“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ခေါင်းဆောင်သစ်များနှင့် ရက္ခိုင်စစ်တပ် (AA) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်တို့ မကြာသေးသည့် ရက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ကြသည်။
အသက် ၄၁ နှစ်အရွယ်ရှိ ဗိုလ်မှူးချုပ် ညိုထွန်းအောင်သည် ၎င်းနှင့် အသက်အရွယ်တူသည့် UWSA ဒုတိယ ဒုတပ်မှူးကြီး ဖြစ်သူ ပေါက်ကျွိန်းဖင်းဦးဆောင်သည့် ခေါင်းဆောင်သစ်များနှင့် တွေ့ဆုံရန် ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမှ မိုင်းလားမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ပေါက်ကျွိန်းဖင်း (ခ) ဦးပေါက်အိုက်ချန်သည် UWSA ဥက္ကဌ ဦးပေါက်ယူချန်း၏ တူဖြစ်ပြီး ဩဂုတ်လထဲတွင် UWSA ဒုစစ်ဦးစီးချုပ် ရာထူးမှ ဒုတိယ တပ်မှူးကြီးအဖြစ် ရာထူးတက်လာသူလည်း ဖြစ်သည်။ ၎င်းကဲ့သို့ပင် ဦးပေါက်ယူချန်း၏ သားဖြစ်သူ အသက် ၃၀ ကျော်အရွယ်ရှိ ဦးပေါက်အိုက်ခမ်းသည်လည်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တွင် အတွင်းရေးမှူးအဖြစ် ရာထူးတိုးထားသည်။
၎င်းတို့သည် မြန်မာဘာသာစကားနှင့် တရုတ်ဘာသာစကားကို ကောင်းစွာပြောနိုင်သည့် ပညာတတ် “ဝ” ခေါင်းဆောင်များ ဖြစ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူအချို့က ဆိုသည်။ “ဝ” ခေါင်းဆောင်သစ်များအား AA ဒုဦးစီးချုပ် လာရောက်တွေ့ဆုံမှုမှာ UWSA ဘက်က ဖိတ်ကြားမှုကြောင့်လည်း ဖြစ်သည်။
တွေ့ဆုံပွဲ၏ရည်ရွယ်ချက်မှာ ရာထူးတိုးမြှင့် ခန့်ထားသော “ဝ” စစ်ဖက် ထိပ်တန်းအရာရှိသစ်များကို ညီနောင် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တိုက်ရိုက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်အပါအဝင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု တည်ဆောက်ရန် ရည်ရွယ် ကြောင်း “ဝ” ဒေသတွင်းမှလာသည့် သတင်းများအရသိရသည်။
လက်ရှိတွင် AA သည် အာဏာသိမ်းစစ်ကောင်စီဥက္ကဌ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိဘဲ ရခိုင်ပြည်နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်နေရသည့်အပြင် စစ်ကောင်စီတပ်၏ လေကြောင်းအင်အားသုံး ဗုံးကြဲတိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရသည်။
ထို့ကြောင့် လေကြောင်းအင်အားအလွန်အကျွံ သုံးသည့် စစ်ကောင်စီတပ်ကို ရင်ဆိုင်နိုင်ရန် AA အနေနှင့် UWSA ထံမှ စစ်နည်းဗျူဟာနှင့် လေယာဉ်ပစ်လက်နက်များ အကူအညီတောင်းနိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။

AA ဒု စစ်ဦးစီးချုပ်နှင့် “ဝ” ခေါင်းဆောင်အသစ်များ မိုင်းလားတွင် တွေ့ဆုံခဲ့သည့် ကိစ္စကို ပိုမိုသိရှိနိုင်ရန် UWSA လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းအနေနှင့် အထက်အရာရှိများထံ မေးမြန်းရဦးမည်ဟုသာ အကြောင်းပြန်သည်။
“ဝ” ခေါင်းဆောင်အသစ်များသည် အခြားသော မြောက်ပိုင်းမဟာမိတ် ညီနောင်လက်နက်ကိုင်အဖွဲများဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သတင်းထွက်နေလျှက်ရှိသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲကတော့ အဖွဲ့အစည်းတိုင်းမှာရှိကြပါတယ်။ လူငယ်ပိုင်းအပြောင်း အလဲပေါ့။ တချို့ကြတော့လည်း ခေါင်းဆောင်တွေက အသက်ကြီးလာလို့ လူငယ်တွေကို ပြန်ပြီးခန့်အပ်တာ အဲဒီလိုမျိုးတော့ရှိတာပေါ့။ အခုလက်ရှိကို ကြည့်မယ်ဆိုရင် တာဝန်ထမ်းဆောင်နေတာက အသက်ကြီးပိုင်းက ခပ်များများဖြစ်နေတာပေါ့။ အသက်ငယ်ပိုင်းတွေကို အစားထိုးပြီး ခန့်အပ်တယ်လို့ပဲ မြင်ပါတယ်” ဟု ဆိုသည်။

တိုင်းရင်းသားအရေးလေ့လာသူတဦးကမူ UWSA သည် ခေါင်းဆောင်အသစ်များကို AA နှင့်သာမက အခြားသော မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံနိုင်ရန် ကြိုးပမ်းနေကြောင်း ၊ ခေါင်းဆောင်အသစ်များအား အခြား EAO ခေါင်းဆောင်များနှင့် ရင်းနှီးမှုရစေရန် လုပ်ဆောင်ပေးနေကြောင်းဆိုသည်။
၎င်းက“EAO ခေါင်းဆောင်တွေနဲ့ လူငယ်ခေါင်းဆောင်တွေ ရင်းနှီးဖို့လိုတယ်ဆိုပြီး တွေ့ပေးတာပါ။ AA ခေါင်းဆောင်တွေ ကလည်း လူငယ်တွေ ဆိုတော့ UWSA နဲ့က လှုပ်ရှားမှု ပိုနီးစပ်လာမယ်။ UWSA က AA ခေါင်းဆောင်တွေကို အလေးထားဆက်ဆံကြတယ်။ အခြား EAO တွေမှာ ပင်လယ်ထွက်ပေါက်မရှိပေမယ့် AA ဟာ ပင်လယ်ထွက်ပေါက် ရနိုင်ချေများတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်နေတယ်” ဟု ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် AA သည် UWSA ထံမှ လက်နက်ခဲယမ်း ပိုမိုရနိုင်ရန် ရည်ရွယ်ကာ UWSA ခေါင်းဆောင်များနှင့် ရင်းနှီးမှု ပိုယူခြင်းဖြစ်နိုင်ကြောင်း လည်းသုံးသပ်သည်။

၎င်းကဆက်၍ “AA က အရင်က KIA ဆီက လက်နက်ခဲယမ်းရတယ်။ အခုကျတော့ KIA က PDF တွေကို လက်နက်ပေးနေရတယ်။ သူကိုယ်တိုင်လည်း တိုက်နေရတော့ AA ကို အရင်ကလောက် လက်နက်ခဲယမ်း မပေးနိုင်တော့ဘူး။ ဒါကြောင့် AA အနေနဲ့ လက်နက်ခဲယမ်းရနိုင်ဖို့ လမ်းကြောင်းအသစ်ရှာတာ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
အမည်မဖော်လိုသည့် ရခိုင်နိုင်ငံရေးသမားတဦးကမူ AA သည် စစ်ရေး နှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် UWSA ခေါင်းဆောင်များအား သွားရောက် တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
၎င်းက “စစ်ကောင်စီနဲ့ ဆက်ဆံရေးက အခုဆိုရင် လုံးဝကို ပျက်ဆီးသွားပြီပေါ့။ အဲဒါက NUG (အမျိုးသားညီညွတ် ရေးအစိုးရ) နဲ့ ULA/AA ဆွေးနွေးတာတွေကို မခံမရပ်နိုင်တဲ့ ကိစ္စလည်းပါတယ်ပေါ့။ ကျနော့်အမြင်တော့ ULA/AA နဲ့ စစ်ကောင်စီကြားမှာ ဘာမှ ကတိကဝတ်တွေလည်း မရှိဘူး။ ဆွေးနွေးမှုတွေ လည်းမရှိဘူး။ “ဝ” တို့ ၊ မိုင်းလားတို့ ကချင်တို့ ဆိုတာက သူ့မှာ မလွှဲသာတဲ့ အစကတည်းက မြေတောင်မြှောက် ပေးလိုက်တဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်တယ်။ ဒါကြောင့် မဟာမိတ် ဆက်ဆံရေးအတွက် သွားတာပဲ ဖြစ်တယ်။ အဲဒီလို သွားတဲ့ အတွက် စစ်ကောင်စီနဲ့ ဆက်ဆံရေးပျက်မှာလည်း သူစိုးရိမ်မှာ မဟုတ်ဘူး။ ULA/AA က ဘယ်သူပဲ ငြိုငြင်ငြိုငြင် သူ့လမ်းကို သူဆက်လျှောက်သွား လိမ့်မယ်လို့ ပဲမြင်တယ်” ဟု ဆိုသည်။