ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်၏ အရှေ့ဘက် တဲမဝ ကျေးရွာအနီးရှိ စစ်ကောင်စီ စခန်းကုန်းအား ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များက ယနေ့ မနက် ၃ နာရီ အချိန်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီ၏ မီးဝ ဗျူဟာကုန်းနှင့် တင်းမကျေးရွာ တောင်ရှည် တောင်တန်းတွင် အထိုင်ချထားသည့် စစ်ကောင်စီ ဗျူဟာကုန်းများမှ လက်နက်ကြီးများ တောက်လျှောက် ပစ်ကူ ပေးနေကြောင်းလည်း အနီးဝန်းကျင်ရှိ ကျေးရွာသားများက ပြောသည်။
ပလက်ဝဒေသခံ ကျေးရွာသားတဦးက “လက်နက်ကြီးထုသံတွေ မနက်ကတည်းက ကြားရတာ။ အဲဒီ တဲမဝဘက်က တတောလုံး ဆူညံနေတာပဲ။ AA က တဲမဝစခန်းကုန်းကို သိမ်းလိုက်ပြီလို့လည်း ကြားတယ်။ အဲဒီဘက်က ရွာတွေလည်း မရှိတော့ဘူး ဆိုတော့ သေချာတော့ မသိရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင်တွင်လည်း အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာအား ဂျက်ဖိုက်တာ ၁ စီးနှင့်အတူ တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်နေကြောင်းလည်း အနီးဝန်းကျင်ရှိ ဒေသခံကျေးရွာသား များက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ် တဲမဝကျေးရွာအနီးရှိ စခန်းကုန်းသည် ပလက်ဝ- ကျောက်တော် ကားလမ်းမပေါ်တွင် တည်ရှိပြီး ယင်းကားလမ်းမှာ ပြီးခဲ့သည့် ရခိုင်တိုက်ပွဲကာလများတွင် ကားလမ်းစီမံကိန်း အပြီးမသတ်နိုင်ခဲ့ဘဲ ကျောက်ကြမ်းလမ်း အဆင့်သာ ရှိနေသေးသော လမ်းမတခုဖြစ်သည်။
သြဂုတ်လကတည်းက AA နှင့် စစ်ကောင်စီတပ်တို့သည် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲများ တောက်လျောက် ဖြစ်ပွားနေပြီး AA တပ်ဖွဲ့က ပလက်ဝမြို့နယ်အတွင်း ရှေ့တန်းစခန်း ကုန်း ၅ ခုနှင့် မောင်တောမြို့နယ်အတွင်းက စခန်းကုန်း၂ ခုတို့ကို သိမ်းပိုင်နိုင်ခဲ့သလို လက်နက် အမြောက်မြားလည်း သိမ်း ဆည်း ရမိထားသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီတပ်သည် စခန်းကုန်းများ ကျသွားသည့်အတွက် ရခိုင်ပြည်နယ်အတွင်းသို့ စစ်သင်္ဘောကြီးများ၊ စစ်ကားများ ပို့ဆောင်ကာ စစ်အင်အား လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ တိုက်ပွဲများ နေရာ အနှံ့တွင် ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ကြောင်းလည်း AA က စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် အရေးပေါ် သတိပေးစာ တစောင် ထုတ်ထားသည်။
ထိုသို့ တိုက်ပွဲကြီးများ နေရာအနှံ့တွင် ဖြစ်ပေါ်လာနိုင်သည့်အတွက် ကုန်းလမ်း၊ ရေးလမ်းတွင် သွားလာနေသည့် မော်တော် ကားများနှင့် စက်လှေများကို ကန့်သတ် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး ခရီးသွားပြည်သူများနှင့် ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရခိုင် ပြည်သူ့ အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် ကြိုတင်သတင်းပို့ပြီး သွားလာကြရန်နှင့် သတင်း ပေးပို့ ခြင်း မရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည် မဟုတ်ကြောင်းလည်း အရေးပေါ် သတိပေးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
You may also like these stories :
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း ၅ ခု AA သိမ်းပိုက်
မောင်တောရှိ တပ်စခန်း ၂ ခုကို AA ဝင်တိုက်၊ တိုက်ပွဲ ပြင်းထန်နေ
အာဏာသိမ်းပြီး ခြေကုပ်စခန်း ၉၀ ခန့် စစ်ကောင်စီဆုံးရှုံး