ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ပြည်တွင်းဆန့်ကျင်မှု ကြီးမားလာနေပြီး နိုင်ငံမှ မြူနီစပယ် ခေါင်းဆောင်များက သူနုတ်ထွက်ပေးရန် တောင်းဆိုကြသလို သူ့ကိုသစ္စာခံသည့် ရုပ်သံဝါဒ ဖြန့်ချိရေးသမားများကလည်း ဆန့်ကျင်လာသည်။
ယူကရိန်းသည် နိုင်ငံအရှေ့မြောက်ပိုင်းမှ ရုရှားတပ်များကို ပြန်လည်တိုက်ထုတ်နေပြီး ကျူးကျော်ရေးတပ်များ သိမ်းပိုက်ထားသည့် ကျယ်ပြန့်လှသော နယ်မြေများကို ပြန်လည်ရယူလိုက်သောကြောင့် ကရင်မလင်နန်းတော်အတွက် သိက္ခာကျဆင်းရသော ထိုးနှက်ချက် ဖြစ်လာသည်။
ယခုအခါ မော်စကိုနှင့် စိန့်ပီတာစဘတ်ရှိ မြူနီစပယ်ခရိုင် ၁၈ ခုမှ ကိုယ်စားလှယ်များက ရုရှားသမ္မတ နုတ်ထွက်ပေးရန် စာတစောင်ကို စုပေါင်းလက်မှတ်ရေးထိုးကြသည်။
“ရုရှားသမ္မတ ပူတင်၏ လုပ်ရပ်များသည် ရုရှားနှင့် ရုရှားနိုင်ငံသားများ၏ အနာဂတ်ကို ဖျက်ဆီးနေသည်ဟု မိမိတို့ ရုရှား မြူနီစပယ် ကိုယ်စားလှယ်များ ယုံကြည်သည်” ဟု ထိုစာတွင် ဖော်ပြထားပြီး စာကို စိန့်ပီတာစဘတ်မှ ဆီမန်နော့စကီးခရိုင် ဒေသဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ခဆန်နီယ သောစထရွန်းက အွန်လိုင်းတွင် တင်သည်။
တချိန်တည်းတွင် ရုရှားအစိုးရ ရုပ်သံသို့ ဖိတ်ခေါ်ခံရသူတဦးက ယူကရိန်းကျူးကျော်စစ်ကို ဝေဖန်ပြီး ယူကရိန်းကို ချေမှုန်းမရကြောင်း ယခင်က မပြောရဲသည်များကို ပြောဆိုသဖြင့် ဗြိတိန်မှ တယ်လီဂရပ်ဖ် သတင်းစာက ထိုဖြစ်ရပ်သည် ထူးခြားသော ခွင့်ပြုချက်ရ ဝေဖန်မှု ဖြစ်ကြောင်း ပြောသည်။
ထိုသတင်းသုံးသပ်သူက လွန်ခဲ့သော သီတင်းပတ်ကုန်က ရုပ်သံဆွေးနွေးခန်းတွင် ငြိမ်းချမ်းရေး တောင်းဆိုခဲ့သည်။
“ယူကရိန်းက ရုရှားစစ်ဆင်ရေးတွေဟာ အခုအကျပ်အတည်း ကျရောက်နေပြီး ပြဿနာတွေ အများကြီးရှိနေတယ်” ဟု ရုရှား စစ်ရေးခွဲခြမ်းစိတ်ဖြာလေ့လာသူ မစ္စတာ ပါဗယ် ဖယ်လ်ဂျန်ဟောရားက ပြောသည်။
စစ်ရေးအားထုတ်မှုများ တစတစ ပျက်စီးယိုယွင်းလာခြင်းကို မည်သို့တုံ့ပြန်ရမည်နှင့် ပတ်သက်ပြီး မော်စကိုတွင် စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်။
“ရုရှားအစိုးရအတွက် ဝါဒဖြန့်ချိပေးသူတွေကလည်း ရုရှားပြည်သူတွေကို ရှင်းပြဖို့ ပြဿနာရှိနေတယ်” ဟု ABC ရေဒီယိုသို့ ဗုဒ္ဓဟူးနေ့တွင် ၎င်းက ပြောသည်။
ရုရှားသည် ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အဓိကခံတပ်မြို့မှ ဆုတ်ခွာပေးခဲ့ရပြီး စစ်ပွဲစတင်ပြီးနောက် အဆိုးရွားဆုံး ရှုံးနိမ့်မှုကို ရင်ဆိုင်ရသည်။ ယူကရိန်းတပ်များသည် မြို့ဒါဇင်ပေါင်းများစွာကို ပြန်လည်သိမ်းပိုက်ပြီး စစ်မြေပြင်အခြေအနေကို တုန်လှုပ်စရာကောင်းလောက်အောင် ပြောင်းလဲသွားစေသည်။
နယ်မြေများ ပြန်လည် သိမ်းပိုက်နိုင်ခြင်းသည် ယူကရိန်းတပ်များအတွက် စိတ်အားတက်စရာ ဖြစ်သော်လည်း ၎င်းတို့၏ အောင်မြင်မှုသည် အဆုံးအဖြတ်ပေးနိုင်သည့် အောင်မြင်မှု မဟုတ်သေးကြောင်း မစ္စတာ ဖယ်လ်ဂျန်ဟောရားက သတိပေးသည်။
ရာသီဥတုပြောင်းလဲလာပြီး ဖြစ်လာသည့် ရွံ့နွံထူသည့် အခြေအနေများကြောင့် ရုရှားသည် အင်အား ပြန်လည်စုစည်းရန် အချိန်ရသွားမည်ဖြစ်ကြောင်း သူကပြောသည်။
ရုရှားပြည်သူများ စတင်မေးခွန်းထုတ်လာ
စစ်ရေးခွဲခြမ်းစိတ်ဖြာ လေ့လာသူ မစ္စတာ ဖယ်လ်ဂျန်ဟောရားက ရုရှားပြည်သူများသည် စစ်ပွဲအနိုင်ရမှသာ မြင့်မားသော ထိခိုက်သေဆုံးမှုများကို မေးခွန်းမထုတ်ဘဲနေမည်ဖြစ်ကြောင်း ပြောသည်။
ရုရှားတွင် ပူညံပူညံဖြစ်လာသော ပြည်သူလူထု၏ စကားများနှင့် ခံစားချက်များအရ အောင်ပွဲခံမည့် အလားအလာနည်းလာပြီး ထိုသို့ဖြစ်ခြင်းသည် အခြေအနေကို တဆစ်ချိုးပြောင်းလဲသွားစေနိုင်ကြောင်း မစ္စတာ ဖယ်ဂျန်ဟောရားက ABC သို့ ပြောသည်။
“ရုရှားပြည်သူတွေက မေးခွန်းတွေ စတင်ထုတ်လာကြပြီ၊ ရုရှားအစိုးရအတွင်းပိုင်းမှာ ကြီးမားတဲ့ ပြဿနာရှိနိုင်တယ်” ဟုလည်း သူကပြောသည်။
ဝါရှင်တန် ဒီစီအခြေစိုက် သမိုင်းဆရာ ဆာဂေး ရက်ချန်ကိုသည် ထိုစစ်ပွဲကို အနီးကပ် စောင့်ကြည့်နေပြီး ယခုကဲ့သို့ တပ်များဆုတ်ပေးရသောကြောင့် သမ္မတ ပူတင် အာဏာလက်လွှတ်ဆုံးရှုံးရမည်မဟုတ်ဟု မြင်သည်။
“ကျနော်ကတော့ အဲဒီလို မမြင်သေးဘူး။ စစ်ပွဲ စတင်ကတည်းက အစိုးရအဆင့်မြင့်အရာရှိ တယောက်မှ နုတ်ထွက်မသွားသေးဘူး” ဟု သူက ABC သတင်းဌာန၏ RN Breakfast အစီအစဉ်သို့ ဗုဒ္ဓဟူးနေ့တွင်ပင် ပြောသည်။
“ပြည်သူလူထုထဲမှာ စိုးရိမ်စိတ်တွေဖြစ်နေပြီး စိတ်ရှုပ်နေပြီ၊ ဒါပေမယ့် ပူတင် အာဏာ လက်လွှတ်ရလောက်အောင်တော့ ဖြစ်မလာသေးဘူး” ဟု ၎င်းကပြောသည်။
ဒေသဆိုင်ရာနိုင်ငံရေးသမား ၁၈ ဦးက သမ္မတ ပူတင် နုတ်ထွက်ရန် တောင်းဆိုသည်ကို ဆာဂေး ရက်ချန်ကိုက မှတ်ချက်ချ ပြောကြားသော်လည်း ထိုကိစ္စသည် ထူးထူးခြားခြား အရေးမကြီးကြောင်း ပြောသည်။
“သူတို့ တောင်းဆိုစာရေးတာက ဟုတ်တယ်၊ ဒါပေမယ့် ထူးထူးခြားခြားရလဒ် ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။
ရုရှားက ယူကရိန်း ပိုင်နက် ၅ ပုံ ၁ ပုံကို ထိန်းချုပ်ထားဆဲ
ယူကရိန်း စစ်တပ်သည် တောင်ပိုင်းနှင့်အရှေ့ပိုင်းကို ထိုးစစ်ဆင်နေသော်လည်း ရုရှားတပ်များသည် ယူကရိန်းနိုင်ငံ ၅ ပုံ ၁ ပုံကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။
မကြာသေးမီကရရှိသော အောင်မြင်မှုများကို အသုံးချပြီး ယူကရိန်း သမ္မတ ဇယ်လန်စကီးက အခြားနိုင်ငံများအနေဖြင့် လက်နက်များ အလျင်အမြန်ပေးပို့ရန် ပြောပြီး ရုရှားခြိမ်းခြောက်မှုကို ချေမှုန်းရေးအတွက် ယူကရိန်း၏ မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းအောင်လုပ်ရန် ဗီဒီယိုမိန့်ခွန်းမှတဆင့် တောင်းဆိုသည်။
အရှေ့မြောက်ပိုင်းမှ ခါကိဗ် ဒေသတခုလုံးနီးပါးကို ပြန်လည် သိမ်းပိုက်နိုင်သောကြောင့် ယူကရိန်းတပ်များသည် မကြာမီ အနီးရှိ လူဟန့်စ်နှင့် ဒွန်နက်စ်သို့ ရောက်သွားနိုင်သည်။ ထိုနေရာများသည် ရုရှားက ခွဲထွက်ရေးသမားများ နယ်မြေချဲ့ထွင်ရန် ၂၀၁၄ ခုနှစ်ကတည်းက တပ်အင်အား စုစည်းထားသော နေရာဖြစ်သည်။
လူဟန့်စ်မှ ယူကရိန်း အုပ်ချုပ်ရေးမှူး မစ္စတာ ဆာဟေး ဂိုင်ဒိုင်က ယူကရိန်းတပ်များသည် ဒွန်နက်စ်မြောက်ပိုင်းမှ လီမင်မြို့ကို ပြန်လည် သိမ်းယူလိုက်ကြောင်း ပြောသည်။
ကိုးကား။ ။ Reuters သတင်း GAME CHANGER’: Calls for Putin to resign as Russia retreats
You may also like these stories:
ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ
ယူကရိန်း အရှေ့ပိုင်းက ရုရှားတပ်များ ဆုတ်ပြေး
မရှင်းမလင်း တင်သွင်းလာနေတဲ့ ရုရှားက စက်သုံးဆီ
ယခင်စစ်အုပ်စုကဲ့သို့ စစ်ကောင်စီလည်း နျူလက်နက် ပိုင်ဆိုင်လို