သတင်း

ဆီမီးခုံနယ်က ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ် ကျေးရွာများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ဆီမီးခုံနယ် ကန်နီ၊ ကျောက်ကုန်း၊ ပင်လယ်၊ ငါ့နန်း၊ ရွာရှည်၊ ကတော၊ ကုလ၊ မိုးတောင်၊ ဖောင်းကတော၊ ကြည်ရွာ၊ ဖရင်း၊ ဆီမီးခုံ၊ ဖက်ပင်အိုင်၊ ဂင်ဂဲ စသည့် ကျေးရွာများမှ ဒေသခံများဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်နှင့် ၁၂ ရက်များတွင် ဆီမီးခုံနယ်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး ၉ ဦးထိ သတ်ဖြတ်ခံရသောကြောင့် ယင်းကျေးရွာများအတွင်း ဝင်ရောက် ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ်နေသလို ဆီမီးခုံမြို့တွင် ည ၈ နာရီမှ နံနက် ၅ နာရီထိ ညမထွက်ရ အမိန့်ထုတ်ထားကြောင်းလည်း ဒေသခံများက ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆီမီးခုံဒေသခံတဦးက “ဆီမီးခုံရဲ့ လက်ရှိ အခြေအနေက ဘယ်နေ့ ကိုယ့်အလှည့်ကျ မလဲဆိုတဲ့ အတွေးနဲ့ နေနေရတယ်။ ရွာတွေကို စိတ်ထင်တိုင်း ဝင်ဖမ်းနေကြတာပဲ။ သိရသလောက် သူတို့လူတွေ အသတ် ခံထားရတော့ ရွာတွေမှာ သင်္ကာမကင်း သံသယရှိရင်ကို ဖမ်းခေါ်နေကြတာပဲ။ မနေ့က ရေတပ်ကအဖွဲ့တွေ တပ်စွဲထားတဲ့ ဆိပ်ကမ်းဘက်ကနေ သေနတ်တွေ ပစ်ဖောက် ဝင်လာပြီးတော့ ကတောက အမျိုးသမီး ၂ ဦးနဲ့ မိုးတောင်ရွာသား ၁ ဦးကို လည်း ဖမ်းသွားသေးတယ်။ လက်ရှိ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြင်းခြံမြို့နယ်အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦး၏ ပြောပြချက်အရ ဆီမီးခုံဒေသတွင် ညမထွက်ရ အမိန့်ကို မြို့နယ်အဆင့်က ထုတ်ပြန်ခြင်း မဟုတ်ဘဲ လုံခြုံရေးလိုအပ်ချက်အရ ဒေသအုပ်ချုပ်ရေးအဖွဲ့ကသာ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆီမီးခုံဒေသသည် မြင်းခြံမြို့နယ်အတွင်း၌ တည်ရှိပြီး ဆီမီးခုံရေနက်ဆိပ်ကမ်းလည်းရှိကာ ၂၀၁၈ ခုနှစ် သြဂုတ် ၁၀ ရက် တွင် ရပ်ကွက် ၄ ခု ပါဝင်သော ဆီမီးခုံမြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက “ဆီမီးခုံ လောင်းကစားဝိုင်းကနေ ကြည်ရွာဘက်ကို ပြန်လာတဲ့ ဗိုလ်ကြီးအောင်ကိုကိုနဲ့ နောက်လိုက် ၁ ယောက် သတ်ခံရတယ်။ ပြီးတော့ ဆုံရွာက စစ်ကောင်စီ အားကိုးနဲ့ မိုက်ကြေးခွဲနေတဲ့ ပျူတွေ၊ ဖောင်းက တောရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ပျူတွေ ဒီရက်ပိုင်းထဲမှာ ရှင်းလင်းခံလိုက်ရတယ်။ အဲဒါကြောင့် အခုလို ရွာ တွေ ဝင်မွှေပြီး ဖမ်းချင်တဲ့သူတွေကို ဖမ်းနေကြတာပဲ။ ကျနော်တို့ သိရသလောက်ကတော့ သူဌေးတွေ အပါအဝင် ဒေသခံ ၄၀ ကျော် အဖမ်းခံထားရတယ်” ဟု ရှင်းပြသည်။

အဆိုပါ ဒေသခံ ၄၀ ကျော်အား တပ်မ ၉၉ လက်အောက်ခံ မြင်းခြံအခြေစိုက် ခမရ (၁၅) တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကိုသာသိရပြီး နောက်ဆက်တွဲ သတင်းများအား ထပ်မံစုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ပြန်လည်လွတ် မြောက်လာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာ ၉ ရက်ကလည်း Wave Money၊ Kpay တို့ဖြင့် ငွေလွှဲငွေထုတ် လုပ်ငန်းလုပ်နေသူများနှင့် ဟိုတယ်၊ တည်းခို ခန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို ခမရ (၁၅) တပ်တွင်းသို့ အစည်းအဝေးခေါ်ယူပြီး ငွေလွှဲငွေထုတ်သူများ၊ တည်းခိုနေထိုင် သူများ၊ အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဖုန်းနံပါတ်များအား တပတ်တခါ ပေးပို့ရန် ဖိအားပေး ခြိမ်း ခြောက်မှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီဝင်တဦးက “အဓိကက လောင်းကစားဝိုင်း ရောက်တတ်တဲ့သူတွေကို သံသယနဲ့ ဖမ်းတာ မျိုး။ ပြီးတော့ ငွေကြေးချမ်းသာတဲ့သူတွေကိုလည်း ဖမ်းတယ်။ ဒါကတော့ ရှင်းပါတယ်။ ငွေညှစ်ချင်လို့ပေါ့။ ၉ ရက်နေ့က လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဒုတိုင်းမှူး မြင်းခြံတပ်ထဲကို ရောက်လာပြီး ဒေသခံလုပ်ငန်းရှင်တွေနဲ့ အစည်း အဝေး လုပ်သွားသေးတယ်။ အဲဒီမှာ မြန်မာနိုင်ငံမှာ ရဟန်းသံဃာ ၅ သိန်းကျော် ရှိတယ်။ PDF တွေက ရဟန်းသံဃာတွေ ကိုပါ သတ်ဖြတ်နေလို့ လူထွက်ပြီး PDF တွေကို တိုက်ချင်နေကြလို့ စစ်တပ်က တားနေထိန်းနေရတဲ့အကြောင်းနဲ့ ဒီနှစ်ကုန် ရင် ပွဲပြီးပြီလို့ အောက်ခြေစစ်သားတွေ ထွက်မပြေးအောင် စိတ်ဓာတ်စစ်ဆင်ရေးစကားတွေ ပြောခဲ့တယ်လို့ သိရတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ ကြည်ရွာဘက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ဗိုလ်ကြီး အောင်ကိုကိုနှင့် နောက်လိုက် ၁ ဦးကို ဆီမီးခုံမြို့နှင့် ကြည်ရွာကြား၌ မြင်းခြံခရိုင်တပ်ရင်း (၆) နောင်ရိုးအထူး ပြောက်ကျားတပ်-NYSGF၊ မြင်းခြံခရိုင် တပ်ရင်း (၂) MGN Tiger၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း (၃) Scorpion နှင့် Bagan Nyaung Oo PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဗိုလ်ကြီးအောင်ကိုကို ကိုင်ဆောင်သော MA5 MK2 သေနတ် ၁ လက်၊ ကျည် ၇ တောင့်၊ ငွေကျပ် ၃ သိန်း၊ ဖုန်း ၂ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၁၀ နေ့လယ် ၁၂ နာရီခွဲခန့်တွင်လည်း နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF၊ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpion ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီ လက်အောက်ခံ ဆုံရွာမှ တင်ထွန်း ဝေ၊ ထွန်းထွန်းဝင်း၊ နန္ဒ ဆိုသည့် ပျူစောထီး ၃ ဦးကို ဆီမီးခုံနှင့် နဘူးအိုင်လမ်းပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦး သေ ဆုံးကာ ၁ ဦး လွတ်မြောက်သွားကြောင်း NYSGF က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဖောင်းကတောကျေးရွာမှ ပျူစောထီးအဖွဲ့အား နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊ Zarmani MMU၊ မြောင် တပ်ခွဲ၊ မီးနဂါး NZN Revolution Force၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်ရှင်းလင်းရာ ငါန်းဇွန် နယ် ပျူစောထီးခေါင်းဆောင် ငမိုး၊ လှဟန်၊ နွဲ့ဆိုး၊ အံ့ကျော်၊ လှဆန်း၊ မိပြုံးတို့ ဝိုင်းဖွဲ့ပြီး အစည်းအဝေးလုပ်နေချိန် အလစ် အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ပျူခေါင်းဆောင်ငမိုး ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်သူများ သေဆုံးခဲ့ကြောင်း လည်း ဆိုထားသည်။

ယင်းဖြစ်စဉ်များအတွင်း စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ ဧရာဝတီ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

စက်တင်ဘာ ၁၃ ရက် ညပိုင်းကလည်း ရေလည်သောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ ကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီးနောက် စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတွင် ကုလကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကားအသေး ၂ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် ရောက် ရှိလာပြီး ဒေသတွင်း ပျူစောထီးများနှင့်အတူ ဒေသခံပြည်သူများအား လိုက်လံဖမ်းဆီးလျက် ရှိကြောင်း သိရသည်။

Loading