စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် အဖမ်းဆီးခံ ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်အား သေဒဏ်ပေးနိုင်သည့် စွဲချက်တခုကို စစ်ကောင်စီက စွဲတင်ခဲ့သည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဝေမိုးနိုင်ကို လွန်ခဲ့သောနှစ် ဧပြီလက စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုတွင် ဖမ်းဆီးပြီးနောက် စစ်ကိုင်းတိုင်း၊ မုံရွာထောင်တွင် ဖမ်းဆီးထားသည်။ သူသည် အခြားစွဲချက် အများအပြားကိုလည်း ရင်ဆိုင်နေရပြီး လှုံ့ဆော်မှု ၅ မှုအတွက် လွန်ခဲ့သောလက ထောင် ၁၀ နှစ် ချခံထားရသည်။
မုံရွာတွင် ဆန္ဒပြပွဲများ ဦးဆောင်ခြင်းနှင့် စစ်ကောင်စီက မတရားအသင်း ကြေညာထားသည့် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် ဆက်သွယ်ခြင်းတို့အတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂ ဖြင့် စစ်ကောင်စီက သူ့ကို သြဂုတ်လ ၂၆ ရက်နေ့တွင် စွဲဆိုခဲ့ကြောင်း သူ၏မိခင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ပုဒ်မ ၁၂၂ သည် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် သေဒဏ် သို့မဟုတ် တသက်တကျွန်း ချမှတ်ခံရနိုင်သော ပုဒ်မ ဖြစ်သည်။
သူ၏ရှေ့နေများအနက် မည်သူမျှ တရားရုံးသို့ လာရောက်နိုင်ခြင်း မရှိသောကြောင့် ကိုဝေမိုးနိုင်သည် တရားရုံးတွင် သူ့ကိုယ်သူ ခုခံကာကွယ်ရသည်။ စစ်ကောင်စီက ထိုရှေ့နေများကို ဖမ်းဝရမ်း ထုတ်ပြီး တလအကြာတွင် သူ၏ ရှေ့နေတဦး ဖမ်းဆီးခံရပြီး အခြားတဦးသည် ထွက်ပြေး ပုန်းအောင်းနေရသည်။
သူသည် လူသတ်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု၊ အသရေဖျက်မှုနှင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေများဖြင့်လည်း တရားစွဲခံထားရသည်။
ယခုနောက်ဆုံး စွဲချက်အတွက် ရုံးချိန်းကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ချိန်းထားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၂,၂၇၃ ဦးကို သတ်ဖြတ်ထားသော စစ်ကောင်စီသည် နိုင်ငံကို ထိန်းချုပ်နိုင်ရေး ကြိုးစားရာတွင် အတိုက်အခံများကို ခြိမ်းခြောက်ရန် သေဒဏ်များကို အသုံးပြုနေသည်။
စစ်ကောင်စီသည် ဝါရင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ဦးကို ဆယ်စုနှစ် ၄ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လတွင် ကြိုးပေးကွပ်မျက်သည်။ ၎င်းတို့ကို ဇန်နဝါရီလက သေဒဏ် ချမှတ်ခြင်းဖြစ်သည်။
အခြားကွပ်မျက်ခံရသူ ၂ ဦးမှာ စစ်ကောင်စီဒလန်ဟု ယူဆရသည့် အမျိုးသမီးတဦးကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ဖြစ်သည်။
အခြားနိုင်ငံရေး အကျဉ်းသား အများအပြားလည်း စစ်ကောင်စီတရားရုံးများကချမှတ်သည့် သေဒဏ်ကို ရင်ဆိုင်နေရသည်။
You may also like these stories:
ကွပ်မျက်မှုများကြောင့် မြန်မာကို ပိတ်ဆို့အရေးယူရန် ဖိအားပိုလာ
ကြီးကျယ်မြင့်မြတ်တဲ့ သေဆုံးခြင်းများစွာနဲ့ နိုင်ငံတော်
ကြိုးပေးခံရတဲ့ လှိုင်သာယာက အညတရ သူရဲကောင်းနှစ်ဦး
ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို
မြန်မာ့ကွပ်မျက်မှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ
မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း