Bachelet ကလည်း သေဆုံးမှု အနည်းဆုံး ၂၁ ရာခိုင်နှုန်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားစဉ် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယုံကြည်ရလောက်သည့် အစီရင်ခံစာများကို ကိုးကားပြီး ပြောကြားထားသည်။

You may also like these stories:

ဂျပန်လေ့ကျင့်ပေးသည့် မြန်မာဗိုလ်ချုပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်

အတုယောင် တရားရုံးကို အသုံးချ၍ သတ်ဖြတ်ခဲ့သော ဥပဒေမဲ့ လူသတ်မှု

ဖမ်းဆီးသွားပြီး ရုပ်အလောင်းပါ ဖျောက်ခံလိုက်ရသည့် မန္တလေးက ကိုသန်းထွန်းဦး

Loading