သတင်း

အမျိုးသမီးများကို စစ်မြေပြင်လွှတ်ရန် စစ်ကောင်စီ ကြံစည်

ထိခိုက်၊ သေဆုံး၊ ဘက်ပြောင်းမှုများကို အကြီးအကျယ် ရင်ဆိုင်နေရသော စစ်ကောင်စီသည် အမျိုးသမီးများကို စစ်မြေပြင်သို့ စေလွှတ်ရန် ပြင်ဆင်နေသည်။

တနင်္လာနေ့ထုတ် စစ်ကောင်စီပိုင် မြဝတီသတင်းစာမှ စစ်သည်စုဆောင်းသည့် ကြော်ငြာတခုတွင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အိမ်ထောင်မရှိသူ အမျိုးသမီးများကို စစ်မှုထမ်းရန် ဖိတ်ခေါ်ထားသည်။

ထိုသို့လျှောက်ထားသူများကို သင်တန်း ၄ လ ပေးပြီး ကြည်းတပ်၊ လေတပ်၊ ရေတပ်များတွင် တပ်သားအဖြစ် စစ်မြေပြင် အထောက်အကူပြု တာဝန်များ ပေးအပ်မည်ဟု ဖော်ပြထားသည်။

လျှောက်ထားသူများသည် ယခင်သတ်မှတ်ချက်အတိုင်း ဘွဲ့ရရန် မလိုသော်လည်း ခန္ဓာကိုယ်အလေးချိန် ၄၅ ကီလိုဂရမ်အောက် (ပေါင် ၁၀၀ နီးပါး) တွင် ရှိရန်လိုသည်။

ယခင်ကလည်း အမျိုးသမီးစစ်သည်များကို ကယားပြည်နယ်အပါအဝင် ရှေ့တန်းစစ်မျက်နှာ အများအပြားတွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။ ကယားပြည်နယ်တွင် စစ်ကောင်စီက အမျိုးသမီးများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် သုံးခဲ့သည်။

စစ်ကောင်စီသည် စစ်သားစုဆောင်းရန် ရုန်းကန်နေရပြီး စစ်တက္ကသိုလ်များသို့ တက်ရောက်မည့် လူအရေအတွက်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး ထိုးစိုက်ကျဆင်းနေသည်။

စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်နှင့် စစ်ဆေးတက္ကသိုလ်များတွင် အသက်ကန့်သတ်ချက်များကို ဇွန်လမှ စတင်ပြီး ၁၈ နှစ်ခွဲအထိ တိုးမြှင့်သတ်မှတ်ထားရသည်။

စစ်ကောင်စီသည် အင်အားတိုးချဲ့ရန် အရာရှိဇနီးများ စစ်သင်တန်းတက်ရန်နှင့် စစ်တပ်ထောက်ခံသူများ၊ စစ်တပ်နှင့် ပတ်သက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်သားဟောင်းများဖြင့် ခါးပိုက်ဆောင် ပျူစောထီးတပ်များ ဖွဲ့စည်းရန် အမိန့်ထုတ်ထားသည်။

စစ်ကောင်စီသည် တိုက်ပွဲအတွေ့အကြုံရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် လက်နက်ကိုင် အင်အားစုသစ်များနှင့် တိုက်ပွဲများတွင် အကြီးအကျယ် သေဆုံးထိခိုက်နေသည်။

အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အဆိုအရ NUG က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်ကြေညာပြီးနောက် စစ်သား ၂၀,၁၅၀ ဦး သေဆုံးပြီး နောက်ထပ် ၇,၀၀၀ ကျော် ဒဏ်ရာရသည်ဟု သိရသည်။

စစ်ကောင်စီ၏ အင်အားမှာ ၂၀၂၁ ခုနှစ်အစောပိုင်းက ၃ သိန်းနှင့် ၃ သိန်းခွဲကြားရှိသည်ဟု သိရပြီး လက်ရှိအချိန်တွင် အင်အား ၂ သိန်းရှိပြီး ၁ သိန်းမှာ စစ်မြေပြင်စစ်သားများဖြစ်သည်ဟု ခန့်မှန်းရသည်။

You may also like these stories:

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

နွေဦးတော်လှန်ရေးထဲက အမျိုးသမီး စစ်သည်တော်များ

အာဏာရှင်ကို အမြစ်ဖြတ်ချင်တဲ့ အမျိုးသမီး PDF ကွန်မန်ဒိုများ

Loading